သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈၈၈ လုံး အမှတ်တရ ပြန်ပြောင်းသတိတရ


၈၈၈၈ နှစ် - ၃၀ ပြည့် သတင်းပြန်ကြားရေးနှင့် မှတ်တမ်း ဆပ်ကော်မတီ
၈၈၈၈ နှစ် - ၃၀ ပြည့် သတင်းပြန်ကြားရေးနှင့် မှတ်တမ်း ဆပ်ကော်မတီ

၈၈၈၈ လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့တဲ့ အကျိုးဆက်ကြောင့်၊ မြန်မာ့နိုင်ငံရေးမှာ ဒီကနေ့ အပြောင်းအလဲတွေဖြစ်လာတာကို မြင်တွေ့နေရပြီ ဖြစ်ကြောင်း တချိန်က အဝေးရောက် ညွန့်ပေါင်အစိုးရရဲ့ဝန်ကြီးချုပ်က ပြောဆိုလိုက်သလို၊ ၈၈၈၈ လှုပ်ရှားမှုရဲ့ ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ဆိုရင် ခေါင်းဆောင်တွေကြား အတ္တမာနတွေ လျော့ချပြီး ညီညွတ်စွာနဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုပြီလို့ ၈၈၈၈ လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဆရာဝန်တဦးကလည်း ပြောကြားလိုက်ပါတယ်။ ၈၈၈၈ အဖြစ်အပျက် အမှတ်တရနဲ့ ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။

မြန်မာ့သမိုင်းမှာ အခုချိန်ထိ အကြီးကျယ်ဆုံးဖြစ်ခဲ့တဲ့ လူထုအုံကြွမှုကတော့ ၈၈၈၈ လှုပ်ရှားမှုပဲဖြစ်ပြီး ဒီကနေ့ အချိန်ထိဆိုရင် အနှစ်(၃၀) ရှိလာပြီ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်း ပြည်ပမှာ NCGUB အဝေးရောက် ညွန့်ပေါင်အစိုးရရဲ့ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဒေါက်တာစိန်ဝင်းဟာ ၁၉၈၈ ကာလတွေတုန်းက ရန်ကုန်တက္ကသိုလ် သချာၤဌာနက ကျောင်းဆရာတဦးဖြစ်ပါတယ်။

"ကျနော်ကတော့ အဲဒီမှာ ကျောင်းဆရာဆိုတော့ စာသင်ဖို့အတွက် Schedule တွေရှိတာပေါ့၊ ရှိတော့ သွားတယ်၊ သွားတော့ classroom မှာ လူမရှိသလောက်ပဲ။ အထူးသဖြင့်တော့ အဲဒီအခြေအနေက တော်တော်လေး ပြင်းထန်တဲ့အခြေအနေဆိုတော့ ဆန္ဒပြကြတယ်၊ ပြောကြတယ်၊ ဟောကြတယ်၊ အဲလိုတော့ တွေ့ကြုံခဲ့ရတယ်။ လူတိုင်းက တော်တော်များများ မဆလ ပါတီစနစ်ကို စိတ်ပျက်နေကြတယ်။ အထူးသဖြင့် ငွေစက္ကူတွေ သိမ်းလိုက်တဲ့အချိန်မှာ အတော်ကြီး ဒုက္ခရောက်ကြတယ်။ ဆိုတော့ မဆလ ဖျက်သိမ်းရေး အဲဒါကတော့ အောင်မြင်ပါတယ်။ ဒီမိုကရေစီရရှိရေးဆိုတာကတော့ ကျနော်တို့ ဒီနေ့အထိ ဒီမိုကရေစီ မရရှိသေးဘူး။"

၁၉၈၈ မတ်လကနေ စက်တင်ဘာလထိ ၆ လနီးပါးကြာလာတဲ့ လှုပ်ရှားမှုကိုတော့ စက်တင်ဘာ(၁၈)ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းရင်း ဖြိုခွဲလိုက်ချိန်မှာ ပစ်ခတ်သေဆုံးမှုတွေ ဖြစ်လာရပါတယ်။ လက်ရှိ ကနေဒါနိုင်ငံ Alberta ဆေးကောလိပ်မှာ ကထိကအဖြစ် တာဝန်ထမ်းနေတဲ့ ဒေါက်တာ ခင်စောဝင်းဟာ ၈၈၈၈ ကာလတုန်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျဆရာဝန်တဦးဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်တနေ့အဖြစ်အပျက်ကို ပြန်ပြောလာပါတယ်။

"အဲဒီတော့ ဆေးရုံကို မရောက်သေးဘူး ဆူးလေဘုရားလမ်းလောက်ကို ရောက်ကတည်းကိုက စပြီးတော့ ပစ်နေပြီပေါ့နော် သေနတ်သံတွေကြားနေရပြီ လူတွေလည်းထိခိုက်တာတွေ နည်းနည်းပါးပါးတွေ့နေရပြီ အဲဒီတော့ ကျမတို့လည်း တတ်နိုင်သမျှ ပုန်းပြီးတော့ ဆေးရုံကိုသွားတော့ ရောက်သွားတယ်။ အဲလိုရောက်သွားတဲ့အချိန်မှာ အရေးပေါ်မှာ တချို့ကားတွေနဲ့ လူနာတွေသယ်လာတာကို ကြုံရတယ်ပေါ့နော်။ လူနာတင်ကားနဲ့လည်း သေနတ်ဒဏ်ရာနဲ့ သွေးအလိမ်းလိမ်းနဲ့ လဲနေတဲ့ လူနာတွေကိုသွားကောက်တယ်၊ အဲဒီအချိန်မှာ ကျမမှတ်မိတာကတော့ အဲဒီတုန်းကတော့ မဝင်းမော်ဦးကိုတော့ မသိသေးဘူးပေါ့နော် မဝင်းမော်ဦးကိုသွားပြီးတော့ ပြေးကောက်တာက အဲဒီအချိန်တုန်းက အလုပ်သင်ဆရာဝန်လေး ၂ ယောက်ပါ သူတို့က တခါတည်း ကလေးမလေးကို သယ်လာပြီးတော့ တတ်နိုင်သမျှ ပွေ့ချီလာပြီးတော့ ဆေးရုံကို ဆေးရုံကားနဲ့ ရောက်လာတယ်။ ရောက်လာတော့ အသက်မရှိတော့ဘူး ။ ဒီ အလုပ်သင်ဆရာဝန်လေး ၂ ယောက်ကလည်း တော်တော်လေးကို စိတ်မကောင်းဘူး ဘေးကဆရာဝန်တွေကလည်း တကယ့်ကို မျက်ရည်စက်လက်နဲ့ အော်.. ဖြစ်ရလေ ၊ အလုပ်သင်ဆရာဝန်လေး တွေ ဂျူတီကုတ်မှာလည်း သွေးတွေနဲ့ ငါတို့မကျေဘူး လူမဆန်တဲ့အကောင်တွေ..ရက်ရက်စက်စက် အပြစ်မရှိသူတွေကို သတ်တယ်ဆိုပြီးတော့ အဲလိုဖြစ်နေတဲ့ မြင်ကွင်းလေးကတော့ ကျမ ဘယ်တော့မှ မမေ့နိုင်ဘူးပေါ့နော်။"

၈၈၈၈ လှုပ်ရှားမှုကြီးရဲ့ အကျိုးဆက်တွေကြောင့် ဒီကနေ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ကြုံလာရပြီဆိုပေမယ့် တကယ့် ဒီမိုကရေစီ ပန်းတိုင်းကို ရောက်နိုင်ဖို့ဆိုရင် ညီညွတ်မှုတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုတယ်လို့ ဒေါက်တာစိန်ဝင်းက သုံးသပ်ပါတယ်။

"၈၈ ရဲ့ နောက်ပိုင်းပေါ်လာတဲ့ ဖြစ်ပျက်မှုတွေ အကုန်လုံးဟာ အကျိုးရလဒ်ကိုတော့များစေတာကတော့ သေချာတယ်။ ၁၉၉၀ ရွေးကောက်ပွဲကလည်း ၈၈ ရဲ့ အကျိုးဆက်တွေပဲ။အခုအထိ ၈၈ ရဲ့ အကျိုးဆက်တွေပဲ။ ဒီအကျိုးဆက်တွေမှာ အဖက်ဖက်ကနေပြီးတော့ တပ်မတော်ရော ကျန်တဲ့အဖွဲ့တွေရော တိုင်းပြည်အတွက် ခေါင်းထဲမှာထည့်ပြီးတော့ ဘယ်လိုကောင်းအောင်လုပ်မယ် ။ ဒီကိစ္စကို ဒီလိုထားပေမယ့်လို့ နောင်တချိန်မှာ ဘယ်လိုလုပ်မယ် စသည်အားဖြင့်ပေါ့နော် ကိုယ်ကျိုးကို ဖယ်ပြီးတော့ စဉ်းစား လုပ်ကိုင်ရင်တော့ ပိုကောင်းတဲ့ အကျိုးဆက်ရမယ်။ ဒါပေမယ့် ၈၈ ရဲ့ နောက်ပိုင်းရတဲ့ အကျိုးဆက်တွေကတော့ ကောင်းတဲ့ အကျိုးဆက်တွေပဲ အဲဒီကနေစပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တာကို။"

ဒီမိုကရေစီပန်းတိုင်းကို ရောက်နိုင်ဖို့ဆိုရင် ၈၈ မျိုးဆက်တွေအပါအဝင် မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှိဖို့လိုတယ်လို့ ဒေါက်တာ ခင်စောဝင်းက တိုက်တွန်းပါတယ်။

"အကုန်လုံးဟာ အားလုံးညီညွတ်ကြဖို့လိုတယ်။ အဲဒီတော့ မတူညီတာတွေ စိတ်သဘောကွဲလွဲတာတွေကို ပုဂ္ဂိုလ်ရေးအရ ခံစားချက်ရှိပေမယ့် ဒါကို ဘေးဖယ်ထားပြီးတော့ ဒီမိုကရေစီကိုတော့လိုချင်တယ် ဒါကိုယ်က ဘေးကနေ ဘာမှ ပါဝင်ကြိုးစားမှုမရှိလို့ကတော့ ပါးစပ်ကပဲပြောနေမယ်၊ သူများကို ဝေဖန်နေမယ် ။ သူများကို ကဲ့ရဲ့နေမယ်ဆိုရင်တော့ ကျမတို့က ဒီမိုကရေစီနဲ့ ဝေးနေဦးမှာပဲလေ။"

အနှစ်(၃၀) ရှိလာပြီဖြစ်တဲ့ ၈၈၈၈ အခမ်းအနားကို ရန်ကုန်တက္ကသိုလ်(ပင်မ) အပန်းဖြေရိပ်သာ RC ထဲမှာ ၈၈ နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် ကျင်းပခွင့်ရပြီး သြဂုတ်လ(၆)ရက်ကနေ (၈)ရက်နေ့ထိ ၃ ရက်တာကျင်းပနေတာဖြစ်ပါတယ်။

၈၈၈၈ လုံး အမှတ်တရ ပြန်ပြောင်းသတိတရ
please wait

No media source currently available

0:00 0:05:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG