သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၃၁ နှစ်မြောက် ၈၈၈၈ လူထုလှုပ်ရှားမှု ပြန်ပြောင်းအမှတ်တရ


မှတ်တမ်းဓာတ်ပုံ- ၈ လေးလုံး အထိမ်းအမှတ်အခမ်းအနား။ ၂၀၁၈
မှတ်တမ်းဓာတ်ပုံ- ၈ လေးလုံး အထိမ်းအမှတ်အခမ်းအနား။ ၂၀၁၈

ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့ဟာ ၃၁ နှစ်မြောက်ရှစ်လေးလုံး လူထုလှုပ်ရှားမှု အထိမ်းအမှတ်ဖြစ်ပါတယ်။ တပါတီ အာဏာရှင်စနစ် ပြုတ်ကျဖို့ မြန်မာတနိုင်ငံလုံးက ပြည်သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုဟာ နိုင်ငံရဲ့အလှည့်အပြောင်းဖြစ်ဖို့ လူထုရဲ့အားကို ဟန့်တားလို့ မရဘူးဆိုတဲ့ ယုံကြည်ချက် ပေးလိုက်တာဖြစ်ကြောင်း ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။၁၉၈၈ခုနှစ် သြဂုတ်လက စတင်ခဲ့တဲ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကို စစ်တပ်ကအကြမ်းဖက်ဖြိုခွဲပြီး စစ်အာဏာသိမ်းတာကို ရင်ဆိုင်ခဲ့ရတဲ့ ၈၈မျိုးဆက်တွေရဲ့ မေ့မရတဲ့ အတွေ့အကြုံတချို့ကို မအင်ကြင်းနိုင်က စုစည်းတင်ဆက်ထားပါတယ်။

“ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။ အဲတော့ နောင်ကို ဆူဆူပူပူ လုပ်မယ်ဆိုရင်တော့ရင် တပ်ကို လုပ်လို့ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့လို့ ကျနော် ဒီကနေ ပြောပါတယ်။ ”

ဒါကတော့ မဆလ တပါတီအာဏာရှင်အစိုးရကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းက ၁၉၈၈ခုနှစ် သြဂုတ်လ မတိုင်ခင်မှာ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွဲမှာဖြစ်တယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ သမိုင်းဝင်မိန့်ခွန်းပါ။

ဒါပေမဲ့လည်း နောက်ဆုံးမှာ ဗိုလ်ချုပ်နေဝင်း ရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့ အထိ မြန်မာလူထုရဲ့ ဆန္ဒပြပွဲတွေဟာတွဟာ နိုင်ငံအနှံပေါ်ပေါက်ခဲ့သလို၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်ကို အစွဲပြုပြီး သတ်မှတ်ထားတဲ့ ၈ လေးလုံး လူထုလှုပ်ရှားမှုကြီး ဖြစ်လာခဲ့ပါတယ်။

ဒီလို လူထုဆန္ဒပြပွဲတွေ မတိုင်ခင် ၁၉၈၈ခုနှစ် မတ်လမှာ စတင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးက စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ မြင်ကွင်း သူကိုယ်တိုင် ကြုံတွေ့ခဲ့ရပုံကို အခုလိုပြောပြပါတယ်။

“ ၈ ရက်နေ့ည မြို့တော် ခန်းမမှာ ပစ်တယ်။ ကျနော့်ဘဝမှာ နိုင်ငံရေးထဲကို ခြေစုံပစ်ဖို့ ဝင်ဖို့ထိ စိတ်ဆုံးဖြတ်ပြီးတော့ အဲဒီအချိန်ထိ ကျနော်တို့က မကျေနပ်မှုနဲ့ ချတာ။ နိုင်ငံရေးထဲမှာ လုံး၀ ခြေစုံပစ်ဖို့ ဖြစ်ကြောင်းဖန်လာတာက ၉ ရက်နေ့ပါ။ အဲဒီ ၉ ရက်နေ့မှာ ကျနော်တို့ နားမှာ ရှိတဲ့ ကျနော်တို့ ရပ်ကွက်ထဲမှာ ရှိတဲ့ ၁၂၅ လမ်းမှာဗျ လမ်းကြားလေး ထိပ်မှာပါဘဲဗျ အဘွားကြီး တယောက်က ဈေးသွားဝယ်တဲ့ အခါမှာ အဝေးကြီးကနေ ဘာမှ မဆိုင်တဲ့ အဘွားကြီးကို သေနတ်နဲ့ G 3 ပေါ့ဗျာ အဲဒီခေတ်က အဲဒီဟာနဲ့ ပစ်လိုက်တဲ့ အခါမှာ ခေါင်းတည့်တည့်မှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အဘွားကြီးရဲ့ ကျဆုံးပုံကို မြင်ပြီးတော့ ကျနော် တောက်လျောက် နိုင်ငံရေးထဲ ပါခဲ့တာ။ ကျနော့်ဘ၀ တလျှောက်လုံး ထောင်ကျ တန်းကျတွေ ဒီ နိုင်ငံရေးသမား တယောက် ဖြစ်စေဖို့ အဲဒီ ဖြစ်ရပ်က ကျနော့်ကို အဓိက တွန်းပို့ပေးလိုက်တာလို့ ကျနော်ကတော့ အဲလိုဘဲ ကျနော် ပြန်ပြောချင်ပါတယ်။ ကျနော် ဘယ်တော့မှလည်း မေ့မှာ မဟုတ်ပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့။ ”

မအင်ကြင်းနိုင်။ ။ ဒီလို လူထုဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ဖြစ်ရပ်ကနေ ဘယ်လိုသင်ခန်းစာရလဲရှင့်။

ကိုမြအေး။ ။ အော် ဒီဖြစ်ရပ်တွေကတော့ လူထုက တရားမှုနဲ့ မတရားမှု၊ ဓမ္မနဲ့ အဓမ္မ ကွက်ကွက်ကွင်းကွင်း မြင်သွားတာဘဲလေ။ ကျနော့် အမြင်ကတော့လေ။ အဲဒီပေါ်မှာ လူထုရဲ့ လှုပ်ရှားမှု၊ ပြည်သူလူထုရဲ့ ဒီ အာဏာရှင် စနစ်ကို ရွံရှာ မုန်းတီး စက်ဆုပ်မှုတွေက ကျနော် ထင်ပါတယ် ဒီကနေ့ ထက်ထိ ဒါ တောက်လျောက် ပါလာတာဘဲလေ။ နောက် ဒီစနစ်က ကျနော်တို့ကို ဖျက်စီးလိုက်တယ်ဗျာ။ အားလုံး ကျနော်တို့ မျိုးဆက်တွေ အကုန်လုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အကုန်လုံးကို ချိုးနှိမ်ချလိုက်တယ်။ ဒါတွေ အကုန်လုံးက ကျနော်တို့ဘဲ ခံရတာ မဟုတ်ဘူးလေ။ ပြည်သူ တရပ်လုံးခံစားရတဲ့ အပေါ်မှာ ပြည်သူတွေရဲ့ ပေါက်ကွဲမှုတွေက နိုင်ငံရဲ့ အလှည့်အပြောင်းကြီး တခု ဖြစ်သွားတာဘဲ။ ဒါသည်ပင်လျင် ၈ လေးလုံးရဲ့ တော်လှန်ရေး သင်္ကေတလို့ဘဲ ကျနော် နားလည်ပါတယ်။

၁၉၈၈ခုနှစ် စက်တင်ဘာလမှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို မခံမရပ်နိုင်ဖြစ်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ မြန်မာပြည်နယ်စပ်အနှံထွက်ပြီး တောခိုခဲ့ကြပါတယ်။ အဲဒီမှာ ကျောင်းသားတပ်မတော် ABSDF ကို ဦးဆောင်ခဲ့သူ တဦးဖြစ်ခဲ့တဲ့ ဒေါက်တာနိုင်အောင် က ရှစ်လေးလုံးလှုပ်ရှားမှုမှာ သူကြုံတွေခဲ့ရပုံကို အခုလိုပြောပါတယ်။

“ ဒီ လူထုနည်းနဲ့ ငြိမ်းချမ်းစွာ တောင်းဆိုပြီးတော့ လိုချင်တဲ့ လိုလားမှုတွေကို ပြောနေတဲ့ တချိန်တည်းမှာဘဲ စစ်အာဏာ သိမ်းလိုက်တဲ့ အတွက်ကြောင့် မို့လို့ကော နောက်ပြီးတော့ စစ်အာဏာ မသိမ်းခင်မှာဘဲ ဒီ အဓမ္မ ဖြိုခွဲတာ သေကြေတာ ပျက်စီးရတာတွေ ရှိလာတဲ့အပေါ်မှာ စစ်အာဏာသိမ်းလိုက်တဲ့ အခါကျတော့ ပိုပြီးတော့ မခံချင်စိတ်နဲ့ လူငယ်ပီပီ စွန့်စားနိုင်တဲ့ လူတွေသည် ငါတို့တော့ လက်နက်ကိုင် တော်လှန်မှ ရမယ်၊ ဒါမှဘဲ ဖိအားပေးနိုင်မယ်၊ မဟုတ်မခံ စိတ်နဲ့ဘဲ တောခိုပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်ကြတာပါဘဲ။”

မအင်ကြင်းနိုင်။ ။ အခုဆိုရင် နှစ်ပေါင်း ၃၁ ကြာခဲ့ပြီနောက်မှာ ၈၈မျိုးဆက်တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိလဲလို့ သုံးသပ်လဲရှင့်။

ဒေါက်တာ နိုင်အောင်။။ တကယ်တန်း တွက်ကြည့်တဲ့ အခါကျတော့ အခု ၈၈ မျိုးဆက်လို့ ပြောတဲ့ ၁၉၈၈ လှုပ်ရှားမှုထဲကနေ စပြီး ပါလာတဲ့ ခေါင်းဆောင်မှုအသီးသီးက နေရာကွဲပြားတာတင် မဟုတ်ဘဲနဲ့ အချိန်ကာလ ကွဲပြားမှုတွေ အောက်မှာ ဒီ အတွေးအခေါ်နဲ့ ရပ်တည်ချက်တွေ ကွဲပြားမှု အောက်မှာ တကယ်တန်း ပြောရင် ၈၈ ဆိုတဲ့ မျိုးဆက်ရဲ့ ဦးဆောင်မှုက တနေ့ ရှေ့ အနာဂတ်ကို အပြောင်းအလဲ ဖြစ်စေနိုင်မယ့် အခြား ဦးဆောင်မှု ပုံစံမျိုး အနေနဲ့ စုစုစည်းစည်း ခေါင်းထောင် မလာသေးတာ မပေါ်ထွက်လာသေးတာ တွေ့တယ်။ ဆိုတော့ အဲလို ဖြစ်တဲ့ အားနည်းချက်ထဲမှာလည်း ကျနော်တယောက်ရဲ့ အခန်းကဏ္ဍလည်း ပါချင် ပါမှာပေါ့နော်။ အဲဒီတော့ တချို့လည်း သူနိုင်သလောက် လုပ်နေတာ ရှိတာပေါ့။ ပြောချင်တာကတော့ အနာဂတ် အတွက် အပြောင်းအလဲတွေကို မဟာဗျူဟာကျကျ စဉ်းစားပြီးတော့မှ ကိုယ်ကိုယ်တိုင် အပါအဝင် တက်တက်ကြွကြွ ဦးဆောင်ပေးဖို့နဲ့ မျိုးဆက်သစ်တွေကို မခွဲခြား မဆက်ဆံဘဲနဲ့ ပြောင်းလဲမှု လှုပ်ရှားမှု တရပ်ကို ဦးဆောင် ဖော်ထုတ်ပေးနိုင်မယ့် အနာဂတ် အတွက်ကို ပြင်ဆင် နိုင်မယ့် တက်ကြွတဲ့ ခေါင်းဆောင်မှု တရပ်ကို လုပ်ဖို့ တာဝန်ရှိတယ်လို့ ထင်ပါတယ်။

ဒီကနေ့ ကျရောက်မယ့် ရှစ်လေးလုံး လူထုလှုပ်ရှားမှု ၃၁ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ပြီး ရန်ကုန်မြို့ မြို့တော် ခန်းမနားက မဟာဗန္ဓုလ ပန်းခြံမှာ နံနက် ၉ နာရီကနေ ၁၂ နာရီထိ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီနေရာဟာ၁၉၈၈ခုနှစ် သြဂုတ်လက လူထုဆန္ဒပြပွဲတွေကို စစ်တပ်က သေနတ်နဲ့ ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရလက်ထက် ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့က အများပြည်သူနေရာမှာ ပထမဆုံး အကြိမ် ကျင်းပတာဖြစ်တယ်လို့ ပြောရမှာပါ။ ဒီအခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့လည်း မိန့်ခွန်းအသီးသီးပြောကြားဖို့ရှိသလို အခမ်းအနားထူးခြားချက်အဖြစ် ဒီကနေ့နိုင်ငံရေးအနေအထားအပေါ် ၈၈ မျိုးဆက်တွေရဲ့ တူညီတဲ့ဘုံသဘောထား ကြေညာချက်ကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးက ဖတ်ကြားဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG