သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ် အာဆီယံ၊ နိုင်ငံတကာအရွေ့နဲ့ မြန်မာ့အရေး


U.S. House Speaker Nancy Pelosi meets Taiwan President Tsai Ing-wen
U.S. House Speaker Nancy Pelosi meets Taiwan President Tsai Ing-wen

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်ဝမ်သွားတဲ့ ခရီးစဉ်ဟာ ဒီတစ်ပတ်အတွင်း ကမ္ဘာ့၊ မြန်မာ့မီဒီယာတွေမှာ လွှမ်းမိုးနေရာယူထားတာ တွေ့ရပါတယ်။ နှစ်ပေါင်း ၂၅ နှစ်တာအတွင်း ထိုင်ဝမ်ကိုသွားတဲ့ အဆင့်အမြင့်ဆုံး အမေရိကန်ခေါင်းဆောင် ဖြစ်ပါတယ်။ ပလိုစီရဲ့ ခရီးစဉ်ဟာ တကမ္ဘာလုံး စိုးတထိတ်ထိတ်နဲ့ ရင်မစောင့်ကြည့်ရတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ စိုးလည်း စိုးရိမ်စရာပါ။ ပလိုစီရဲ့ထိုင်ဝမ်ခရီးစဉ်ကို တရုတ်နိုင်ငံက တစ်ချိန်လုံး ပြင်းပြင်းထန်ထန် ကန်ကွက်နေခဲ့တာပါ။ တရုတ်က လိုအပ်ရင် စစ်ရေးအရပါ လက်တုန့်ပြန် အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အထိပါပဲ။ ဥရောပမှာ ယူကရိန်းကို ရုရှားက ကျူးကျော်သလိုမျိုး အာရှမှာ တရုတ်က ထိုင်ဝမ်ကို ဝင်တိုက်တဲ့ ဒုတိယ ယူကရိန်းစစ်ပွဲလိုများ ဖြစ်လာမလား စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့်လဲ ပလိုစီရဲ့ ထိုင်ဝမ်သွားတဲ့ ခရီးစဉ်ဟာ စောင့်ကြည့်သူအများဆုံး စံချိန်သစ် ဖြစ်ခဲ့တယ်လို့ Independent က ဆိုပါတယ်။ ကမ္ဘာတဝန်းက စောင့်ကြည့်နေကြသူတွေဟာ ပလိုစီရဲ့လေယာဉ် ထိုင်ဝမ်ရဲ့မြို့တော် တိုင်ပေကို ဆင်းချိန်မှာ ၇၀၈,၀၀၀ (၇ သိန်း ၈ ထောင်) ရှိပြီး၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူကေ တိုင်ပေကိုသွားတဲ့ ၇ နာရီကြာခရီးအတွင်းမှာ လူပေါင်း ၃ သန်းကျော် စောင့်ကြည့်နေခဲ့ကြတယ်လို့ Independent က ဖော်ပြပါတယ်။

ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ နိုင်ငံရေးလောကကိုတင် မဟုတ်ပါဘူး။ စီးပွားရေးလောကကိုလည်း ရိုက်ခတ်ခဲ့ကာ စတော့ဈေးတွေ ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဟောင်ကောင် စတော့ဈေးကွက်မှာ ၂.၄ ရာခိုင်နှန်၊ ရှန်ဟဲဈေးကွက်မှာ ၂.၃ ရာခိုင်နှုန်း ၊ဂျပန်ဈေးကွက်မှာ ဝ.၆ ရာခိုင်နှုန်းနဲ့ ဂျာမနီဈေးကွက်မှာ ဝ.၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ CNN က သြဂုတ်လ ၂ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ ကမ္ဘောဒီးယားမှာ ပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးနဲ့လည်း တိုက်ဆိုင်နေခဲ့ပါတယ်။ ဒါကြောင့်လဲ မြန်မာ့အရေး အဓိကထားဆွေးနွေးဖို့ ရှိနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ အာဆီယံရဲ့ဆွေးနွေးဖက်နိုင်ငံတွေ အစည်းအဝေး သတင်းတွေအပေါ်မှာ ပလိုစီရဲ့ထိုင်ဝမ်ခရီးသတင်းတွေက လွှမ်းမိုးနေခဲ့တာ တွေ့ရပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ တရုတ်၊ ရုရှားအပါအဝင် ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျ၊ နယူးဇီလန်နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေ တက်ရောက်ခဲ့ကြတာဖြစ်လို့ ဒေသတွင်းရော မြန်မာ့အရေးအတွက်ပ အရေးပါတဲ့ အစည်းအဝေးတစ်ရပ် ဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် လိုက်နာခြင်း မရှိတဲ့ မြန်မာစစ်ကောင်စီအပေါ် ကိုဂျင်မီ၊၊ ကိုဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်သတ်ဖြတ်ပြီးနောက်မှာ အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းဟာ သိသိသာသာ သဘောထားတွေ ပြောင်းလဲလာတာကို တွေ့ရပါတယ်။ အာဆီယံထဲမှာ အပွင့်လင်းဆုံးနဲ့ ပြတ်သားတဲ့သဘောထားကို ထုတ်ဖော်ပြောကြားလာသူကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ပဲ ဖြစ်ပါတယ်။

"တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို ကွပ်မျက်လိုက်တာဟာ ပါးရိုက်ခံလိုက်ရသလိုပါပဲ။ စစ်အာဏာပိုင်တွေဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လှောင်ပြောင်ရာ ရောက်သလို၊ အာဆီယံခေါင်းဆောင်တွေနဲ့ အာဆီယံ ဥက္ကဋ္ဌတို့ကို မလေးမစားလုပ်ရာ ရောက်ပါတယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း VOA သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အခုအချိန်ကစလို့ နိုဝင်ဘာလ ထိပ်သီးအစည်းအဝေး မတိုင်ခင်အထိ တိုးတက်မှု မရရင်တော့ တခုခုကို စဉ်းစားဆုံးဖြတ်ရလိမ့်မယ်လို့လည်း ပြောပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း စစ်ကောင်စီက အကျဉ်းသားတွေကို ထပ်မံကွပ်မျက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲလုပ်ဆောင်ရလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့တာ တွေ့ရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေ၊ အာဆီယံအဖွဲ့င်နိုင်ငံတွေအနေနဲ့ မြန်မာစစ်ကောင်စီကို ပြတ်ပြတ်သားသား သတင်းစကားပါးဖို့ မျှော်လင့်ပါတယ်လို့
ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစ်စိုက် အားပေးထောက်ခံခဲ့တဲ့ အထက်လွှတ်တော် ရီပတ်ဗလင်ကင်ခေါင်းဆောင် Mitch McConnell ကလည်း မြန်မာ့အရေး အာဆီယံရဲ့ဆောင်ရွက်မှုတွေ ထိရောက်မှု မရှိဘူးဆိုရင် စွမ်းအင်လုပ်ငန်း အပါအဝင် စစ်အာဏာပိုင်တွေအတွက် ဝင်ငွေရလမ်းတွေကို အမေရိကန်အစိုးရအနေနဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ တိုက်တွန်းလိုက်ပြီး ကွန်ဂရက်လွှတ်တော်က အခွင့်အာဏာအပ်နှင်းထားတဲ့အတိုင်း စစ်တပ်အပေါ် ဖိအားပေးဖို့နဲ့ ဘဏ္ဍာရေးအရ ဖြတ်တောက်ဖို့ လုပ်ရလိမ့်မယ် သတိပေးပြောကြားခဲ့တာ တွေ့ရပါတယ်။

ဒီမိုကရေစီလိုလားသူ ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်ပြီးနောက်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမေရိကန်တွေ စဉ်းစားပုံ ပြောင်းလဲလာတာ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံခြားရေး မူဝါဒချမှတ်သူတွေအပေါ် သြဇာကြီးတဲ့ Think Tank ဌာနတစ်ခုဖြစ်တဲ့ CSIS (Center for Strategic and International Studies) ရဲ့ အရှေ့တောင်အာရှအစီအစဉ် ဒါရိုက်တာ Gregory Poling ကလည်း Time for Difficult Choices on Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးပါတယ်။

အဲဒီဆောင်းပါးမှာ NUCC ရဲ့ လုပ်ငန်းစဉ်တွေ ထင်သလောက် အလုပ်မဖြစ်ဘူးဆိုရင်တောင် NUG ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အများစုက ထောက်ခံတယ်ဆိုရင် အမေရိကန်အစိုးရအနေနဲ့ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုသင့်တယ်။ အမရိကန်အစိုးရက ထိန်သိမ်းထားတဲ့ ဒေါ်လာ တစ်ဘီလီယံကိုလည်း ပြန်ပေးဖို့ ပြင်ဆင်သင့်တယ်။ အမေရိကန်အနေနဲ့ မြန်မာ့အရေးအတွက် ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ ချန်ပီယံအဖြစ် ဦးဆောင်လုပ်ကိုင်သင့်တယ်။ ဒါ့အပြင် NUG လက်အောက်က PDF တွေရယ်၊ NUG နဲ့ လက်တွဲဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေကို လက်နက်ထောက်ပံ့တာ၊ စစ်သင်တန်းပေးတာတွေ လုပ်သင့်တယ်လို့ အကြံပြုရေးသားထားတာ တွေ့ရကြောင်းပါ။

=== Unicode ===








XS
SM
MD
LG