သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ ရှေ့လထဲတွေ့ဖို့ မြန်မာအစိုးရ အဆိုပြု


စက်တင်ဘာလတုန်းက မြောက်ပိုင်း မဟာမိတ် နှင့် အစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်
စက်တင်ဘာလတုန်းက မြောက်ပိုင်း မဟာမိတ် နှင့် အစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်

( Zawgyi/ Unicode )

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရတို့အကြား အခုလအတွင်းကျင်းပဖို့သဘောထူထားတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို စီစဉ်ထားတဲ့အတိုင်း မကျင်းပနိုင်တော့ဘဲ လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“မကြာခင်မှာ မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ကျနော်တို့ လုပ်နေပါတယ်။ အဲဒီတော့ ကျနော်တို့ နိုဝင်ဘာလဆန်း ပေါ့နော်။ အောက်တိုဘာလမှာတော့ အခုပဲ NCA ပွဲနဲ့ပေါ့နော် ၃၁ ရက်ရောက်သွားမှာ ဖြစ်တဲ့အတွက် အောက်တိုဘာလမှာတော့ တွေ့ဖို့မရှိတော့ဘူး။ မရှိတော့ နိုဝင်ဘာလမှာ ကျနော်တို့ ပြန်တွေ့ဖို့ ညှိနေတယ်။ တွေ့တဲ့အခါမှာလည်း နံပတ် ၁ ကတော့ ရက်ပေါ့နော်။ အကြမ်းဖျင်းကတော့ နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်အတွင်းမှာ တွေ့ဆုံဖို့ ဒါကတော့ ကျနော်တို့ ၂ ဖက်ညှိနေတယ် ဘယ်ရက်က အဆင်ပြေမလဲပေါ့၊ နောက်တချက်ကတော့ တွေ့မယ့်နေရာပေါ့။ အရင်ကတော့ ကျိုင်းတုံမှာ ၂ ကြိမ်ဆက်တိုက်ကျနော်တို့ တွေ့ပြီးပြီ။ အဲဒီတော့ ကျိုင်းတုံမှာ ဆက်တွေ့မလားပေါ့။ တဖက်ကလည်း အဆိုပြုထားတာတွေရှိတယ်။ အဲဒီ အဆိုပြုထားတဲ့ နေရာတွေအပေါ်မှာ ကျနော်တို့ လူကြီးတွေကို တင်ပြပြီးတော့ နှစ်ဦး နှစ်ဖက် လက်ခံတဲ့နေရာမှာ တွေ့မယ်ဆိုရင် ကျနော်တို့ ရက်ပြန်ညှိဖို့ ရှိပါတယ်။ အဲဒီတော့ ၄ ဖွဲ့လုံးနဲ့ ကျနော်တို့ ပဏာမ အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ရှိပါတယ်။”

ပထမသဘောတူညီအရ နှစ်ဘက် တွေ့ဆုံမယ့်ရက်ဟာ သီတင်းကျွတ် အများပြည်သူရုံးပိတ်ရက်ဖြစ်တာကတကြောင်း၊ NCA တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရေး သဘောတူညီချက် လက်မှတ်ထိုးတဲ့ ၄ နှစ်ပြည့် အခမ်းအနားတို့နဲ့ တိုက်ဆိုင်နေတာကြောင့် အောက်တိုဘာလအတွင်း မကျင်းပနိုင်တော့ဘဲ နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကျိုင်းတုံမှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲကနေ အောက်တိုဘာလအတွင်း တွေ့ဆုံဖို့ သဘောတူခဲ့ကြတာပါ။ အဲဒီဆွေးနွေးအတွင်း သဘောတူညီချက်တချို့ ရခဲ့တယ်ဆိုပေမယ့် တိကျခိုင်မာတဲ့ ဆုံးဖြတ်တော့ မချနိုင်ခဲ့ကြပါဘူး။

အဓိက သဘောတူညီလို့ မရနိုင်တဲ့အကြောင်းဟာ တပ်နေရာချထားရေးကိစ္စဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ထုတ်ဖော် ပြောဆိုကြပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ တရုတ်ပါဝင်မယ့်အခန်းကဏ္ဍနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA တို့ကတော့ အခုနှစ်ကုန်ပိုင်းအထိ တဘက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားပေမယ့် တပ်မတော်ကတော့ စက်တင်ဘာ ၂၁ ရက်နေ့မှာ သက်တမ်းကုန်သွားတဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို သက်တမ်း ထပ်မတိုးတော့ပါဘူး။ ညီနောင် ၃ ဖွဲ့ဘက်ကတော့ တပ်မတော်ရဲ့ ထိုးစစ်တွေရှိနေသေးရင် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်လို့ သတိပေးထားပါတယ်။ လက်ရှိအချိန်အထိတော့ ညီနောင် ၃ ဖွဲ့တည်ရှိရာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

.............

( Unicode )








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG