သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော်ကြားနာပွဲ မြန်မာသံအမတ်ကြီးတုန့်ပြန်ချက်


ရိုဟင်ဂျာအရေး အောက်လွှတ်တော်ကြားနာပွဲ။
ရိုဟင်ဂျာအရေး အောက်လွှတ်တော်ကြားနာပွဲ။

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာလုပ်ခဲ့တဲ့ မြန်မာ့အရေးကြားနာပွဲကို မြန်မာ အစိုးရဘက်က တဦးဦးသာ ရှိနေမယ်ဆိုရင် အစိုးရဘက်က တုန့်ပြန် ပြောတာကိုလဲ နားထောင်ခွင့်ရမယ်လို့ ကြားနာပွဲ တက်ရောက်တဲ့ လွှတ်တော်အမတ်တချို့က ပြောခဲ့ကြတာပါ။ ဒါနဲ့ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

စက်တင်ဘာလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့က အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ Burma’s Brutal Campaign Against the Rohingya ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာပွဲတခုလုပ်ခဲ့တာဖြစ်ပြီး ကော်မတီဝင် အောက်လွှတ်တော်အမတ် တွေနဲ့ တင်ပြ ဆွေးနွေးမယ့်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကြားနာပွဲမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ရှိနေခဲ့ပေမဲ့ မြန်မာသံအမတ်ကြီးတော့ ရှိမနေခဲ့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဝါရင့်ကော်မတီဝင်တဦးဖြစ်သူ ဒီမိုကရက်ပါတီက အောက်လွှတ်တော်အမတ် Brad Sherman ပြောသွားတာက -

“မြန်မာသံအမတ်ကြီးကိုလဲ ကျနော် ဒီမှာ မိတ်ဆက်ပေးလိုပေမဲ့ သံအမတ်ကြီးက ဒီမှာ ရှိမနေပါဘူး။ သံအမတ်ကြီးသာ ဒီမှာ ရှိနေမယ်ဆိုရင် မြန်မာအစိုးရရဲ့မူဝါဒတွေကြောင့် ထောင်ပေါင်းများစွာသောလူတွေ နိုင်ငံကနေ ထွက်ပြေးသွားရတဲ့အပေါ် ကမ္ဘာ က ဘယ်လိုမြင်နေတယ်ဆိုတာကို သိသွားမှာပါပဲ။”

ဝါရင့်ကော်မတီဝင် နောက်တဦးဖြစ်တဲ့ အောက်လွှတ်တော်အမတ် Dana Rohrabacher ကလဲ ကြားနာပွဲမှာ မြန်မာအစိုးရဘက် ကသာရှိနေရင် သူတို့ပြောတာကိုလဲ သိရမှာပဲလို့ ပြောသွားပါတယ်။

“သူတို့ဘက်က ပြောစရာရှိတာကိုပြောဖို့ မြန်မာအစိုးရထဲက တဦးဦးသာ ဒီမှာရှိနေမယ်ဆိုရင် ကျနော်တို့ ပိုပြီး သိရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်ဟာ ဥက္ကဌတဦးဖြစ်ပြီး ဆပ်ကော်မတီအသီးသီးရဲ့ ဥက္ကဌအဖြစ်လဲ လုပ်ခဲ့ဖူးပါ တယ်။ ဘယ်ကိစ္စမှာမဆို တဘက်ကပြောတာတွေက ဘယ်လောက်ပဲ မှန်နေပါစေ၊ နှစ်ဘက်စလုံးက ပြောနိုင်တဲ့အခွင့်အရေးရ အောင် ကျနော် အမြဲကြိုးစားပါတယ်။ ကျနော်တို့ ဒီကနေ့ကြားခဲ့တဲ့ စွပ်စွဲချက်တွေအပေါ် အပြန်အလှန်ပြောတာ၊ တုန့်ပြန်တာ၊ ငြင်းချက်ထုတ်တာ၊ ပြီးတော့ တယောက်ယောက်က ဘယ်လိုများ တုန့်ပြန်မယ်ဆိုတာ ကြားရရင် စိတ်ဝင်စားစရာကောင်းမယ်လို့ ကျနော်ထင်ပါတယ်။”

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဒီလိုအရေးကြီးတဲ့ ကြားနာပွဲမျိုးမှာ ရှိမနေခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ၊ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းကို ဗွီအိုအေက ဆက်သွယ် မေးမြန်းတာမှာတော့ ဖိတ်ကြားချက်မရှိခဲ့ဘူးလို့ သံအမတ်ကြီးက အခိုင်အမာ ပြောပါတယ်။

“အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကိုဖိတ်ကြားချက် လုံးဝမရှိပါဘူး။ သူတို့ ကြားနာပွဲ မတိုင်ခင်မှာ မစ္စတာ Ed Royce ရဲ့ရုံးနဲ့ ကျနော်တို့ အမြဲတမ်း အဆက်အသွယ် ရှိနေပါတယ်။ သူ့အနေနဲ့ ကျနော်တို့ကိုတောင် နိုင်ငံတော်လုံခြုံရေး အကြံပေးအရာရှိနဲ့ သူတို့တွေ့ဖို့ဆိုတာကိုတောင် ကျနော်တို့ကို ဆက်သွယ် လာတာရှိပါတယ်။ လုံခြုံရေး အကြံပေးအနေနဲ့ သူတို့ လုပ်မယ့်နေ့ မတိုင်ခင်မှာ နယူးယောက် ကို ပြန်သွားရမှာမို့လို့ ကျနော်တို့အနေနဲ့ လာပြီးတော့ တွေ့ဆုံနိုင်ခြင်း မရှိဘူးဆိုတဲ့ ဟာတောင် သူတို့ကို ပြောထားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ကနေပြီးတော့ တကယ်ပဲ ကျနော်တို့ကို ရှိစေ ချင်တယ်ဆိုလို့ရှိရင် ကျနော်တို့ကိုလဲ အသိပေးမှာ၊ ဖိတ်ကြားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လုံး၀ ကျနော်တို့ ကို အကြောင်းကြားခြင်း၊ ဖိတ်ကြားခြင်း မရှိပါဘူးဆိုတာ ပြောပါရစေ။”

အဲဒီနေ့က ကြားနာပွဲမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ရှိနေတယ်ဆိုတာ လွှတ်တော်အမတ် Brad Sherman ပြောတာအရ သိရပေမဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက ဝင်ရောက် ပြောဆို ဆွေးနွေးတာမျိုးတော့ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG