သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ ကြာ ပြန်ပြောင်းအမှတ်တရ


ရှစ်လေးလုံး အနှစ်(၃၀)ပြည့် အခမ်းအနား- ရန်ကုန်တက္ကသိုလ်တွင်းကျင်းပ

၈၈၈၈ အရေးတော်ပုံကြီးဟာ သြဂုတ်လ(၈)ရက် ဒီကနေ့ဆိုရင် အနှစ်(၃၀)ပြည့်လာပြီ ဖြစ်ပါတယ်။ ရှစ်လေးလုံး လူထုအုံကြွမှု ကာလအတွင်း မြန်မာ့နိုင်ငံရေးမှာ အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တချို့ကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

၁၉၈၇ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလအစိုးရက ကျပ်ငွေစက္ကူကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီး ပြည်သူတွေပြေလည်အောင် ပြန်ပြီး မဖြေရှင်းပေးခဲ့တာရယ်၊ ၁၉၈၈ မတ်လမှာ RIT စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို လုံထိန်းတပ်တွေက ပစ်ခတ်သေဆုံးသွားတဲ့ မကြေနပ်မှု တွေကြောင့် နောက်ဆုံးမှာ ၈၈၈၈ လူထုအုံကြွမှုကြီး ပေါ်လာရတာဖြစ်ပါတယ်။

၈၈ မတ်လကစလို့ ရန်ကုန်တက္ကသိုလ်ဝင်းထဲ စတင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ဆန္ဒပြပွဲတွေဟာ မေလ ကျောင်းပြန်ဖွင့်ချိန်မှာ အရှိန်မြင့်လာခဲ့ ပါတယ်။ တိုင်းပြည်မှာ အခုလို အကြပ်အတည်းနဲ့ရင်ဆိုင်နေရချိန် ၁၉၈၈ ဂျူလိုင်လ (၂၅)ရက်နေ့မှာတော့ မဆလပါတီဥက္ကဌ ဦးနေဝင်းက သူရာထူးက နုတ်ထွက်မယ်လို့ တိုင်းပြည်ကို ကြေညာလိုက်ပါတယ်။

"ကျနော်နိုင်ငံရေးက အနားယူတော့မယ်။ အနားယူတော့မယ်ဆိုပေမယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အပြည့်ကွပ်ကဲနိုင်တဲ့အထိတော့ ကျနော်တို့ နိုင်ငံကို မပျက်မဆီးရအောင် ကသောင်းကနင်း မဖြစ်အောင်ဆက်ပြီးတော့ ထိန်းရပါလိမ့်မယ်။ အဲဒီထိန်းတဲ့အထဲမှာ တိုင်းပြည်တပြည်လုံး.. လူထုကို ကျနော်သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင် တပ်ကိုသုံးလို့ရှိရင်တော့ ဆူတဲ့လူတွေ မသက်သာဘူးလို့သာ မှတ်ပေတော့လို့"

အဲဒီလိုအချိန်မှာ မိခင်ဒေါ်ခင်ကြည် နာမကျန်းဖြစ်နေတာကြောင့် တိုင်းပြည်ကို ခေတ္တပြန်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံ အနောက်ဖက်မုဒ် လူထုနဲ့တွေ့ဆုံပွဲမှာ ပြောတာကတော့ -

"ဒီအရေးအခင်းက တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်။ ကျမအနေနဲ့ ဖေဖေ့ရဲ့သမီး လုပ်နေပြီးတော့ ခေါင်းရှောင်နေလို့ မဖြစ်ပါဘူး။ ဒီအရေးအခင်းဟာ တကယ်လို့ ဒုတိယလွတ်လပ်ရေး တိုက်ပွဲကြီးလို့ဆိုလည်း ဖြစ်ပါတယ်။"

အခုလို လူထုလှုပ်ရှားမှုကြီး အတိုင်းတာတခုထိ အောင်မြင်လာတာဟာ ပြည်သူတွေရဲ့ ပါဝင်မှု၊ ဝန်းရံမှုကြောင့်ဖြစ်တယ်လို့ ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင်က ၈၈၈၈ ကာလအတွင်းပြောခဲ့ပါတယ်။

"ပြည်သူတရပ်လုံးကို ကျနော်တို့ အားကိုးတယ်၊ ယုံကြည်တယ်၊ လေးစားတယ်။ ပြည်သူမပါပဲနဲ့ ကျောင်းသားကြီးပဲ တိုက်လာတဲ့ ပွဲတွေထဲမှာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ရဘူး။ ၆၂ ခုအရေးအခင်း၊ ဦးသန့်အရေး၊ မှိုင်းရာပြည့် ကျနော်တို့ကျောင်းသား ညီအကိုတွေ… အကိုတော်များပေါ့ခင်ဗျာ .. ကျဆုံးခဲ့ရတယ်။ သူတို့ရဲ့ သင်ခန်းစာကို ကျနော်တို့အများကြီး ယူခဲ့ရပြီးပါပြီ ။ ယနေ့ကျနော်တို့ အောင်မြင်တယ်ဆိုတဲ့ နေရာမှာလည်း ပြည်သူ့အင်အား ပါလာလို့ပါ။ ဒီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ .. ကျနော်တို့နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို လောင်းရိပ်ပေးနေတဲ့ သစ်ပင်ကြီးပေါ့ခင်ဗျာ။ အဲဒီသစ်ပင်ကြီးဟာ အမြစ်ကလဲသွားအောင် ကျနော်တို့အားလုံး ၀ိုင်းဝန်းပြီးတော့ တိုက်ဖျက်ရလိမ့်မယ်။"

၁၉၈၈ စက်တင်ဘာ(၁၈)ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်း ရှင်းလင်းခဲ့ပါတယ်။

" (ပစ်ခတ်သံများ) ……… တယောက်သေသွားပြီ ....ဟာ နောက်၂ ယောက် ... ဟာ ရက်စက်တယ်ကွာ.."

ကျောင်းသားတွေ ဆန္ဒ စပြချိန်တုန်းက မဆလ တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေးကို တောင်းဆိုခဲ့ကြပြီး နောက်ပိုင်းမှာ ပါတီစုံစနစ်နဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးရေးကို တောင်းဆိုလာကြပေမယ့် အဲဒီနောက်ပိုင်းမှာ ကြားဖြတ်အစိုးရဖွဲ့စည်းရေးအထိ တောင်းဆိုလာကြပါတယ်။

"ယာယီအစိုးရဖွဲ့စည်းရေး... တို့အရေး .. တို့အရေး …

အရေးတော်ပုံ.. အောင်ရမည် အောင်ရမည်။"

၁၉၈၈ စက်တင်ဘာလထဲ NLD ပါတီကိုတည်ထောင်ခဲ့ပြီး၊ နယ်ဘက်ကိုသွားတဲ့ ခရီးစဉ်အတွင်း ဒီမိုကရေစီလိုချင်ရင် ပြည်သူတွေပါဝင်ဖို့ ဒေါ်ဆောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

" ဒီ လူများစုကြီး ပါလာနိုင်မှသာလျှင် ကျမတို့ တိုင်းပြည်ဟာ တိုးတက်မှာပဲ။ ဒါကြောင့် ကိုယ့်တိုင်းပြည်တိုးတက်မှ ကိုယ်လည်း တိုးတက်နိုင်ပါတယ်။ အားလုံးဟာ ၀ိုင်းဝန်းပြီးတော့ တတ်နိုင်သမျှ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်ရေးအတွက်၊ ကိုယ့်လူမျိုး တိုးတက်ရေးအတွက်၊ ကိုယ့်တိုင်းပြည် ချမ်းသာရေးအတွက် ကူညီကြပါလို့ ကျမမေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။"

အခုဆိုရင် ၈၈၈၈ အရေးတော်ပုံကြီး အနှစ်(၃၀)ပြည့်လာပြီ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က မြန်မာမိသားစုတွေ ကတော့ သြဂုတ်လ(၇)ရက်ညနေ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနေအိမ်မှာ ၈၈၈၈ အမှတ်တရ အခမ်းအနား ကျင်းပရတာနဲ့ ပတ်သက်လို့ ၈၈၈၈ မှာပါဝင်ခဲ့တဲ့ ကိုယဉ်ထွေးက အခုလိုပြောပါတယ်။

"အနှစ်(၃၀)အတွင်းမှာ သေတဲ့လူသေ.. ကြေတဲ့လူကြေ၊ မိတကွဲ ဖတကွဲနဲ့ အားလုံးကို စွန့်လွှတ်ပြီးတော့ ကျနော်တို့ တိုက်ပွဲဝင်ခဲ့ကြတယ်။ အခု ကျနော်တို့လိုချင်တဲ့ ပြည်သူ့အစိုးရ တက်လာခဲ့တယ်။ စစ်အစိုးရပြုတ်ကျပြီး ပြည်သူ့အစိုးရ တက်လာခဲ့တယ်။ ဒါပေမယ့် မျှော်မှန်းနေတဲ့ ဒီမိုကရေစီဆိုတဲ့ အရသာကို အခုအချိန်အထိ မမြင်ရသေးဘူး။ ဒါကြောင့်မို့လို့ တိုင်းပြည်ပြောင်းလဲဖို့ ကျနော်တို့ တထောင့်တနေရာကနေ ဘာလုပ်ပေးနိုင်သလဲပေါ့ဗျာ၊ အဲဒီ ဆန္ဒလေးနဲ့ ဒီပွဲကို ကျနော်တို့ လုပ်ရခြင်း ဖြစ်ပါတယ်ခင်ဗျ။"

မြန်မာနိုင်ငံမှာတော့ ရန်ကုန်တက္ကသိုလ်က အနှစ်(၃၀)ပြည့် ၈၈၈၈ အခမ်းအနားမှာ ဒီကနေ့ စာတမ်းဖတ်ပွဲကျင်းပသွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG