သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် နွားရုံတောင်ကျေးရွာ တိုက်ပွဲအပြီးမီးလောင်


ရခိုင်ပြည်နယ်မှာ မြန်မာ့စစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားနေသလို တိုက်ပွဲအတွင်းကျေးရွာ မီးလောင်မှုတွေလည်း ဖြစ်နေပြီး ရွာသားတွေစစ်ဘေး တိမ်းရှောင်နေရပါတယ်။ မနေ့ညနေပိုင်း ဘူးသီးတောင်မြို့နယ် ၊ နွားရုံတောင်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့အပြီး ကျေးရွာမီးရှို့ခံရပြီး ရွာသား(၈၀၀)ကျော်ဟာလဲ စစ်ရှောင်နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။ ရွာမီးလောင်မှုမှာ စစ်တပ်ဖက်ကရှို့တာမဟုတ်ဘူးလို့ တပ်မတော်တာဝန်ရှိသူ တွေ ကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာဖက်မှာ မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့ တို့တိုက်ပွဲဖြစ်ပွား အပြီး နွားရုံတောင်ကျေးရွာမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့ကနွားရုံတောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေကိုတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော် ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“မနေ့ကနွားရုံတောင်နားမှာဖြစ်တယ်။ ဟို(၄၅)မိနစ် တနာရီလောက်တော့ကြာတယ်။ ကျွန်တော်တို့ဖက် ကတော့ ဘာမှ ထိခိုက်ဒဏ်ရာရရှိမှု တော့မရှိဘူးခင်ဗျ။”

တိုက်ပွဲဖြစ်ပွားပြီး နွားရုံတောင်ကျေးရွာမီးလောင်ခဲ့ပါတယ်။

ဒီမီးလောင်မှု အခြေအနေကိုတော့ နွားရုံတောင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦး က အခုလိုပြောပါတယ်။

“နွားရုံတောင်နဲ့ တမိုင်လောက်အကွာအဝေးမှာ တိုက်ပွဲဖြစ်တယ်ဆိုပြီးတော့ သေနတ်သံ သေနတ်ပေါက်သံတွေ ကြား နေရတယ်။ အဲဒီသေနတ် ပေါက်သံကြားပြီးရင် (၅)နာရီထိုးလောက်မှာပြီးရင် ကျွန်တော်တို့ရွာကို စစ်ကြောင်းက ဝင်လာ တယ်။ သေနတ်ဖောက်ပြီး သူတို့ကရွာကိုဝင်တော့ ရွာကလူလည်း ထွက်ပြေးတာပေါ့။ (၅)နာရီမိနစ်(၃၀)လောက်မှာ မီးရှို့ပါ တယ်။ မီးခိုးတွေထွက်နေတယ်။ တအားထွက်နေတယ်။ ကျွန်တော်တို့လဲသွားကြည့်လို့မရ။ ကြောက်လန့်ပြီးလူတွေ က မထွက်ရဲဘူးလေ။

ကျေးရွာသား(၈၀၀)ကျော်ဟာလဲ နီးစပ်တဲ့ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကဆက်ပြော ပါတယ်။

“နွားရုံတောင်ရွာသားတွေတော့ နီးစပ်တဲ့ရွာတွေကို ထွက်ပြေးကြတယ်အကုန်လုံး။ လူဦးရေက(၈၀၀)ကျော်ကျော် လောက်ရှိပါတယ်။ အိမ်ခြေက(၁၇၀)လောက်ရှိတယ်။ သူတို့ စေတီတောင်တို့ခွဆုံတို့ အဲဒီနေရာကိုထွက်ပြေးသွား ကြတယ်။ မိုးကလည်း တအားကြီးတော့ ရေကလည်း ကြီးလာတော့လူတွေကဒုက္ခရောက်နေပြီး။”

မနေ့က ကွမ်းတောင်နဲ့နွားရုံတောင်ကြားမှာ မြန်မာစစ်တပ်နဲ့ AAတို့တိုက်ပွဲဖြစ်ခဲ့အပြီး ညနေပိုင်းလောက်မှာ မြန်မာစစ်တပ်ကနေ နွားရုံတောင်ရွာထဲဝင်လာပြီး မီးတင်ရှို့ခဲ့တယ်လို့ဒေသခံတွေကပြောပေမဲ့ မြန်မာစစ်တပ်ဖက် ကမီးရှို့တာမဟုတ်ဘူးလို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုပါတယ်။

“နွားရုံတောင်မှာတပ်ကမီးရှို့သွားတယ်လို့ပြောချင်တာမဟုတ်လား။ အဲတာ ကျွန်တော်တို့တပ်တွေက ရှို့တာမဟုတ်ဘူး တိုက်ပွဲကတော့အဲဒီဝန်းကျင်မှာဖြစ်တယ်။ နွားရုံတောင်ဆိုတာ ရေစိုးချောင်း ဘူးသီးတောင်သွားတဲ့ ကားလမ်းရဲ့ ဘေး နားမှာ ရှိတဲ့ရွာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လောင်သွားတဲ့အိမ်တွေကလဲ အဲဒီကားလမ်းဘေးမှာရှိတဲ့ အိမ်တွေပါဘဲ။ ဘယ်သူရှို့သွားလဲမသိဘူး။ တပ်ကတော့မရှို့ဘူး။ တိုက်ပွဲဖြစ်ပြီးတော့မှ အဲဒီနားရောက်သွားတဲ့အချိန်မှာ မီးလောင်မှာ စိုးလို့ တပ်ကနေပြီးတော့မှ အဲဒီမှာငြိမ်းပေးသွားတယ်။ အများကြီးမလောင်ဘူး။ (၇)လုံး(၈)လုံးလောက်ဘဲ ရှိတယ်။”

တိုက်ပွဲဖြစ်ပွားအပြီး သျှစ်ရှားတောင် စံဂိုးထောင် ဥယာဉ်သာရွာကရွာသားတွေလဲ စစ်ရှောင်နေရတယ်လို့ ဘူးသီး တောင်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကပြောပါတယ်။

“ဥယာဉ်သာ သျှစ်ရှားတောင် စံဂိုးထောင်ရွာ(၃)ရွာကလူတွေကတော့ ဥယာဉ်သာ ဘုန်းကြီးကျောင်းမှာဘဲ ရှိနေကြတယ်။ အမျိုးသမီးနဲ့ကလေးရယ်။ နောက်ပြီးတော့ လူကြီးပိုင်းတွေ ကျန်နေတယ်လို့တော့ ပြောတယ်။”

မနေ့ကနွားရုံတောင်ကျေးရွာအနားဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကိုသိရှိဖို့ ရခိုင်လက်နက်ကိုင်AAဖက်ကို ဆက်သွယ် ခဲ့ပေမဲ့လဲ အဆက်သွယ်မရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ(၅)ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီး သရက်ပြင်ကျေးရွာအုပ်စု အလယ်ချောင်း ကျေးရွာနဲ့ ရသေ့တောင်မြို့နယ်‌‌မြောက်‌ပိုင်‌း အမျက်‌‌တောင်‌‌ကျေးရွာမှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီး မြန်မာစစ် တပ်ဖက်က မီးရှို့ခဲ့တယ်လို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒါပေမဲ့တပ်မတော်ဖက်ကတော့ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်နက်ကြီးကျည်ကျခဲ့လို့ ရွာမီးလောင်တာဖြစ်ကြောင်း ဗွီအိုအေကိုပြောပါတယ်။

မနေ့ကညနေပိုင်းမှာလဲ ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာကိုလဲ မြန်မာစစ်တပ်ကနေ စစ်ဆေးမှု လုပ်ဆောင် နေတယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၈)မြို့နယ်မှာ အင်တာနက်ဖြတ်တောက်မှု လုပ်ဆောင်ပြီးနောက်ပိုင်း မြန်မာစစ်တပ်က နေကျေးရွာတွေမှာ ဝင်ရောက်စစ်ဆေးမှုတွေများလာသလို တိုက်ပွဲအတွင်း ရွာမီးလောင်မှုတွေ ဖြစ်ပွားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG