သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ်ရေးအချက်အလက် ဘင်္ဂလားဒေ့ရှ် စတင်ကောက်ယူ


 kutupalong ဒုက္ခသည်စခန်းတွင်း တရားဝင် စာရင်းဝင် အသိအမှတ်ပြု ကဒ်ပြားကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာ ကလေးငယ်။
kutupalong ဒုက္ခသည်စခန်းတွင်း တရားဝင် စာရင်းဝင် အသိအမှတ်ပြု ကဒ်ပြားကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာ ကလေးငယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေး ၂ နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းနေချိန်မှာပဲ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကုလသမဂ္ဂ အကူအညီနဲ့အတူ စတင်ကောက်ယူ စုဆောင်းနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) တို့ပူးပေါင်းပြီး အချက်အလက်တွေ စုဆောင်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

အခုရက်ပိုင်းတွေမှာတော့ ဘင်္ဂလားနယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေရဲ့ မိသားစုဦးရေစာရင်း၊ မူရင်းနေရပ် စတဲ့အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ပူးပေါင်းပြီး စာရင်းတွေ ကောက်ခံနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်စခန်းနေ ဒုက္ခသည်တွေကပြောပါတယ်။

မိသားစုလိုက် မှတ်တမ်းဓာတ်ပုံရိုက်ပြီးတော့ ကျား-မ ကလေး ဦးရေ စာရင်းကောက်ယူပါတယ်လို့ မိသားစု(၁၁)ဦးနဲ့အတူ ဘင်္ဂလားဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ kutupalong ဒုက္ခသည်စခန်းနေ မိုဟာမက်ဇူဝစ်ခေါ် ဦးမောင်မောင်က အချက်အလက် ကောက်ခံနေတဲ့ အခြေအနေကို ရှင်းပြပါတယ်။

"သူတို့ ဒီမှာရှိတဲ့လူတွေကို စိစစ်နေတာက သူတို့က UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ ဆိုတာနဲ့ ၂ ခု လုပ်ထားပြီ ။ တခုက UNHCR နဲ့ မိသားစုအလိုက် ဓါတ်ပုံရိုက်တယ် နောက်ပြီးတော့ အဲဒီမိသားစုထဲမှာ လူဘယ်နှစ်ယာက်ရှိလဲ ကလေး ဘယ်နှစ်ယောက်ရှိသလဲ၊ ကျား၊မ ဘယ်နှစ်ယောက် အဲဒါကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရဘက်ကကောက်နေတာက အခုအထိကောက်နေတယ်။"

ဘင်္ဂလားဒေ့ရှ်နယ်စပ် cox's bazarက Balukhali ဒုက္ခသည်စခန်းဘက်မှာလည်း မြန်မာပြည်ဘက်ခြမ်း နေထိုင်ခဲ့တဲ့ မူလနေရပ်ရင်းလိပ်စာ၊ မိသားစုလူဦးရေ စာရင်းတွေကို UNHCR နဲ့ ဘင်္ဂလား တာဝန်ရှိသူတွေဘက်က အခုထက်ထိ ကောက်ခံစာရင်းယူနေတုန်းပဲလို့ Balukhali စခန်းနေ ဒုက္ခသည် ကိုမျိုးသန့်ကပြောပါတယ်။

"လောလောဆယ် ဒီမှာ သူတို့လုပ်နေတာတွေက အများကြီးပဲ ဘင်္ဂလားဒေ့ရှ်အစိုးရရယ် နောက် ပြီးတော့ ကုလသမဂ္ဂ ရယ် လာပြီးတော့ စစ်ဆေးတာရှိပါတယ်။ မိသားစုအလိုက် စိစစ်တာတွေလည်းရှိတယ်။ မိသားစုဝင်တွေရဲ့ နာမည်၊ အသက်တွေ မူလနေရာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့နေရာတွေ အဲလိုမျိုးပေါ့လေ စိစစ်တာတွေရှိပါတယ်။"

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ သွားလာရေး စည်းကမ်းတင်းကျပ်ပြီး သိန်းချီတဲ့ဒုက္ခသည်တွေ အုပ်စုလိုက် နေထိုင်ရတဲ့အတွက် ရာသီဥတုဒဏ် နေရာထိုင်ခင်း ကျပ်တည်းမှုတွေနဲ့အတူ ကလေးငယ်တွေမှာလည်း ရောဂါဘယ ခံစားနေရတာတွေ ရှိတဲ့အတွက် မိမိတို့နေရပ်ရင်းကိုပဲ ပြန်လိုပါတယ်လို့ kutupalong ဒုက္ခသည်စခန်းနေ မိုဟာမက်ဇူဝစ်ခေါ် ဦးမောင်မောင်က ပြောပါတယ်။

"ဒီမှာ အခက်အခဲရှိတာက လူတွေက ကလေးတွေ ဘာတွေက ရောဂါ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဲဒီမှာရှိတဲ့လူတွေ ဘာလုဂါလီဘက်မှာ နောက် ဒီမှာလည်း ရောဂါ အမျိုးမျိုးရှိတဲ့လူတွေကလည်း တအားများတယ်။ ဆေးခန်းတွေလည်း ဖွင့်ထားတယ်။ ဒီမှာလူတွေက တအားများတယ်။ ဒီမှာ ကျနော်တို့ တမိနစ်တောင် ကျနော်တို့ မနေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမှာလူတွေက တအားများတယ်။ များတော့ လမ်းတွေသွားလို့မရဘူး တခြားနေရာကို သွားလို့မရဘူး။ သွားရလာရခက်တယ် ဒီမှာ ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ပြန်ဖို့ ပြင်ဆင်နေတယ် ကျနော်တို့နေရာကို ကိုယ့်မူလနေရာ ကိုယ်နိုင်ငံကို ပြန်ဖို့ ပြင်ဆင်နေတယ်။"

ဒါပေမဲ့လို့ မြန်မာပြည်ကိုပြန်လာကြမယ့် မူဆလင် ဒုက္ခသည်တွေကို သူတို့နေရပ်ရင်း မပြန်ခင် အစိုးရကယ်ဆယ်ရေးစခန်းတွေမှာ နေရာချထားပေးပြီး NVC ကဒ်လို ကဒ်တွေကို ကိုင်ဆောင်ခိုင်းမယ့် အနေအထားကိုတော့ ဒုက္ခသည်တွေဘက်က မလိုလားဘူးလို့လည်း ဦးမောင်မောင်က ဆက်ပြောပါတယ်။

" အခုကြည့်တာ မူလနေရာမှာ ပထမဆုံးနေရာချပေးရမှာက အဲ့ဒီ့ကြားစခန်းဆိုပြီးတော့ ခဏလေး နေရမယ်ဆိုပြီးတော့ ပြောထားတာ ကြားထားတယ်။ အဲ့ဒီ့အထဲမှာ ရှိတဲ့ NVC တို့ ဘာတို့ ဆိုရင် သူတို့ အပြင်သွားခွင့်မပေးဘူး။ ငါးရှာခွင့်မပေးဘူး အလုပ်လုပ်ကိုင်ခွင့်မပေးဘူး။ မြန်မာအစိုးရဘက်က ပြောတာက NVC ဆိုပြီး ကိုင်ဆောင်ရမယ် သူတို့ကပြောပြီး ကြေညာထားတာရှိတယ် အဲ့တာကို ကျနော်တို့က လုံးဝ ကန့်ကွက်ပါတယ်။"

Balukhali စခန်းနေ ဒုက္ခသည် ကိုမျိုးသန့်ကလည်း ဒုက္ခသည်စခန်းတွေထဲ နေလာရ တာက သြဂုတ်လကတည်းကဆို လနဲ့ချီကြာမြင့်လာပြီဖြစ်လို့ အမြန်ဆုံးပြန်လိုပေမဲ့ ခိုင်မာတဲ့အာမခံချက်နဲ့ လုံခြုံရေးတာဝန်ယူပေးဖို့ လိုတယ်လို့ပြောပါတယ်။

" ကျနော်တို့ ပြန်ဖို့ ကိစ္စမှာ တကယ်လို့ ကျနော်တို့ မူလနေရာမှာပဲ ပြန်နေချင်ပါတယ် ပြန်သွားချင်ပါတယ် ကျနော်တို့ မြန်မာပြည်ကို။ ကျနော်တို့ပြန်သွားလို့ရှိရင် လူ ဆိုပြီးတော့ လူသားလို ဆက်ဆံမယ်ဆိုရင် ကျနော်တို့ ပြန်ဖို့ အဆင်သင့်ရှိပါတယ်။"

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ရိုဟင်ဂျာမူဆလင်ဒုက္ခသည်ပေါင်း ခြောက်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေကြပြီး အခုအချိန်ထိလည်း အသုတ်လိုက် ထွက်ခွာနေကြဆဲဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ သဘောတူညီချက်တွေအရ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး စီစဉ်နေကြပြီလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG