(Zawgyi / Unicode)
အောက်တိုဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် NCA တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ ၄ နှစ်ပြည့် အခမ်းနားတက်ဖို့ လာနေတဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို မြန်မာစစ်တပ်က လမ်းခုလတ်မှာ ခရီးဆက်သွားခွင့် မပြုတာကြောင့် အခမ်အနားတက်ရမယ့် အစီအစဉ် ဖျက်ရမယ့်သဘော ရှိနေပေမယ့် နှစ်ဖက်ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တပ်မတော်သတင်းပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ သတင်းထောက်တွေ မေးမြန်းကြတဲ့ လက်ရှိ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်နေတဲ့ကိစ္စ၊ မူးယစ်ဆေးဝါးပြဿနာ၊ အပစ်အခတ်ရပ်ရေး စတဲ့ အကြောင်းအရာ အတော်များများကို ဒီသတင်းစာရှင်းလင်းပွဲအတွင်း တပ်မတော်ဘက်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ အပြည့်အစုံကို အခမ်းအနားမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
တပ်မတော်က သတင်းစာရှင်းလင်းပွဲတွေကို တလတကြိမ်သဘောမျိုး ကျင်းပလေ့ရှိတာမှာ ဒီကနေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာလည်း အခါတိုင်းလိုပဲ နေပြည်တော်မှာရှိတဲ့ တပ်မတော် စစ်သမိုင်းပြတိုက်အတွင်းမှာ ပြုလုပ်ခဲ့တာပါ။
အစပိုင်းမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီနဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့က တလအတွင်း ဖြစ်စဉ်တွေကို တင်ပြခဲ့ကြတာမှာ ရခိုင်ပြည်နယ်မှာ လက်ရှိ AA ရခိုင့်တပ်မတော်နဲ့ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေ၊ ရှမ်းပြည်အတွင်း TNLA တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ အပါအဝင် တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေတွေ၊ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုနဲ့ သဘောတူညီချက် ရနိုင်မှု အလားအလာ၊ မူးယစ်ဆေးဝါးပြဿနာတို့အပြင် NCA တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးတဲ့ ၄ နှစ်ပြည့် အခမ်းအနား အကြောင်းတွေကို အကျယ်တဝင့် တင်ပြခဲ့ကြပါတယ်။
NCA ၄ နှစ်ပြည့် အခမ်းအနားကို လာမယ့် တနင်္လာနေ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပဖို့ ရှိတာကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေ အသီးသီး ရောက်လာနေကြတာမှာ တခြား တိုင်းရင်းသားခေါင်းဆောင်တွေ လာတဲ့ ခရီးစဉ်တွေမှာ ကနေ့အချိန်ထိ အခက်အခဲ မရှိသေးပေမယ့် RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို မြန်မာစစ်တပ်က လမ်းခုလတ်မှာ ခရီးဆက်သွားခွင့် မပြုတာကြောင့် အခမ်းအနားကို တက်မယ့်အစီအစဉ် ဖျက်ရမယ့်သဘော ရှိနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက မေးတာမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ဖြေကြားခဲ့ပါတယ်။
“ကုန်းလမ်းခရီးက လုံခြုံရေးအရက တော်တော့ကို စိတ်မချရတဲ့ အနေအထား ဖြစ်ပါတယ်။ တခုခု ဒီထဲမှာ ဘာလုပ်မလို့ ကုန်းလမ်းခရီးက ဖြတ်သန်းလာလို့မို့ တခုခုဖြစ်သွားရင် ကျနော်တို့နယ်မြေထဲကို ဝင်လာပြီးဖြစ်ပါတယ်။ အဓိကတာဝန်ရှိမှာ ဘယ်သူတွေလဲဆိုတော့ လုံခြုံရေးအဖွဲ့တွေမှာ တာဝန်ရှိမှာဖြစ်တယ်။ လုံခြုံရေးကို ဘယ်သူက ဆောင်ရွက်နေသလဲ ဆိုတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကို တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့က တာချီလိတ်ကနေ လေယာဉ်နဲ့လာဖို့ အားလုံးစီစဉ်ပြီးဖြစ်တယ်။ နောက်ပိုင်းမှာလည်း ပြန်ပြီးတော့ စေ့စပ်ညှိနှိုင်းမှုတွေတော့ ရှိပါတယ်။ ဒီ တာချီလိတ်ဘက်ကနေ ပြန်လာနိုင်ဖို့အတွက် စေ့စပ်ညှိနှိုင်းမှုတွေ ရှိတယ်။ လက်ခံတာ လက်မခံတာကိုတော့ သူတို့အပိုင်းပေါ့။”
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်တွေ နှစ်ရှည်လများ ကြိုးစားပြီး ရရှိလာတဲ့ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ နှစ်ပတ်လည်အခမ်းအနားကို အဆင်ပြေချောမွေ့စွာ တက်နိုင်အောင် စီစဉ် ဆောင်ရွက်ပေးနေတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ဒီလိုမျိုးပွဲမျိုးမှာတော့ ကျနေ်ာတို့က တက်တဲ့အခါမှာ အနှောင့်အယှက်ကင်းကင်းနဲ့ တက်နိုင်အောင်၊ ခရီးမပင်ပန်းဘဲ ရောက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးတာ ဖြစ်တယ်။ ဒီမှာတော့ အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်တယ်။ အားလုံးက နားလည်မှုရှိရှိနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီးတော့မှ ငြိမ်းချမ်းရေးအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ ထင်ပါတယ်။”
ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မကျင်းပခင် AA အဖွဲ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အရပ်ဝတ် ၅၀ ကျော်ကို ဖမ်းဆီးသွားခဲ့တာ အပါအဝင် ရခိုင်ပြည်နယ်အတွင်း အခုရက်ပိုင်းတွေမှာ အရှိန်မြင့် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ရခိုင်ကိစ္စဟာ သတင်းထောက်တိုင်းက စိတ်ဝင်တစား မေးချင်နေကြတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။
ရခိုင်ဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကို AA အဖွဲ့က ဖန်းတီးခြင်းသာဖြစ်ပြီး တပ်မတော်က ဖန်တီးခြင်းမဟုတ်ကြောင်း၊ ရခိုင်ပြည်မှာဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ တရားခံဟာ AA အဖွဲ့သာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် AA မရှိမှဖြစ်မယ်လို့ သူက ပြောပါတယ်။
“ရခိုင်ဒေသမှာ တည်ငြိမ်အေးချမ်းရေးအတွက်က AA မရှိဘူးဆိုရင် အေးချမ်းသွားလိမ့်မယ်။ သေချာပေါက်ပြောရဲတယ်၊ ကျနော် အာမခံတယ်။”
အောက်တိုဘာ ၂၈ ရက်နေ့မှာ NCA လက်မှတ်ထိုးခဲ့တဲ့ ၄ နှစ်ပြည့်အခမ်းအနား ကျင်းပပြီး နောက်တနေ့ အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ JICM ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး ဘယ်တော့ ကျင်းပမယ်ဆိုတဲ့ ကိစ္စကို ဆက်လက်ကျင်းပသွားဖို့ စီစဉ်ထားတာကြောင့် အခုလို RCSS ဥက္ကဋ္ဌ မတက်ရောက်နိုင်မယ့် အနေအထားက အဲဒီဆွေးနွေးမှုကို အဟန့်အတား ဖြစ်စေမလား ဆိုတာကတော့ မသိရသေးပါဘူး။
ဒါပေမယ့် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ NCA လက်မှတ်ထိုးတဲ့ ၄ နှစ်ပြည့်အခမ်းအနားကို ထိပ်သီးခေါင်းဆောင်တွေ မတက်လည်း ကျင်းပသွားမှာဖြစ်ကြောင်း အောက်တိုဘာ ၂၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
-------------------------------------
(Unicode)