သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး အဆိုပြုချက်မူကြမ်း လူ့အခွင့်အရေးကောင်စီ အတည်ပြု


ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မူဆလင်နဲ့ တခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မနေ့တုန်းက အထူးအစည်းအဝေး ခေါ်ယူခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုခဲ့ကြပါတယ်။ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ အများစုဟာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေရဲ့ အခြေအနေမှန်တွေကို သိနိုင်ဖို့ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက လာရောက်လုပ်ဆောင်ခွင့်ပေးဖို့ တိုက်တွန်း တောင်းဆိုနေကြတာပါ။ အခြေအနေတွေကို ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံ ရှိတဲ့အထဲမှာ ၃၃ နိုင်ငံက မနေ့က အထူးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ထောက်ခံခဲ့ကြပြီး တရုတ်၊ ဖိလစ်ပိုင်နဲ့ ဘူရွန်တီ ၃ နိုင်ငံကတော့ ကန့်ကွက်ခဲ့ကြပါတယ်။ အိန္ဒိယ၊ ဂျပန်နဲ့ အီကွေဒေါ အပါအဝင် ၉ နိုင်ငံက ကြားနေခဲ့ကြပါတယ်။ အထူးအစည်းအဝေးရဲ့ သဘာပတိ ထောက်ခံမဲများတဲ့ အတွက် ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုတယ်လို့ စကားပြန်ကနေတဆင့် ပြောခဲ့တာပါ။

အဆိုပြုချက်ကို တင်သွင်းတဲ့ အဓိက ၂နိုင်ငံကတော့ ဘင်္ဂလားဒေ့ချ်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတွေပါ။ မနေ့က အထူးအစည်းအဝေး အပြီး ဘင်္ဂလားဒေ့ချ်သံအမတ် Shameem Ahsan ကတော့ အခုလို အထူးအစည်းအဝေး ခေါ်ယူဖို့ အားပေးထောက်ခံတဲ့ နိုင်ငံပေါင်းက လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၃၃ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်က ထောက်ခံခဲ့တာလို့ ဆိုပါတယ်။

“ အခုဆုံးဖြတ်ချက် မူကြမ်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ အရေးကို အပြုသဘောဆောင်တဲ့ ဖြေ ရှင်းမှုမျိုးနဲ့ လုပ်ဆောင်လာအောင် တိုက်တွန်းတဲ့ သဘောပါပဲ။ အခုအဆိုပြုချက်ဟာ ဖိနှိပ်ရက်စက်မှုတွေနဲ့ ကြုံတွေ့နေရ တဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို မျှမျှတတနဲ့ ပေါ်လွင်အောင် ရေးသားထားတာပါ။ အလွတ်သဘော ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောသွားခဲ့တာပါ။”

ဆော်ဒီအာရေးဗျနိုင်ငံ ဘက်ကလည်း မြန်မာအာဏာပိုင်တွေ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ရိုဟင်ဂျာအရေး ဖြေရှင်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ် သံအမတ် ဦးထင်လင်းကတော့ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်ခဲ့ပါတယ်။

“ အခု အဆိုပြုချက်မူကြမ်းဟာ ကမ္ဘာတဝှမ်းက လူ့အခွင့်အရေး မြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ ချမှတ်ထားတဲ့ လမ်းကြောင်းတွေက ကြိုးပမ်းမှုတွေနဲ့ ဝေးကွာနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ ပြဿနာရဲ့ အစိတ်အပိုင်းတခု မဟုတ်သင့်ဘဲ ပြဿနာကို ဖြေရှင်းမှုရဲ့ အစိတ် အပိုင်း ဖြစ်ရပါလိမ့်မယ်။ မူကြမ်းထဲမှာ ပါဝင်တဲ့ တချို့အချက်တွေက မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးနေသလို အမှန်တရားနဲ့လည်း ဝေးကွာနေပါတယ်။ မြန်မာအစိုးရဟာ မစ္စတာ အာနန်အဖွဲ့ရဲ့အကြံပြုချက် တွေအတိုင်းလိုက်နာအကောင်အထည်ဖေါ်နေတာပါ။ ရခိုင်ပြည်နယ်အတွင်းကလက်ရှိအခြေအနေတွေက ကြီးမားရှုပ် ထွေးနေတာမို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရကလက်မခံပါဘူး။ ဒီအခြေအနေတွေကို နိုင်ငံတကာက နားလည်သဘောပေါက်ဖို့လိုပါတယ်။”

တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ် မစ္စတာ Jiang Duan ကတော့ ရိုဟင်ဂျာပဋိက္ခကို ဖြေရှင်းရေးမှာ ဘင်္ဂလားဒေ့ချ်နဲ့ မြန် မာ၂နိုင်ငံအကြား စေ့စပ် ညှိနှိုင်းယူတာကအကောင်းဆုံးဖြေရှင်းမှုလို့ယူဆပြီး ဒီအဆိုပြုချက်မူကြမ်းဟာလက်ရှိ အခြေ အနေကို ပြေလည်စေရေး အထောက်အကူပြုမှာမဟုတ်တာကြောင့် ကန့်ကွက်ရတာလို့ စကားပြန်ကတဆင့်ပြောပါတယ်။

“ တရုတ်နိုင်ငံရဲ့ အမြင်အရ ဒီ အဆိုပြုချက် မူကြမ်းဟာ ပြသနာကို ဖြေရှင်းရာ မရောက်ဘဲ ပိုပြီး ရှုပ်ထွေးစေတဲ့ အတွက် ရိုဟင်ဂျာတွေ ဌာနေပြန်ပို့ရေး အစီအစဉ်ကို အဟန့်အတား ဖြစ်စေသလို ရခိုင်ပြည်နယ် ပြသနာ အဖြေရှာရေးကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေရှ့်ရော မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကိုပါ ရှေ့ရှုရာ မရောက်ပါဘူး။ ဒီအခြေအနေ အပြင် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သဘောထားကို အခြေခံပြီး တရုတ်က ဒီအဆိုကို မဲခွဲဆုံးဖြတ်ဖို့ အတွက် တောင်းဆိုခဲ့သလို ဒီအဆိုပြုချက်ကိုလည်း ကန့်ကွက်ပါတယ်။”

ကြားနေခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ကိုယ်စားလှယ် Mr. Rajiv Kumar Chander ကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ချ် အကြားအပြု သဘောဆောင်တဲ့ ဆွေးနွေးအဖြေရှာမှုတွေ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“လူ့အခွင့်အရေးကို ထောက်ခံအားပေးရာမှာလည်း ကာကွယ်စောင့်ရှောက်ရာမှာ သက်ဆိုင်ရာ နိုင်ငံနဲ့ အပြုသဘောဆောင် ဆွေးနွေးခြင်းကနေ ဆောင်ရွက်ခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ အိန္ဒိယက အမြဲလက်ခံထားတာ ဖြစ်ပါတယ်။ ဒီကိစ္စကို တရားမ ျှတစွာ ဘက်မလိုက်ဘဲ ကိုင်တွယ် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အတွက် လက်ရှိ ရခိုင်အရေးမှာလည်း အလားတူ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေ အရ အိန္ဒိယအနေနဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး ကြားနေဖို့ ဆုံးဖြတ်ပါတယ်။”

အဆိုပြုချက်ကို ထောက်ခံခဲ့တဲ့ အမေရိကန်ကိုယ်စားလှယ် Ms. Kelly Currie ကတော့ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့နဲ့တခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ဝင်ရောက်လုပ်ဆောင်ခွင့် ပေးဖို့ မြန်မာအစိုးရကို ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။

“မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေနဲ့ အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဖြစ်ပေမယ့် တွေ့ရှိချက်တွေကို ယုံကြည် စိတ်ချရတယ်လို့ အမေရိကန်က မယူဆပါဘူး။ ဒါကြောင့် သီးခြား လွတ်လပ်တဲ့ အဖွဲ့ကို ဖွဲ့စည်းပြီး လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွေကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းပါတယ်။ စိုးရိမ်စရာ ကောင်းလှတဲ့ လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်တဲ့ စွပ်စွဲချက်တွေကို ဆက်လက် ငြင်းဆိုနေပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေက ကင်းလွတ်ခွင့် ပေးနေတာကို အဆုံးမသတ်သရွေ့တော့ မြန်မာနိုင်ငံ အနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ ပဋိပက္ခကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ ”

ရိုဟင်ဂျာ မူဆလင်တွေကို မြန်မာနိုင်ငံအတွင်းမှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်ရက်စက်မှုတွေ လုပ်ခဲ့တဲ့ကိစ္စတွေ ဟာ လူမျိုးတုန်းသတ်ဖြတ်မှု သဘောမျိုးဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Al Hussein က မနေ့ကပဲ ပြောခဲ့ပါတယ်။

အခုဆုံးဖြတ်ချက် မူကြမ်းအရ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုရှိမရှိကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက စောင့်ကြည့် ပေးဖို့တောင်းဆိုခဲ့ပြီး၊ ပဋိပက္ခကို အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုတွေ လုပ်ဆောင်လာအောင် အခြေအနေတွေကို ၃နှစ်ဆက်တိုက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားဖို့နဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အစီရင်ခံစာ တင်းသွင်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှု အခြေအနေ တိုးတက်မှု ရှိမရှိဆိုတာနဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့နဲ့ တခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို လက်ခံမှုရှိမရှိ အခြေအနေတွေကိုလည်း အစီရင်ခံ တင်ပြဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG