သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကိုအရေးယူရေးတောင်းဆိုချက်ထိရောက်ဖို့ လှုပ်ရှားသူတွေ မျှော်လင့်


နယူးယောက်မြို့က ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပရာ ခန်းမ၊ စက်တင်ဘာ ၂၃၊ ၂၀၂၃
နယူးယောက်မြို့က ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပရာ ခန်းမ၊ စက်တင်ဘာ ၂၃၊ ၂၀၂၃

ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလုပ်လာတဲ့ မြန်မာစစ်ကောင်စီကိုအရေးယူပေးဖို့ လူထုအခြေပြု အဖွဲ့အစည်း ၄၀၀ ကျော်က နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုမှုကနေ အပြောင်းအလဲတွေ ဖြစ်လာဖို့ နိုင်ငံရေးလှုပ်ရှားသူတွေ မျှော်လင့်နေကြတဲ့အကြောင်း သတင်းပေးပို့ချက်ကိုအခြေခံပြီး ကိုရန်နိုင် တင်ပြပါမယ်။

နိုင်ငံတကာရဲ့ ထိရောက်တဲ့အရေးယူမှုတွေမခံရဘဲ ကင်းလွတ်နေတဲ့စစ်ကောင်စီကို ကုလအထွေထွေ ညီလာခံကတဆင့် အရေးယူနိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပက လူထုအခြေပြုအဖွဲ့အစည်း ၄၄၀ က ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။ စစ်ဘေးဒုက္ခသည်စခန်းတွေအပေါ် တိုက်ခိုက်တာအပါအဝင် ပြည်သူတွေရှိတဲ့နေရာတွေအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၀၀၀ ထက်မနည်း လုပ်ခဲ့ပြီးနောက်မှာ အခုလို အရပ်ဘက်အဖွဲ့တွေက ကုလအထွေထွေ ညီလာခံကို အရေးယူဆောင် ရွက်ဖို့ အိတ်ဖွင့်ပေးစာပေးခဲ့ကြတာဖြစ်ပါတယ်။

အရပ်သားတွေကို သေကြေ၊ ထိခိုက်စေတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို စစ်ကောင်စီက ကျူးလွန်နေ ပေမဲ့ နိုင်ငံတကာက ရှုတ်ချရုံသက်သက်လောက်ပဲ ကြေညာချက်ထုတ်ပြန်တာမျိုးတွေ၊ စစ်ခေါင်း ဆောင်အသိုင်းအဝန်းကို လူပုဂ္ဂိုလ်တဦးချင်းအလိုက် အရေးယူပိတ်ဆို့တာမျိုးတွေပဲလုပ်ခဲ့ပါတယ်။ ဒီဖိအားတွေက လုံလောက်မှုမရှိဘဲ စစ်တကောင်စီက အကြမ်းဖက်မှုတွေကို တိုးတိုးပြီး လုပ်လာ ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ နိုင်ငံတကာရဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့တာတွေ၊ ရှုတ်ချတာတွေဟာ ထိရောက်မှုမရှိဘူးလို့မြင်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်ကလည်း အခုလို လူထုအခြေပြုအဖွဲ့ ရာနဲ့ချီတောင်းဆိုတဲ့အတွက် နိုင်ငံတကာအသိုင်း အဝိုင်းဘက်က တုံ့ပြန်ဆောင်ရွက်နိုင်တာတွေရှိတယ်လို့ ခုလိုပြောပါတယ်။

“နည်းလမ်းရှိပါတယ်။ ယူကရိန်းတုန်းကလည်း ဒီအတိုင်းပါပဲ၊ ရုရှားဖက်ဒရေးရှင်းနဲ့ တရုတ်က ကပ်ဖဲ့ယက်ဖဲ့ လုပ်နေတာတွေ ကျနော်တို့ တွေ့ရပါတယ်။ သို့သော်ငြားလည်း အခုအရပ်ဘက် အဖွဲ့အစည်း ၄၄၀က ကုလအထွေထွေ ညီလာခံ UNGA ကို သူတို့တောင်းဆိုတာ၊ UNGA မှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေက ဒီကိစ္စကို၊ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကို ယူကရိန်းမှာ ဘယ်လိုသုံးခဲ့လဲ ဒါတွေသုံးပြီး ဒီအကြမ်းဖက် စစ်အုပ်စုကို ICC ကိုလွှဲပေးလို့ ရပါတယ်။"

အရပ်ဘက်အဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက နိုင်ငံတကာမှာသံတမန်နည်းလမ်းအရ မြန်မာ့အရေးကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းတွေကလည်း နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ တချို့ဒေသတွေမှာ နယ်မြေတွေကို ထိန်းချုပ် အုပ်ချုပ်ထား နိုင်ပြီလို့ ထုတ်ပြန်ထားတဲ့ အဖွဲ့တချို့လည်းရှိပါတယ်။

အဖွဲ့အစည်းတခု ဒါမှမဟုတ် တော်လှန်ရေး အင်အားစုတွေရဲ့ အရေးပါမှုအတွက် နိုင်ငံတကာက ထည့်သွင်းစဉ်းစားရာမှာ အဖွဲ့တဖွဲ့ရဲ့ နယ်မြေစိုးမိုးထားနိုင်မှု အခြေနေက အက္ခရာကျတယ်လို့ ဥပဒေပညာရှင် စောဘဦးလေးက သုံးသပ်ပါတယ်။

" ပထမဦးဆုံး အုပ်ချုပ်ရေး ယန္တရားကိုတည်ထောင်နိုင်ပြီဆိုရင် အဲဒါ နယ်မြေစိုးမိုးမှု၊ နယ်မြေကို အုပ်စီးနိုင်မှု အခြေအနေရှိတယ်လို့ ပြောလို့ရပါတယ်။ သိသာထင်ရှားတဲ့ သာဓကကို ထုတ်ပြပါဆိုရင် KNU တပ်မဟာ(၇) ဌာနချုပ်ရှိတဲ့ နယ်မြေသည် သူ့ရဲ့ အုပ်စီးမှုရှိပြီး သူ့ရဲ့အုပ်ချုပ်ရေး ယန္တရားကို တည်ထောင်နိုင်ထားတဲ့ အတွက်ကြောင့်၊ နောက်ပြီး အုပ်ချုပ်ရေးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး ယန္တရားကို ဖော်ဆောင်နိုင်တဲ့ အတွက်ကြောင့်၊ အဲသလို အခြေအနေရှိမှသာ နယ်မြေအုပ်စိုးမှုရှိတယ်လို့ ပြောချင်ပါတယ်။"

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတော်တော်များများရှိနေပြီး တချို့နေရာတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု မရှိတော့တဲ့ အခြေအနေမျိုးတွေလည်း ဖြစ်နေပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲတွေ အချိန်ကြာလာတာနဲ့အမျှ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ပိုတိုးလာနေပါတယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပ လူထုအခြေပြု အဖွဲ့အစည်း ၄၀၀ ကျော်က စစ်ကောင်စီအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြတောင်းဆိုမှုကနေ သက်ရောက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG