သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးလှုပ်ရှားသူ ဦးအောင်ဒင်နဲ့ ရိုဟင်ဂျာအရေး မေးမြန်းချက်


 မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်ဒင် (နိုဝင်ဘာလ ၂၁ ရက် ၂၀၁၅)
မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်ဒင် (နိုဝင်ဘာလ ၂၁ ရက် ၂၀၁၅)

ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စကြောင့် မြန်မာနိုင်ငံအပေါ်ကျရောက်နေတဲ့ နိုင်ငံတကာဖိအားတွေလျော့ကျသွားနိုင်ဖို့ နိုင်ငံတကာကျွမ်းကျင်သူတွေပါဝင်တဲ့ ဘက်မလိုက်စုံစမ်းရေးကော်မရှင်ဖွဲ့ စုံစမ်းသင့်တယ်လို့ US Campaign for Burma ရဲ့အမှုဆောင်ဒါရိုက်တာဟောင်းဖြစ်တဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်ဒင်က ပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်နယ်ထဲက လူနည်းစုအသိုင်းအဝိုင်းတွေရဲ့ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည်နိုင်ခွင့်နဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဝင်ခွင့်ပြုဖို့တောင်းဆိုချက်တွေပါဝင်တဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးကောင်စီမှာ မနေ့က ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို မြန်မာကိုယ်စားလှယ်က ဂျနီဗာမှာ ချက်ချင်းကန့်ကွက်ခဲ့ပါတယ်။ ရခိုင်ပြဿနာနဲ့ပါတ်သက်လို့ကုလသမဂ္ဂနဲ့နိုင်ငံတကာက ဒီအချက်တွေကို အဓိကထား တောင်းဆိုနေချိန်မှာ မြန်မာအစိုးရဖက်က ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာကို မစုမြတ်မွန်က ကိုအောင်ဒင်ကို ဆက်သွယ်မေးမြန်းတာမှာ ကိုအောင်ဒင်က ခုလိုစဖြေပါတယ်။

ကိုအောင်ဒင်။ ။ပထမအချက်ပေါ့ဗျာ ပြန်လာမယ့်သူတွေအတွက် လုံခြုံရေးစိတ်ချမှုတို့ လူ့အခွင့်အရေးအာမခံချက်ရှိဖို့တို့ တောင်းဆိုတာရှိတာကို ။ ဆိုတော့ ဒီဟာလည်း သူတို့ဘက်က ကြည့်မယ်ဆိုရင် သဘာဝကျတဲ့ စိတ်ပူပန်မှုပါခင်ဗျ ။ ဒီဘက်ကလူတွေ သူ့အလိုလိုထွက်သွားကြတယ် ပြီးတော့ ဒီဘက်က ပြန်လည်လက်ခံမယ် ။ ပြန်လည်လက်ခံဖို့လည်း အဆင်သင့်ရှိတယ်။ သို့သော်လည်း ဒီတခေါက်ကျတော့ ဟိုတုန်းကလိုမျိုး ပြန်ဝင်လာကြတော့ဆိုပြီးတော့ ပြန်လည်လက်ခံတာနဲ့ မရတော့ဘူးခင်ဗျ။ ကျနော်တို့ဘက်က ဒီပြန်ဝင်လာတဲ့သူတွေကို စစ်ဆေးပြီးတဲ့နောက် တကယ်လို့ နိုင်ငံသားဖြစ်သင့်တယ်ဆိုရင် သေချာတယ်အချက်အလက် အထောက်အထားတွေ မှန်တယ်ဆိုရင် သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးရမယ်။ ပြီးတော့ နိုင်ငံသားဖြစ်ခွင့်ပေးပြီးရင်လည်း ကျန်တဲ့ တိုင်းပြည်နေရာအနှံ့မှာ သူတို့ကို လွှတ်လပ်စွာနေထိုင်ခွင့်ပေးရမယ်။ နောက်တခါ အဲဒီလူတွေရဲ့ လူမှုရေး၊စီးပွားရေး၊နိုင်ငံရေး အစစပေ့ါဗျာ လုံခြုံရေးကအစ အစိုးရက တာဝန်ယူနိုင်ရလိမ့်မယ်။ အဲလိုတာဝန်ယူနိုင်မှ တဖက်က နိုင်ငံတကာစိတ်ပူပန်မှုတွေက ဖြေဖျောက်နိုင်မှပေါ့။ အခုကျတော နားလည်သလောက် ဒီမြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ၂ နိုင်ငံကြား ချုပ်ထားတဲ့ စာချုပ်မှာဆိုရင်လည်း ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီကို ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာတဲ့ ကိစ္စမှာ ပါဝင်ကူညီဖို့ လက်ခံထားတယ်ဆိုတာ ပါတာကို။ ဆိုတော့ ဒီလောက်နဲ့ လုံလောက်မယ်လို့ထင်ပါတယ်။ ဒီထက်ပိုတဲ့ ပြည်တွင်းကိုဝင်ရောက်စွက်ဖက်တာကိုတော့ ကျောန်တို့ ဘယ်နည်းနဲ့မှ လက်မခံသင့်ဘူးပေ့ါဗျာ။

ဒုတိယအချက်ကတော့ စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်လို့ကတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေပြီးတော့ Fact Finding Mission အချက်အလက်ရှာဖွေရေးကော်မရှင်ဖွဲ့ခဲ့တာကြာပြီ အခုအထိ ကျနော်တို့နိုင်ငံကို ဝင်ခွင့်မပေးဘူး။ တဖက်မှာကတော့ နိုင်ငံတကာစွတ်စွဲချက်တွေကို ဖြေရှင်းဖို့အတွက် လွတ်လပ်သော နိုင်ငံတာကာ ကော်မရှင်တရပ်လိုအပ်တာကတော့ အမှန်ပဲခင်ဗျ။ ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီးတော့ အကြံပေးဖို့အတွက် ကိုဖီအာနန်ခေါင်းဆောင်တဲ့ ကော်မရှင်လိုမျိုး အဖွဲ့အစည်းလိုမျိုးပေါ့။ ကျနော်တို့ဘက်ကလည်း လွတ်လပ်သော နိုင်ငံတကာ ကော်မရှင်တရပ်ကို ဖွဲ့စည်းပြီး တာဝန်ပေးဖို့လိုအပ်တယ်။ ကျနော်အကြံပေးချင်တာကတော့ အဲဒီလို နိုင်ငံတကာကော်မရှင်က လူ့အခွင့်အရေး အခြေခံစစ်ဆေးတာမဟုတ်ပဲနဲ့ ရခိုင်ပြည်နယ်ပြဿနာကြီးတခုလုံးကို ရာဇဝတ်မှု ဖြစ်ပွားတဲ့ နေရာတခုသတ်မှတ်ပြီးတော့ ရာဇဝတ်မှု ဖြစ်ပွားတဲ့နောက်မှာ ရာဇဝတ်မှုကြီး ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတာကို စုံစမ်းစစ်ဆေးတဲ့ Forensic ခေါ်တာပေါ့နော် အမှုအခင်းကို နောက်ကြောင်းပြန်စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးလုပ်တာကတော့ လုပ်သင့်တယ်လို့ ထင်တာပဲ။ ဒါကျနော့်အကြံပြုချက်ပါ။

မစုမြတ်မွန်။ ။ ကိုအောင်ဒင်ပြောခဲ့သလိုမျိုး တကယ်တမ်းဒီလို ဘက်မလိုက်ပဲနဲ့ နိုင်ငံတကာကလည်း လက်ခံနိုင်လောက်တဲ့သူတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့ကြီးကိုလုပ်ဖို့ဆိုတာက အစိုးရအနေနဲ့ရော အဲလိုလုပ်ဖို့အတွက်မှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ တွက်နိုင်သလားရှင့်။

ကိုအောင်ဒင်။ ။ဒီစစ်ဆေးမှုက အစိုးရနဲ့ တပ်မတော်နဲ့ နှစ်ဦး ၂ဖက် သဘောတူမှ ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြဿနာအတွက် ကိုဖီအာနန် ကော်မရှင်ဖွဲ့တုန်းကတော့ အစိုးရဦးဆောင်လို့ ဖွဲ့စည်းလို့ရတယ်။ ကိုဖီအာနန် ကော်မရှင်ကလည်း Hybrid ခေါ်တာပေါ့ဗျာ နိုင်ငံခြားသားပညာရှင်တွေပါသလို ပြည်တွင်းကပညာရှင်တွေ ပါပြီးတော့ လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်ရခဲ့တယ်။ ဒါပေမယ့် အခုဒီ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့အတွက်တော့ အစိုးရနဲ့ တပ်မတော်နဲ့ သဘောတူမှုရှိဖို့ လိုအပ်တာပေါ့။

မစုမြတ်မွန်။ ။အခုလက်ရှိကြည့်ရင် နိုင်ငံတကာအသိုင်းအဝိုင်း က မြန်မာနိုင်ငံအပေါ်မှာ ဖိအားတွေများနေတယ်။ ဥပမာ မနေ့ကလိုမျိုး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အထူးဆွေးနွေးပွဲမြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့လုပ်ရတာမျိုးရှိတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကပဲ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌကနေပြီးတော့မှ ကြောညာချက်ထုတ်ပြန်ထားတယ်။ အဲဒီထုတ်ပြန်ချက်အရဆိုရင်လည်း ဒီရက်ပိုင်းအတွင်းမှာ ပြန်ပြီးတော့ ကုလအတွင်းရေးမှူးချုပ်ကနေပြီးတော့လုံခြုံရေးကောင်စီကို ရခိုင်အခြေအနေ ဖြစ်ပေါ်တိုးတက်မှုတွေကို ပြန်ပြီးတော့ briefing ပေးရမယ်ပေါ့နော်။ ဆိုတော့ ဒီလိုဖိအားတွေများနေတယ်၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ များနေတယ်ဆိုတော့ ဒီဟာတွေဟာ ဒီထက်ပိုပြီးတော့ အခြေအနေတွေ ဘယ်လောက်အထိ ဆိုးလာနိုင်တယ်ဆိုတာ တွက်လို့ရသလဲ။

ကိုအောင်ဒင်။ ။နိုင်ငံတကာ ဖိအားပေးမှုက ဟိုတုန်းကထက်စာရင် အများကြီးပြင်းတယ်ခင်ဗျ။ ပြင်းတယ်ဆိုတာက အရင်တုန်းက စီးပွားရေးပိတ်ဆို့မှုတွေ ရှိနေတော့ ချက်ချင်းသိသာတာပေါ့။ အခုက စီးပွားရေးပိတ်ဆို့မှုတွေ မရှိသေးတဲ့အခါဆိုတော့ဒီပြင်းထန်မှုဆိုတာက ချက်ချင်းမသိနိုင်သေးဘူး။ တိုင်းပြည်ကို အရှက်တကွဲဖြစ်အောင် သိက္ခာကျတဲ့အဆင့်ပဲရှိသေးတာကို။ သို့သော် စီးပွားရေးပိတ်ဆို့မှုတွေလိုဆိုးတဲ့ အကျိုးဆက်တွေက နောက်ဆက်တွဲလာနိုင်တာပေါ့နော်။ အစိုးရတွေ ကိုယ်က လိုလိုချင်ချင်လုပ်တာမဟုတ်ပဲ ရိုဟင်ဂျာတွေကို ထောက်ခံလှုပ်ရားသော အရပ်ဖက်အဖွဲ့အစည်းတွေကဖိအားနဲ့ သက်ဆိုင်ရာ ကွန်ဂရက် လွှတ်တော်တွေကနေပြီးတော့ ဥပဒေတွေပြဌာန်းပြီးတော့ မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့တာမျိုးတွေ ဆက်တိုက်ဆက်တိုက်ရှိလာနိုင်တာပေါ့နော်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုမလုပ်ဖို့အတွက် သက်ဆိုင်ရာ ကုမ္ပဏီ တွေကို တားမြစ်တာတွေ ၊ မြန်မာနိုင်ငံကနေထွက်ဖို့အတွက် ကုမ္ပဏီ တွေကို ဖိအားပေးတာတွေ မြန်မာပြည်ကထုတ်တဲ့ပစ္စည်းတွေကို မဝယ်ဖို့ မတင်သွင်းဖို့အတွက် နိုင်ငံတကာအစိုးရတွေကို ဖိအားပေးတယ်။ ဒါတွေက ဆက်တိုက်ဆက်တိုက် ဖြစ်လာနိုင်တဲ့အလားအလာတွေပေါ့ ဆိုတော့ ကျနော်တို့က ဒါကြောင့်မို့လို့ နိုင်ငံတကာဖိအားတွေက ဘာမှအရေးမကြီးပါဘူးဆိုပြီးတော့ ကိုယ့်ကိုယ်ကို ဟန်ဆောင်နေလို့တော့ မရပါဘူး။ တကယ်လို့ ဟန်ဆောင်တယ်ဆိုရင် ဒါက အမှန်တရားကို သေချာနားမလည်လို့ပဲဖြစ်လိမ့်မယ်။ ဒီတခေါက်ပိုဆိုးတာက ဒီ ရိုဟင်ဂျာအသိုင်းအဝိုင်းကတော့ သူတို့အတွက် အင်မတန်ကြီးမားတဲ့ နိုင်ငံရေးအမြတ်တွေရနေတာကို။ ဒီနိုင်ငံရေးအမြတ်တွေရတဲ့အခါကျတော့ ဒီအမြတ်တွေ တခါမှနိုင်ငံတကာထောက်ခံမှုမရှိခဲ့ဘူးတဲ့ အမြတ်တွေကိုသုံးပြီးတော့ သူတို့ ဒီတခေါက်ကြိုးစားတာကတော့ ပြန်ခွင့်ရအောင်တင်မကဘူး၊ နိုင်ငံသားလည်းဖြစ်ခွင့် လူမျိုးစုအဖြစ်အသိအမှတ်ပြုရမယ်ဆိုတဲ့ အဲဒီလောက်အထိကို ရည်ရွယ်ချက်ထားတဲ့ သဘောရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အစိုးရနဲ့လည်း မူဝါဒရေးရာ ပြတ်သားတဲ့ မူတခုချဖို့ လိုတယ် အဲဒါဘာလဲဆိုတော့ ပြန်ဝင်လာတဲ့သူကို လက်ခံမယ်၊ နိုင်ငံသားလည်းဖြစ်ခွင့်ရှိသူကို နိုင်ငံသားဖြစ်ခွင့်ရှိမယ် သို့သော်လည်း တိုင်းရင်းသားလူမျိုးစုဖြစ်ခွင့်တော့ ဘယ်တော့မှ မပေးနိုင်ဘူးဆိုတာမျိုးကိုတော့ ရှင်းလင်းပြတ်သားစွာနဲ့ အခုကတည်းကစပြီးတော့ မူဝါဒ တခုချမှတ်ထားဖို့ လိုပါတယ်။”

US Campaign for Burma ရဲ့အမှုဆောင်ဒါရိုက်တာဟောင်းဖြစ်တဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်ဒင်ကို မစုမြတ်မွန်က မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG