သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး ၉၀အမတ်ဟောင်းများ ပါတီဖွဲ့


ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး ၉၀အမတ်ဟောင်းများ ပါတီဖွဲ့

အာဏာရ NLD ပါတီက ကြိုးပမ်းနေတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ လက်တွေ့ မကျတဲ့အခြေအနေဖြစ်တာမို့၊ ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲရေးအတွက် တိုင်းရင်းသားအင်အားစုတွေနဲ့ ပူးပေါင်းသွားရမယ်လို့ ၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်ဟောင်းတွေ စုဖွဲ့ထားတဲ့ UNDP ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ပြောလိုက်ပါတယ်။ NLD အစိုးရရဲ့ မူဝါဒတွေအပေါ် အားရကျေနပ်မှုမရှိတဲ့အတွက်ဆိုပြီး၊ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမတ်ဟောင်း အချို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက နိုင်ငံရေးပါတီတရပ်အဖြစ် စုဖွဲ့ခဲ့ကြတာပါ။ ဗွီအိုအေ သတင်းထောက်ကိုဇော်ထက် စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာထက် ဖွဲ့စည်းပုံအသစ်ပြန်ရေးဆွဲ တာကပိုပြီး လက်တွေ့ ကျနိုင်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်တွေနဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသား ပါတီတချို့ ပူးပေါင်းပြီးဖွဲ့မယ့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ခေါင်းဆောင်တွေကပြောလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း ဆက်သွားမယ်ဆိုရင် ရှစ်လေးလုံး လူထု လှုပ်ရှားမှုမှာ တောင်းဆိုထားတဲ့ လူထုလိုလားတဲ့ ဒီမိုကရေစီကို မရနိုင်ကြောင်း၊ လက်ရှိ အာဏာရ အစိုးရရဲ့ မူဝါဒတွေအပေါ်မှာလည်း ကျေနပ်စရာမရှိတဲ့အတွက် အခုလို ပါတီထောင်ဖို့ ဆုံးဖြတ်ရတာလို့ ပါတီခေါင်းဆောင်အဖြစ်ကနဦး တာဝန်ပေးခံထားရတဲ့ စောနိုင်းနိုင်းက ဗွီအိုအေကိုပြောပါတယ်။

“ဒီ NLD ပါတီကလုပ်တဲ့ လုပ်ရပ်တွေကို ကျနော်တို့မကြိုက်ဘူးဗျ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ၂၀၀၈ ဥပဒေက တိုင်းသူပြည်သားတွေရဲ့ ကောင်းကျိုးကို ဘယ်တော့မှ မဖော်ဆောင်နိုင်ဘူးလေ ၂၀၀၈နဲ့သွားပြီးတော့ သူတို့နဲ့ပေါင်းစားနေတဲ့ ပုံစံမျိုးကို လက်မခံနိုင်တော့ဘူးဆိုပြီး အရင် ၉၀ ခုနှစ် အဖွဲ့က ကျနော်တို့က ဒီလိုမျိုးနေလို့တော့ မရဘူး ပြင်ပကနေ ကျနော်တို့လုပ်တဲ့ဟာက တရားဝင်လုပ်တာတောင် ဘာမှလုပ်လို့ မရဘူး။ လွှတ်တော်တွင်းကို သွားဖို့ဆိုတာ ပါတီဖွဲ့ရမယ်ဆိုပြီးတော့ အဲဒီလို ဆုံးဖြတ်ချက်ချပြီး လုပ်ကြတယ်။ အခုNLDလုပ်တဲ့ဟာကျေနပ်စရာမရှိဘူး ဘာမှ ရေရေရာရာ မလုပ်တဲ့အပြင် အခုမှကော်မတီတွေ လျှောက်ဖွဲ့တာပဲရှိတယ်။ NLD ပါတီဟာ ကျနော်တို့ ယုံကြည်အားကိုးစရာမရှိဘူး ယူဆတဲ့အတွက်ကြောင့် ကျနော်တို့ ပါတီထူထောင် ရတာပါ။”

လက်ရှိ အာဏာရပါတီ NLD အနေနဲ့ သက်တမ်း ၃နှစ်ရှိလာပြီဖြစ်ပေမဲ့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအားအင်အားစုတွေနဲ့ ဟန်ချက်ညီညီမသွားနိုင်သလို ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးကို ရွေးကောက်ပွဲကာလကတည်းက ကတိပေးထားတဲ့အတိုင်း မဆောင်ရွက်နိုင်တဲ့အတွက် ဒီအခက်အခဲကို တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး လွှတ်တော်တွင်း နိုင်ငံရေးထဲဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်ကြောင်း ဦးဆောင် ပါဝင်သူတဦးဖြစ်တဲ့ ဒေးဗစ်လှမြင့်က ပြောပါတယ်။

“တပ်ကနေ အခိုင်အမာရေးထားတဲ့ဖွဲ့စည်းပုံ တပ်ကလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့လည်း ပြောထားတယ်။ ခင်ဗျားတို့ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာရှိတဲ့ ၄၃၆ အတိုင်းပြင်ပါဆိုပြီးတော့ သူတို့က ဒီလိုစကားမျိုးတွေ ပြောလာခဲ့တဲ့ အခါကျလို့ရှိရင် ၄၃၆ ကိုပြင်ဆင်နိုင်ခွင့်ရှိတာက တပ်မှာပဲရှိတယ်။ တပ်ကလည်း သူက ရှင်းရှင်းပြောရရင် ကာကွယ်စောင့်ရှောက်မယ်ပြောထားတာ ဘယ်လိုလုပ်ပြီးတော့ ပြင်လို့ရပါ့မလဲ။ ပြင်လို့မရတဲ့ဟာ တခုကို ပြင်နေမယ့်အစား အသစ်ရေးတာက ပိုပြီး လက်တွေ့ကျလိမ့်မယ်လို့ ကျနော်တို့က အဲဒီလိုပဲမြင်တယ်။”

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆မှာ ဖော်ပြထားတဲ့ အဓိကျတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုတယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်မဲ ၇၅ရာခိုင်နှုန်းကျော် ရရမှာ ဖြစ်သလို ပြည်လုံးကျွတ်ဆန္ဒမဲရဲ့ ထက်ဝက်ကျော်ရမှ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ လွှတ်တော်တွင်း မဲအများဆုံး အနိုင်ရထားတဲ့ ပါတီကဦးဆောင်ပြီး ကျန်တဲ့ မိတ်ဖက်နိုင်ငံရေး အင်အားစုတွေ ပါတီတွေနဲ့ လက်တွဲပြီးတော့ အသစ်ရေးဆွဲမယ်ဆိုရင် ရှေ့ဆက်ပြီးသွားဖို့ အကောင်းဆုံး အနေအထားဖြစ်ကြောင်း ဒေးဗစ်လှမြင့်က ပြောပါတယ်။

UNDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌအနေနဲ့ စောနိုင်းနိုင်းကို ကနဦးရွေးချယ် အဆိုပြုထားတာပါ။ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ ဥက္ကဋ္ဌဖြစ်သလို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခွန်ထွန်းဦးက UNDP ပါတီမှာ ပါတီဦးဆောင်သူတဦးအနေနဲ့ ပါဝင်သွားမှာလည်းဖြစ်ပါတယ်။ စည်းလုံး ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) ထဲက ပါတီခေါင်းဆောင်တချို့နဲ့ ဗမာတိုင်းရင်းသား ကိုယ်စားပြု စုစုပေါင်းနာယက ရှစ်ဦးရှိပြီး အတွင်းရေးမှူးနဲ့ အမှုဆောင်စာရင်းကိုတော့ သင်္ကြန်ပြီးနောက်ပိုင်း ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG