သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ေက်ာက္ေတာ္ၿမိဳ႕တိုက္ပဲြ အရပ္သား ၄ ဦးဒဏ္ရာရ


ရခုိင္ျပည္နယ္အတြင္း ကင္းလွည့္ေနသည့္ ျမန္မာ့တပ္မေတာ္သားမ်ား။

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ရန္ကုန္-စစ္ေတြ ကားလမ္းမႀကီးေပၚက မဟာကံႀကီးရွင္ ဘုရားအနီးမွာ မေန႔က ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ အရပ္သားေလးဦး ဒဏ္ရာရရွိခဲ့ပါတယ္။ ဒီသတင္းအျပည့္အစံုကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္ တင္ျပထားပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕အဝင္ မဟာကံႀကီးရွင္ဘုရားအနီးမွာ မေန႔က ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ အရပ္သားေလးဦး ဒဏ္ရာရရွိခဲ့ၿပီး အဲဒီဒဏ္ရာရရွိသူ ေလးဦးထဲက ႏွစ္ဦးရဲ႕ အေျခအေန စိုးရိမ္ရတာေၾကာင့္ စစ္ေတြေဆး႐ုံကို ပို႔ေဆာင္ထားရတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးထြန္းဝင္းက ေျပာပါတယ္။

“တေယာက္ကေတာ့ အဲဒီတုိက္ပြဲျဖစ္တဲ့ေနရာမွာ လမ္းေဘးေစ်းဆိုင္ေလး ေရာင္းေနတဲ့ တေယာက္ေပါ့။ သူ႔မွာေတာ့ လက္ေမာင္းကို က်ည္ဆန္ ေဖာက္ထြက္သြားတာ ျဖစ္တာေၾကာင့္ အ႐ုိးပါ ေၾကသြားေတာ့ ျပင္းျပင္းထန္ထန္ ျဖစ္တာေပါ့။ ေနာက္ႏွစ္ေယာက္ကေတာ့ ၿမိဳ႕လယ္ ေစ်းထဲမွာရွိတဲ့ ပန္းထိမ္ဆိုင္နားမွာ ရွိေနတဲ့ လူႏွစ္ေယာက္ေပါ့။ အေျမာက္ဆန္ေတြ ထိၿပီးေတာ့ အေသးစားဒဏ္ရာရတာ ျဖစ္တယ္။ ေနာက္တေယာက္ကေတာ့ ခ်င္းရြာရပ္ကြက္ ျဖစ္မွာေပါ့။ ပန္းဖဲတန္းဆိုၿပီးေတာ့ ရပ္ကြက္တခုရွိတယ္။ အဲဒီမွာ လမ္းေဘးမွာ ေနဆာလံႈေနတာကို သက္ႀကီးပိုင္းတေယာက္ရဲ႕ မ်က္ခံုးကို လာထိတယ္။ အဲဒီ လက္ေမာင္းကိုထိတဲ့ တေယာက္နဲ႔ မ်က္ခံုးကိုထိတဲ့တေယာက္ စိုးရိမ္ရတာေၾကာင့္ စစ္ေတြေဆး႐ုံကို ပို႔လိုက္ရတယ္။”

ေက်ာက္ေတာ္ၿမိဳ႕အတြင္းမွာ လံုၿခံဳေရး ေဆာင္ရြက္ေနတဲ့ တပ္မေတာ္ စစ္ေၾကာင္းကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က လူေနအိမ္ေတြကို အကာအကြယ္ယူၿပီး ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့တာေၾကာင့္ ၿမိဳ႕အတြင္း လူေနအိမ္တခ်ဳိ႕နဲ႔ ေဒသခံေလးေယာက္ ဒဏ္ရာရရွိသြားတာျဖစ္တယ္လို႔ တပ္ဘက္က ထုတ္ျပန္ထားပါတယ္။

ဒါေပမယ့္ AA အဖြဲ႔ဘက္ကေတာ့ တပ္မေတာ္စစ္ေၾကာင္းဟာ ေက်ာက္ေတာ္ၿမိဳ႕အတြင္းမွာ ရွိတဲ့ မဟာကံႀကီးရွင္ ဘုရားအတြင္းမွာ စခန္းခ်ၿပီး ေဒသခံေတြကို စစ္ေဆးေမးျမန္းတာေတြ လုပ္ေနတာေၾကာင့္ သတိေပးခဲ့တာ ျဖစ္တယ္လို႔ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက အခုလို ေျပာပါတယ္။

“ေက်ာက္ေတာ္ၿမိဳ႕ရဲ႕အဝင္ ကစၦပနဒီ တံတားနားမွာရွိတဲ့ မဟာကံႀကီးရွင္ ဘုရားအတြင္းမွာ ဗမာစစ္တပ္ဘက္က သူတို႔တပ္စြဲ စခန္းခ်ထားတာရွိတယ္။ အဲဒီေနရာကေနၿပီးေတာ့ က်ေနာ္တို႔ရဲ႕ ေဒသခံျပည္သူေတြကို တေလွ်ာက္လုံး သူတို႔ အေႏွာင့္အယွက္ ေပးေနတာေတြ ရွိတယ္။ အထူးသျဖင့္ေတာ့ မတရား ဖမ္းဆီးစစ္ေဆးတာေတြ၊ ၿခိမ္းေျခာက္တာေတြ၊ အမ်ိဳးသမီးေတြကို ေနွာင့္ယွက္တာေတြ သူတို႔ အဲလိုမ်ိဳးေတြ လုပ္ေနတာရွိတယ္။ အဲဒါေၾကာင့္ အဲဒီဘုရားဝင္းထဲမွာ စခန္းခ်ထားတဲ့ ဗမာစစ္တပ္ကို က်ေနာ္တို႔က ဆံုးမတဲ့အေနနဲ႔ သတိေပးပစ္ခတ္မႈေတြ လုပ္ခဲ့တာရွိတယ္။”

အခုလို ႏွစ္ဖက္ တိုက္ပြဲေတြျဖစ္တိုင္း တိုက္ပြဲျဖစ္ပြားရာ ေဒသတြင္း ေနထိုင္သူေတြအတြက္ ေနာက္ဆက္တြဲ ဒုကၡေတြနဲ႔ ႀကံဳၾကရတယ္လုိ႔ ေဒသခံ ရြာသားေတြက ေျပာပါတယ္။ အခုလည္း မေန႔က တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ေဒသခံေတြနဲ႔ လမ္းသြားလမ္းလာေတြကို တပ္မေတာ္ဘက္က စစ္ေဆးေမးျမန္းတာေတြ ရွိေနတယ္လို႔ ေက်ာက္ေတာ္ေဒသခံတဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္နဲ႔ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြဟာ ျပင္းထန္ေနတာျဖစ္ၿပီး တပ္မေတာ္ဘက္ကလည္း စစ္ဆင္ေရးေတြကို ပိုမိုလုပ္ေဆာင္ေနတာ ျဖစ္သလို AA အဖြဲ႔ကလည္း တပ္မေတာ္စစ္ေၾကာင္းေတြကို လက္ဦးမႈယူ တိုက္ခိုက္ေနတာေၾကာင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း စစ္ေျမျပင္ဟာလည္း က်ယ္ျပန္႔လာတာ ျဖစ္ပါတယ္။

------------------------------

(Unicode)

ရခိုင် ကျောက်တော်မြို့တိုက်ပွဲ အရပ်သား ၄ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်က မဟာကံကြီးရှင် ဘုရားအနီးမှာ မနေ့က ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် တင်ပြထားပါတယ်။

ကျောက်တော်မြို့အဝင် မဟာကံကြီးရှင်ဘုရားအနီးမှာ မနေ့က ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီဒဏ်ရာရရှိသူ လေးဦးထဲက နှစ်ဦးရဲ့ အခြေအနေ စိုးရိမ်ရတာကြောင့် စစ်တွေဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းဝင်းက ပြောပါတယ်။

“တယောက်ကတော့ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာမှာ လမ်းဘေးဈေးဆိုင်လေး ရောင်းနေတဲ့ တယောက်ပေါ့။ သူ့မှာတော့ လက်မောင်းကို ကျည်ဆန် ဖောက်ထွက်သွားတာ ဖြစ်တာကြောင့် အရိုးပါ ကြေသွားတော့ ပြင်းပြင်းထန်ထန် ဖြစ်တာပေါ့။ နောက်နှစ်ယောက်ကတော့ မြို့လယ် ဈေးထဲမှာရှိတဲ့ ပန်းထိမ်ဆိုင်နားမှာ ရှိနေတဲ့ လူနှစ်ယောက်ပေါ့။ အမြောက်ဆန်တွေ ထိပြီးတော့ အသေးစားဒဏ်ရာရတာ ဖြစ်တယ်။ နောက်တယောက်ကတော့ ချင်းရွာရပ်ကွက် ဖြစ်မှာပေါ့။ ပန်းဖဲတန်းဆိုပြီးတော့ ရပ်ကွက်တခုရှိတယ်။ အဲဒီမှာ လမ်းဘေးမှာ နေဆာလှုံနေတာကို သက်ကြီးပိုင်းတယောက်ရဲ့ မျက်ခုံးကို လာထိတယ်။ အဲဒီ လက်မောင်းကိုထိတဲ့ တယောက်နဲ့ မျက်ခုံးကိုထိတဲ့တယောက် စိုးရိမ်ရတာကြောင့် စစ်တွေဆေးရုံကို ပို့လိုက်ရတယ်။”

ကျောက်တော်မြို့အတွင်းမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က လူနေအိမ်တွေကို အကာအကွယ်ယူပြီး ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် မြို့အတွင်း လူနေအိမ်တချို့နဲ့ ဒေသခံလေးယောက် ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ တပ်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် AA အဖွဲ့ဘက်ကတော့ တပ်မတော်စစ်ကြောင်းဟာ ကျောက်တော်မြို့အတွင်းမှာ ရှိတဲ့ မဟာကံကြီးရှင် ဘုရားအတွင်းမှာ စခန်းချပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာကြောင့် သတိပေးခဲ့တာ ဖြစ်တယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက အခုလို ပြောပါတယ်။

“ကျောက်တော်မြို့ရဲ့အဝင် ကစ္ဆပနဒီ တံတားနားမှာရှိတဲ့ မဟာကံကြီးရှင် ဘုရားအတွင်းမှာ ဗမာစစ်တပ်ဘက်က သူတို့တပ်စွဲ စခန်းချထားတာရှိတယ်။ အဲဒီနေရာကနေပြီးတော့ ကျနော်တို့ရဲ့ ဒေသခံပြည်သူတွေကို တလျှောက်လုံး သူတို့ အနှောင့်အယှက် ပေးနေတာတွေ ရှိတယ်။ အထူးသဖြင့်တော့ မတရား ဖမ်းဆီးစစ်ဆေးတာတွေ၊ ခြိမ်းခြောက်တာတွေ၊ အမျိုးသမီးတွေကို နှောင့်ယှက်တာတွေ သူတို့ အဲလိုမျိုးတွေ လုပ်နေတာရှိတယ်။ အဲဒါကြောင့် အဲဒီဘုရားဝင်းထဲမှာ စခန်းချထားတဲ့ ဗမာစစ်တပ်ကို ကျနော်တို့က ဆုံးမတဲ့အနေနဲ့ သတိပေးပစ်ခတ်မှုတွေ လုပ်ခဲ့တာရှိတယ်။”

အခုလို နှစ်ဖက် တိုက်ပွဲတွေဖြစ်တိုင်း တိုက်ပွဲဖြစ်ပွားရာ ဒေသတွင်း နေထိုင်သူတွေအတွက် နောက်ဆက်တွဲ ဒုက္ခတွေနဲ့ ကြုံကြရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ အခုလည်း မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်တော်မြို့နယ်အတွင်းမှာ ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေကို တပ်မတော်ဘက်က စစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေဟာ ပြင်းထန်နေတာဖြစ်ပြီး တပ်မတော်ဘက်ကလည်း စစ်ဆင်ရေးတွေကို ပိုမိုလုပ်ဆောင်နေတာ ဖြစ်သလို AA အဖွဲ့ကလည်း တပ်မတော်စစ်ကြောင်းတွေကို လက်ဦးမှုယူ တိုက်ခိုက်နေတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်မြေပြင်ဟာလည်း ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG