သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး စိစစ်ရေးအဖွဲ့ ဖွဲ့စည်း


နေရပ်စွန့်ခွာထွက်ပြေးသူများကို ပြန်လည်လက်ခံစိစစ်ဖို့ ဝန်ကြီးဌာနသုံးခုနဲ့ ရခိုင်အစိုးရအဖွဲ့တို့ပူးပေါင်းပါဝင်တဲ့ စိစစ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်က ပြန်လာမယ့် ဒုက္ခသည်တွေပြန်လာတဲ့အခါ စိစစ်လက်ခံဖို့အတွက် စိစစ်ရေးအဖွဲ့ ဖွဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူက ပြောပါတယ်။ ဘယ်ဝန်ကြီးဌာနတွေပါဝင်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မှာလဲဆိုတာကို ဗွီအိုအေသတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

အခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က အာဆာအကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေရှ့်ဖက် ထွက်သွားကြသူတွေကို ပြန်လည်စိစ်စစ်လက်ခံတဲ့ လုပ်ငန်းတွေအတွက် ဝန်ကြီးဌာနသုံးခုနဲ့ ရခိုင်အစိုးရအဖွဲ့ပါဝင်တဲ့ စိစစ်ရေးအဖွဲ့ကို ဖွဲ့လိုက်တာပါ။အဲဒီအဖွဲ့တွေကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရ ခိုင်ပြည်နယ်အစိုးရအဖွဲ့တွေဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာနတစ်ခုချင်းစီလိုက်ပြီး တာဝန်ယူစိစစ်ဆောင်ရွက်သွားမှာနဲ့ပါတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ပြည်နယ်အစိုးရရယ် ပြည်နယ်အစိုးရကိုယ်စားလှယ်ရယ် အဓိက လဝကရယ်၊ နယ်ခြားစောင့်ရဲရယ် ဒီအဖွဲ့တွေကတော့ အဓိကတော့ မြေပြင်မှာ လက်ခံမှာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းတယ်ဆိုတာက နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ခုနပြောတဲ့ ကြိုတင်အချက်အလက်တွေကို ပေးပြီးတော့ ဖြည့်တာတို့ တဖက်နိုင်ငံနဲ့ ဆက်စပ်ပြီးတော့ လုပ်တဲ့အပိုင်းကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လုပ်ပေးရမှာပဲ။”

ဘင်္ဂလားဒေရှ့်ဖက်က ပြန်လာသူတွေဟာ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်း ထွက်သွားကြသူတွေ ဖြစ်တယ်ဆိုတာကို စိစစ်ဖို့ အခုလို ဝန်ကြီးဌာနသုံးခုနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပါဝင်တဲ့ စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဦးတင်မောင်ဆွေကပြောပါတယ်။

“အဓိကပြောချင်တာက ကျနော်တို့က ပြန်လည်လက်ခံတဲ့ဟာတွေကို ၁၉၉၂-၁၉၉၃ မှာလုပ်ခဲ့တဲ့ ဒီပုံစံအတိုင်းပဲ အခြေခံပြီးတော့ လက်ခံရမှာပါ။ လက်ခံပြီးတော့ အဲဒီမှာ ပါဝင်တဲ့အချက်တွေကတော့ မိမိနေရပ်မှာ နေထိုင်တဲ့သူတွေဖြစ်ရမယ်။ နောက်ပြီးတော့ ပြန်လည်လက်ခံတဲ့အခါမှာလည်း သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ထွက်ခွာသွားတဲ့သူတွေပဲဖြစ်ရမယ် အဲဒါမတိုင်ခင်တုံးကလူတွေကို သူတို့လက်ခံမှာမဟုတ်ဘူး။ အဲဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ စိစစ်ရမှာဖြစ်ပါတယ်။”

ခုလိုဘင်္ဂလားဒေရှ့်ဘက်က ပြန်လာသူတွေကို လက်ခံတဲ့နေရာမှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးကော်မတီ UEHRD ရဲ့ကွပ်ကဲမှုအောက်ကနေ ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာကြတဲ့ဒုက္ခသည်အရေး နဲ့ပက်သက်ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန် မာမွတ်အလီနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တို့ နိုဝင်ဘာလက နှစ်နိုင်ငံသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ လက်ရှိမှာတော့ ပြန်လာချင်တဲ့ ဒုက္ခသည်တွေပြန်လာနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနဖက်က ဘင်္ဂလားဒေရှ့်ဖက်ကို လေ ျှာက်လွှာပုံစံတွေပို့ထားပါတယ်။

“သဘောတူညီချက်မှာလည်း စိစစ်ပြီးတော့ လက်ခံမယ်ဆိုတာကို သဘောတူထားပြီးဖြစ်ပါတယ်။ စိစစ်ဖို့အတွက်ကို သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ ပုံစံတွေရှိတာပေါ့ ။ ဒီပုံစံတွေကို တင်ပြီးတော့ စစ်ရမှာဖြစ်ပါတယ်။ အဲဒါကိုနိုင်ငံခြားရေးဝန်ကြီးဌာနဖက်က တာဝန်ယူပြီးတော့ ကြိပြီးတော့ ပို့ထားပေးပါတယ်။ ဒီဘက်ကို ပြန်ဝင်လာမယ့်သူတွေက ဖြည့်ရမှာဖြစ်ပါတယ်။”

နိုင်ငံပြင်ပထွက်သွားသူတွေကို ပြန်လက်ခံဖို့အတွက် တောင်ပြိုလက်ဝဲနဲ့ ငခူရကျေးရွာတွေမှာ လက်ခံရေးစခန်းတွေကို အဆောက်အဦးတွေကို ဆောက်လုပ်နေပါတယ်။ လာမယ့်သီတင်းပတ် ၂ ပတ်လောက်အတွင်းမှာတော့ ဟိန္ဒူဘာသာဝင်တွေကို စတင်လက်ခံသွားမယ်လို့ ပြောပါတယ်။ တချိန်ထဲမှာပဲ စစ်တွေမြို့က IDP စခန်းတွေမှာ ခိုလှုံခဲ့တဲ့ ဟိန္ဒူဘာသာဝင်အားလုံးနီးပါးကို နေရပ်မောင်တောခရိုင်ဖက်ကို သက်ဆိုင်ရာက ပြန်ပို့နိုင်ခဲ့ပြီလို့ အစိုးရထုတ်သတင်းစာတွေထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG