သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံးနှစ်ပတ်လည် အများပြည်သူနေရာမှာ ပထမဆုံးအကြိမ်ကျင်းပမည် 


၈လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှု အောက်မေ့ဖွယ်အခမ်းအနား ချီတက်ကြစဉ်။ (သြဂုတ် ၈၊ ၂၀၁၄)
၈လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှု အောက်မေ့ဖွယ်အခမ်းအနား ချီတက်ကြစဉ်။ (သြဂုတ် ၈၊ ၂၀၁၄)

ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ၃၁နှစ်ပြည့် နှစ်ပတ်လည်ကို ရန်ကုန်မြို့ လယ် မဟာဗန္ဓုလပန်းခြံထဲ အများပိုင်နေရာမှာ ပထမဆုံးကျင်းပဖို့စီစဉ်ထားပါတယ်။ ရည်မှန်းထားတဲ့ ဒီမိုကရေစီပန်းတိုင်မရသေးပေမဲ့ ဒီနှစ်လို ပြည်သူပိုင်နေရာမှာ ကျင်းပလိုက်တာဟာ ၈၈မျိုးဆက်တွေရဲ့ တောင်းဆိုချက်တွေကိုဆက်ပြီး အကောင်အထည်ဖော်မယ်ဆိုတာ အသိပေးတဲ့ သဘောဖြစ်တယ်လို့ ပွဲဖြစ်မြောက်ဖို့ပါဝင်သူတွေကပြောလိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။

ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားတွေရဲ့ ကြေညာစာတမ်းကို ဒီအခမ်းအနားမှာ ဖတ်သွားဖို့ရှိပြီး အဖွဲ့အစည်းမျိုးစုံကပေးလာတဲ့ သဝဏ်လွှာတွေကိုလည်း မှတ်တမ်းတင်သွားမှာပါ။ ဒီပွဲအတွက်ဘယ်အဖွဲ့အစည်း ကိုမှသီးခြား ဖိတ်တာမျိုးမလုပ်ထားဘဲ ဘယ်သူမဆိုလွတ်လွတ်လပ်လပ် ပါဝင်နိုင်မှာပါ။ တနိုင်ငံလုံးပါဝင်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုဖြစ်လို့ လူအများပါဝင်နိုင်အောင် ဒီနှစ်ကစပြီး အများပိုင်နေရာမှာစလုပ်သွားမှာလို့ ရှစ်လေးလုံး ၃၁နှစ်ပြည့် အခမ်းအနားကျင်းပရေးကော်မတီဝင် ဖြစ်တဲ့ ဦးတိုးကျော်လှိုင်က ဗွီအိုအေကိုပြောပါတယ်။

“ တောက်လျှောက်မဖြစ်ဖြစ်အောင် ကျနော်တို့ ကြိုးစားပြီးတော့ နှစ်စဉ်ကျင်းပလာခဲ့တာပေါ့နော်။ အဲဒီတော့ တကယ်တမ်းပြောရရင်တော့ နှစ်၃၀ကျော်လာပြီဗျ ၊၃၁ရောက်လာပြီ လူထုကရွေးချယ်တင်မြှောက်ထားတဲ့အစိုးရ လက်ထက်မှာ ကျနော်တို့က ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံနဲ့ ပတ်သက်ပြီးတော့ တစုံတရာ အသိအမှတ်ပြုတဲ့ ပုံစံမျိုးတခုတော့ လိုလားတာပေါ့နော်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဒီလိုပဲဆက်လက်ပြီး ကျင်းပပြီးတော့ ကျနော်တို့ကတော့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံရဲ့အရေးပါမှုကို ကျနော်တို့ ထင်ဟပ်နေရဦးမှာ ဖြစ်ပါတယ်။”

ဒီလိုအများပြည်သူနေရာမှာ ရှစ်လေးလုံးနှစ်ပတ်လည်လုပ်တာဟာ ဒီမိုကရေစီအရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ ပြည့်ဝအောင် ဆက်ပြီး အကောင်အထည် ဖော်သွားမယ်ဆိုတာ အားလုံးကို အသိပေးလိုက်တဲ့ သဘောထားလို့ ဒီပွဲကို တက်ရောက်မယ့် ရှစ်ဆယ့်ရှစ် လှုပ်ရှားမှုကျောင်းသား တဦးဖြစ်ခဲ့တဲ့ ကိုမြအေးက အခုလိုပြောပါတယ်။

“ ပထမဆုံးအကြိမ်ကျင်းပတဲ့နှစ် လို့ ဒီနှစ်က ပြောလို့ရပါတယ်။ အဲဒါကလည်း ကျနော်တု့ိ ၈၈မျိုးဆက်တွေ အားလုံး အယူအဆတွေ ကွဲမယ်၊ သဘောထားတွေ ဘယ်လောက်ပဲကွဲကွဲ ကျနော်တို့ ရှစ်လေးလုံးရည်မှန်းချက် ပန်းတိုင်ကိုတော့ လျှောက်တဲ့အခါမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့၊ အစွမ်းရှိသလောက် လျှောက်လမ်း နေကြဆဲဖြစ်တယ် ဆိုတာကို ပြည်သူလူထုနဲ့တသားတည်း ဖြစ်ကြောင်းကိုလည်းပြသချင်လို့ မဟာဗန္ဓုလပန်းခြံမှာ ရွေးချယ်ပြီး လုပ်တဲ့အကြောင်းလည်း ဖြစ်ပါတယ်။”

မဟာဗန္ဓုလပန်းခြံထဲလုပ်မယ့် ဒီ ရှစ်လေးလုံးနှစ်ပတ်လည်ကို မနက် ၉နာရီခွဲမှာစပြီး တေးရေးနိုင်မြန်မာ အဖွဲ့က နိုင်ငံတော်သီချင်းနဲ့ ဂုဏ်ပြုမှာပါ။ ရှစ်လေးလုံးနဲ့ပတ်သက်တဲ့ ကာတွန်းပြကွက်တွေနဲ့ မှတ်တမ်း ဓာတ်ပုံတချို့ကိုလည်း ပြသွားမှာပါ။ ရှစ်လေးလုံးအရေးတော်ပုံဟာ မြန်မာနိုင်ငံကို ၂၆နှစ် အုပ်ချုပ်ခဲ့တဲ့ တပါတီအာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ကျောင်းသားတွေကဦးဆောင်ပြီး လူမျိုးစုံ ပါဝင်ဖြုတ်ချနိုင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတခုဖြစ်ပါတယ်။

တိုက်ပွဲဝင်စက အာဏာရှင်ပြုတ်ကျဖို့အဓိက ရည်ရွယ်ခဲ့ပေမဲ့ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း ၂၀၁၃လောက်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုသွားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ ဆိုတဲ့ရည်ရွယ်ချက်တွေအတွက် ၈၈မျိုးဆက်တွေက ဆက်ကြိုးစားနေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG