သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံးအနှစ် ၃၀ ပြည့်မှသည် အနာဂတ်ခြေလှမ်းသစ်ပြင်ဆင်ဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ တိုက်တွန်း


ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် နှစ်ပတ်လည်လို နိုင်ငံရေး အခမ်းအနားတွေ ကျင်းပတာဟာ အတိတ်ကိုပဲ ပြန်တူးဖေါ်နေတာမျိုး မဟုတ်ဘဲ အနာဂတ်အတွက် ပြင်ဆင်တဲ့ခြေလှမ်းတွေဖြစ်တယ်လို့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ က ပြောဆိုပါတယ်။ လူထုရဲ့ အသံကို အစိုးရက နားမထောင်ခဲ့တဲ့ အတွက် အုံကြွမှုဖြစ်ခဲ့တဲ့ သင်္ခန်းစာကို ယူသင့်တယ်လို့ ပြောဆိုပြီး ရှစ်လေးလုံးရဲ့ ကတိကဝတ်တွေ အကောင်အထည်ဖေါ်နိုင်ရေးကို အဓိကထောက်ပြကြပါတယ်။ ဒီကနေ့ ရန်ကုန် တက္ကသိုလ်မှာ ကျင်းပတဲ့ အခမ်းအနားကြောင်း ကိုသိန်းထိုက်ဦးက ပြောပြပါလိမ့်မယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ရဟန်းရှင်လူတွေအားလုံးပါဝင်ခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု ကြီးအနှစ် ၃၀ပြည့်တဲ့ အခါမှာဒီလှုပ်ရှားမှုကြီး နိုင်သလား ရှုံးသလားဆိုတဲ့သုံးသပ်ချက်တွေ၊ ဒီလှုပ်ရှားမှု ကြီးကနေဘယ်လိုသင်ခန်းစာတွေယူမလဲ ဆိုတဲ့ပြောဆိုဆန်းစစ်ချက်တွေကို ကျနော်တို့ကြား နေရပါတယ်။ ဒီဒီမိုကရေစီလှုပ်ရှားမှုကို ဘယ်လိုဆက်ပြီးချီတက်ကြမလဲ။ ဒီခရီးကပြီးပြီလားဆိုတဲ့ ဝေဖန် ဆန်းစစ်ချက်တွေကိုလည်းကြားနေရပါတယ်။ ဒါပေမယ့် ဒီနေ့ဒီမိုကရေစီအရေး နှစ် ၃၀ အတွင်းပါဝင်ခဲ့ သူတွေကတော့ ရန်ကုန်တက္ကသိုလ်မှာ နှစ် ၃၀ ပြည့်အခမ်းအနားကျင်းပပြီးတော့ မိတ်ဆွေ ဟောင်း တွေ တွေ့ကြမြင်ကြနှုတ်ဆက်နေကြပါတယ်။ သမိုင်းကြောင်းတွေကို အမှတ်တရနဲ့ အလွမ်းတွေ ရောထွေးနေတဲ့ ကာလလည်းဖြစ်ပါတယ်။

"အဲဒီတုန်းက နှစ် ၃၀တုန်းကအတူလေ ျှာက်ခဲ့တဲ့၊ အတူတက်ခဲ့တဲ့ ခြေအစုံပိုင်ရှင်တွေ အားလုံးကို အထူးသဖြင့် ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ ဒေါင်းအလံတွေ တလူလူလွင့်လာတာကို မြင်ခွင့်မရတော့တဲ့ သူတွေအတွက် အထူးသဖြင့် ဦးညွှတ် ဂုဏ်ပြုပါတယ်။ ဒီနေရာကိုရွေးချယ်ရခြင်းကိုက ကျနော်တို့ရဲ့ ဘူမိနက်သံလို့ ယုံကြည်လို့ပါ။ ဒါဟာအိပ်မက်ဆန်ကောင်းဆန်ပါလိမ့်မယ်။ ကျနော်တို့ အကြမ်းတမ်းဆုံးအချိန် အမှောင်ထဲကာလတုန်းက အဲခံစားချက်တွေနဲ့ပြန်ယှဉ်ရင် ဖြစ်တောင်ဖြစ်ပါ့မလား၊ ဒီလိုပြန်ဆုံနိုင်ပါ့မလားလို့တွေးကောင်း တွေးမိပါလိမ့်မယ်။ ဒါမဲ့ဒီနေ့ကျနော်တို့ ပြန်ရောက်လာပါပြီ။ ဒေါင်းအလံတွေနဲ့အတူပြန်ရောက်လာတာပါ"

အခမ်းအနားမှာပြောသွားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မိန့်ခွန်းတချို့ပါ။ အနာဂတ်ကို မျက်နှာမူဖို့ဆိုရင် နောင်မျိုးဆက်သစ် လူငယ်တွေအတွက် သင်င်္ခန်းစာ ယူဖို့လိုသလို အတိတ်ကို ချန်လှပ်လို့ မရဘူးလို့ သူကဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်သုံးဆယ် ဒီမိုကရေစီရေးလှုပ်ရှားမှုအတွင်း အားလုံး မျှော်မှန်းခဲ့တဲ့ တိုင်းပြည်တခုကိုရောက်အောင် ဆက်ပြီးကြိုးစားဖို့ သူက အဓိက တိုက်တွန်းသွားတာပါ။

"နောက်ဆုံးအနေနဲ့ တချိန်ကစကားလုံးတွေ နဲ့အတိအကျမပြောတတ်သည့် တိုင်အောင် ကျနော်တို့မေ ျှာ်မှန်း ခဲ့တဲ့နိုင်ငံတခုကို ခုရောက်နေတဲ့နေရာကနေ ခရီးဆက်ဖို့ကျနော်တိုက်တွန်းပါတယ်။ ဘယ်လိုနိုင်ငံ မျိုးလဲ။ သယံဇာတ ကျိန်စာသင့်နေတဲ့ နိုင်ငံဆီကနေ လူသားအရင်းအမြစ်ကိုတန်ဖိုးထားတဲ့နိုင်ငံ၊ ရုပ်ဝထ္တုနဲ့ ဓနအင်အားကိုသာ တွင်တွင်ပြောနေမယ့်အစား ကျင့်ဝတ်ကောင်းတွေနဲ့ ဂုဏ်သတင်းကျော်ဇာတဲ့နိုင်ငံ၊ အမိန့်အာဏာတခုထဲနဲ့ လူတွေကိုစေခိုင်းနေမယ့် အစား အပြန်အလှန်ညှိုနှိုင်းဆွေးနွေးသဘောတူပြီး ပြည်သူ့ဆန္ဒတွေကို ဦးညွှတ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံ၊ လူမျိုးတွေကွဲပြားမှုကိုရေတွက်နေမယ့်အစား တာဝန်ခွဲဝေယူတတ်မှု၊ တာဝန်ခွဲခြားယူတတ်တဲ့အပေါ်မှာ ဂရုဓမ္မပြုတဲ့ နိုင်ငံ၊ ထစ်ခနဲရှိရင် လက်နက်အားကိုးနဲ့ အရာရာကို ဖြေရှင်းမယ်ဆိုတဲ့ အသိလောက်မဟုတ်ဘဲ ညဏ်ပညာဆင်ခြင်တုံတရား၊ စာနာမှုတို့နဲ့ ပြဿနာတွေကိုဖြေရှင်းတတ်သော မျိုးဆက်သစ်တွေရဲ့ နိုင်ငံရောက်အောင် ကျနော်တို့ ချီတက်ကြတဲ့နေရာမှာ ၈၈၈၈ ဟာ အတိတ်သမိုင်းထဲမှာ အိပ်မောကျနေတာမဟုတ်ပါဘူး။ မျိုးဆက်အ သီးသီး သွေးကြောတွေထဲ စီးဝင်ပြီး ကျနော် တို့တောင့်တသော၊ ကမ္ဘာကလေးစားဦးညွှတ်ရသော ကျနော်တို့ကိုယ်တိုင် သမိုင်းတကွေ့ မှာခေါင်းမော့နိုင်တဲ့ အထိသယ်ဆောင်သွားတဲ့ ဝိညာဉ်ဖြစ်ပါတယ်လို့ ပြောရင်း အဆုံးသတ်ပါတယ်"

ပြည်သူတွေရဲ့ တိတ်နေတဲ့ အသံတွေကို နားစွင့်ဖို့ ပျက်ကွက်ခဲ့တာကြောင့် လူထုအုံကြွမှု ဖြစ်ခဲ့တယ်ဆိုတာကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ထောက်ပြ ပြောဆိုသွားပါတယ်။ သမိုင်းကြောင်းတွေ ပြန်လှန်ရတာ အကြောင်းရှိပါတယ်လို့ သူကဆိုပါတယ်။

"တချိန်တုန်းကတပ်မတော်မှာထိပ်ပိုင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ တယောက်က ပြီးခဲ့တဲ့ အစိုးရလက်ထက် မှာကျနော်တို့နဲ့တွေ့တယ်။ သူကကျနော်တို့ကို ရင်းရင်းနှီးနှီးမေးတာပေါ့။ ခင်ဗျားတို့ထောင်တွေထဲ မှာဘယ်လောက်ကြာသွားလဲတဲ့။ ကျနော်တို့ဖြေပါတယ်။ တဦးချင်းပြောပါတယ် ကျနော်တို့က နှစ် ၂၀ သူကတော့ ၂၂နှစ် အစရှိသဖြင့်ပြောကြတာပေါ့။ သူတကယ့်ကို အံအားသင့်မှင်သက်ပြီးတော့ ဟာခင် ဗျားတို့အဲလောက်တောင်ကြာသွားတာလားတဲ့။ ပြုသူအတွက် ခဏလေးထင်ပေမယ့် ခံရသူအတွက်က တော့တကမ္ဘာပါ။ ဒါတွေ ပြန်ပြန်ပြောနေရတာက နာကြည်းစိတ်ကြောင့်မဟုတ်ဘူး။ အနိမ့်ဆုံးအဆင့် ပြုပြင်ပြောင်းလဲခဲ့ကြတဲ့လူတွေရဲ့ အခန်းကဏ္ဍကို ဒီလူ့အဖွဲ့အစည်းက အသိအမှတ်ပြုတန်ဖိုးထားတယ်ဆိုရင်ပဲ သေတဲ့လူတွေလဲသေပျော်ပါတယ်။ ခံစားနေရသူတွေလည်းနေပျော်ပါတယ်။"

ရှစ်လေးလုံး နှစ်ပတ်လည်အဖြစ် သုံးရက် ကျင်းပတဲ့အခမ်းအနားတွေမှာ လူထုလှုပ်ရှားမှုကြီး ကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေလည်း ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေအကြောင်း ကိုတော့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက အခုလို VOA ကို ပြောပါတယ်။

"နံပါတ် ၁ခေါင်းစဉ်က နှစ် ၃၀ဒီမိုကရေစီခရီး။ အဲဒီမှာတော့ရှင်းတယ်။ ကျနော်တို့လက်ရှိရောက်နေတဲ့ ပန်းတိုင်က ကျနော်တို့မျှော်မှန်းထားတဲ့ နေရာမရောက်သေးဘူး။ အဲဒီတော့ဒီပန်းတိုင်ရောက်ဖို့ ဘယ်လိုသွားသင့်လဲ။ ခွဲခြမ်းစိတ်ဖြာတဲ့ အခါမှာအစိုးရဘက်ကဆန္ဒပြတာတွေကို လက်ခံဖို့ပြောထားတာပါသလို ဒီမိုကရေစီအင်အားစုတွေ စည်းလုံးညီညွှတ်ကြဖို့ မီးမှောင်းထိုးထားတာလည်းပါတယ်။ နံပါတ် ၂ကတော့ တိုင်းရင်းသားတန်းတူညီမ ျှမှုနဲ့ ဖက်ဒရယ်ပြည်ထောင်စု။ အဲမှာ အခုကတော့ ဒီဖွဲ့စည်းပုံနဲ့အလုပ်မဖြစ်ဘူး။ တန်းတူရေးနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံပေါ်ပေါက်ရေးက အရေးကြီးတယ်။ နံပါတ် ၃ကတော့ မြန်မာ့နိုင်ငံရေး နဲ့ စစ်အာဏာရှင်။ အဲဒီမှာလဲရှင်းတယ်။ စစ်အာဏာရှင်အမြစ်တွယ်လာတာပြောတယ်။ လက်ရှိကာလမှာ စစ်ဘောင်ကျဉ်းသွားဖို့ အရပ်ဖက်ပို ကျယ်ပြန့်အောင်လုပ်ဖို့ဆွေးနွေးထားတယ်။"

ဒီနေ့အခမ်းအနားမှာ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေအပြင် မျိုးဆက်သစ်ကျောင်းသားလူငယ်တွေလည်း တော်တော်များများ တွေ့ရပါတယ်။ ရှစ်လေးလုံး စိတ်ဓါတ်တွေ လူငယ်တွေကြားမှာ လက်ဆင့်ကမ်းနိုင်ဖို့ အရေးကြီးတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးနေဘုန်းလတ်က ပြောပါတယ်။

" ဒီတက္ကသိုလ်ဝင်း၊ ဒီလိုနေရာတွေက လူငယ်တွေရဲ့နေရာတွေဘဲလေ။ အရင်က ၈၈၈၈ ဆိုနိုင်ငံရေး ပွဲလိုလို သတ်သတ်စီဖြစ်နေတယ်။ ဒီလိုနေရာမှာ လုပ်ရတာအရမ်းသဘောကျတယ်။ ဘာလို့လဲဆိုတော့ လူငယ် တွေနဲ့ပိုနီးလာတယ်။ ဒီလိုနေရာတွေမှာ များများလုပ်ဖို့ ကျနော်တောင်းဆိုတယ်"

ရှစ်ဆယ့်ရှစ်ခုနှစ်ကာလက အ.က.သ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ မဟာဗျုဟာနဲ့ မူဝါဒဆိုင်ရာ လေ့လာရေး အင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကတော့ ရှစ်ဆယ့်ရှစ်ရဲ့ ကတိကဝတ်တွေ အကောင်အထည်ပေါ်လာဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုပါတယ်။

"နိုင်ငံရေးမှာ ၂ပိုင်းပေါ့။ တပိုင်းက သင်္ကေတပိုင်းပေါ့။ ဒီလိုအထိမ်းအမှတ်လုပ်ခွင့်ရတာတော့ ကိုယ်တိုင်လဲ ပါဝင်ပတ်သတ်ခဲ့သူတယောက်အနေနဲ့ ကြက်သီးမွှေးညှင်းထရအောင်စိတ်ကြေနပ်ပါ တယ်။ နောက်တပိုင်းကတော့ ရှစ်လေးလုံးရဲ့ ကတိကဝတ်တွေပါ။ ၈၈၈၈ ကဖြစ်စဉ်ကြီးတခုပါ။ ဖြစ်ရပ် တခုနဲ့မတူပါဘူး။ ဆိုတော့ ၆၂ ကစတဲ့ ဖြစ်စဉ်မှာ၊ ဒီ ၈၈၈၈ အလွန်မှာ ဒီမိုကရေစီအရေး စစ်အာဏာရှင်အရေးမကတော့ဘဲနဲ့ တိုင်းရင်းသားတန်းတူရေး၊ ဖက်ဒရယ်အရေးတို့ပါ ပါလာတာပေါ့။ ၈၈၈၈ ကတိကဝတ်တွေ ပြည့်ပြီလားဆိုတာပြောရမယ်ဆိုရင်တော့ အများကြီးလိုသေးတယ်လို့ ပြောရမယ်ထင်ပါတယ်။ ကတိကဝတ်တွေပြည့်ဖို့ ဒီလိုအခမ်းအနားတွေလုပ်တာအပြင် စေ့ဆော်မှုရှိလာတာပိုကောင်းမယ်လို့ပြောချင်ပါတယ်။ ၈၈၈၈ ကတိကဝတ်တွေ ပြည့်ဖို့က အစိုးရတခုထဲနဲ့မသက်ဆိုင်ပါဘူး။ ၈၈၈၈ မှာပါဝင်ခဲ့သူတွေရော အဲလူတွေ ကနောက်မျိုးဆက်ကို ဘယ်လောက်လက်ဆင့်ကမ်းနိုင်မလဲဆိုတာလည်း ပါဝင်တယ်လို့ထင်ပါတယ်"

ဒီနေ့ ရှစ်လေးလုံး နှစ်သုံးဆယ်ပြည့် အခမ်းအနားမှာ နိုင်ငံခြားသံတမန်တွေအပြင် မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နဲ့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ပေမယ့် အမှတ်တရ မိန့်ခွန်း တစုံတရာပြောဆိုသွားတာ မတွေ့ရပါဘူး။ အရပ်သားအစိုးရလက်ထက် ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံးကျင်းပခွင့်ရတဲ့ အခမ်းအနား ဖြစ်တာကြောင့် ကျောင်းသားဟောင်းတွေ၊ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အထူးစည်ကားနေခဲ့ပါတယ်။


ရှစ်လေးလုံး ဒီမိုကရေစီ လူထုလှုပ်ရှားမှု အနှစ် (၃၀) ပြည့်
please wait

No media source currently available

0:00 0:10:04 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG