သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို အရေးယူမယ့် ဥပဒေကြမ်း အောက်လွှတ်တော်မှာ တင်သွင်း


ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ် အရေးယူမယ့် ဥပဒေမူကြမ်း တခုကို အမေရိကန် နိုင်ငံရေး ပါတီကြီး ၂ ခုက ထိပ်တန်းလွှတ်တော် အမတ် ၂ ယောက်က ပူးတွဲအဆိုပြုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သုံးနှုန်းပြီး မြန်မာစစ်တပ်အပေါ် အရေးယူဖို့ ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Eliot Engel နဲ့ ရီပတ်ဘလစ်ကန်ပါတီ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဟောင်း Steve Chabot တို့က မနေ့တုန်းကပဲ ပူးတွဲအဆိုပြုလိုက်တာပါ။

ဥပဒေမူကြမ်းမှာတော့ မြန်မာစစ်တပ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်မချင်း အမေရိကန်က စစ်ဖက်ဆိုင်ရာ အကူအညီတွေ မပေးဖို့၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု အပါအဝင် လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အချက်အလက် စုဆောင်းဖို့၊ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာနဲ့ ဘဏ္ဍာရေးအရ ကန့်သတ်ဖို့၊ စစ်ရာဇဝတ်မှု ကျုးလွန်သူတွေကို အရေးယူနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေကို အားပေးကူညီဖို့ မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေကို စစ်တပ်က ထိန်းချုပ်ထားတာတွေကို လျှော့ချနိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေကို တိုးမြှင့်ဖို့ စတဲ့အချက်တွေ ထည့်သွင်းထားကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဥပဒေကြမ်းကို ပူးတွဲအဆိုပြုခဲ့တဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Engel ကတော့ မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် လူ့အခွင့်အရေး ချိုးဖောက်ခဲ့သလို၊ အခုအထိလည်း လားတူလုပ်ရပ်မျိုးတွေကို ကချင်နဲ့ တခြားတိုင်းရင်းသားတွေအပေါ် ကျုးလွန်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိခဲ့ကြောင်းနဲ့ ကျုးလွန်သူ တချို့ကိုလည်း အရေးယူခဲ့ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG