သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာပဋိပက္ခ အာဆီယံအတွက်အခက်ဆုံးစိန်ခေါ်မှု”အင်ဒိုနိုင်ငံခြားရေးဝန်ကြီး


ASEAN-INDONESIA/FMM
ASEAN-INDONESIA/FMM

မြန်မာပဋိပက္ခဟာ အာဆီယံအတွက် ဖြေရှင်းရအခက်ဆုံး စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Ratno Marsudi က ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ အာဆီယံအတွင်းဝန်ရုံးမှာ တနင်္လာနေ့က နိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ အဲဒီလို ပြောကြားလိုက်တာပါ။ ဗွီအိုအေ အင်ဒိုနီးရှားဌာနရဲ့ သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အာဆီယံအသင်းကြီးရဲ့ ၄၃ ကြိမ်မြောက် ထိပ်သီးစည်းဝေးပွဲကို မကြာခင် ဥက္ကဋ္ဌတာဝန်သက်တမ်း ကုန်ဆုံးတော့မယ့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကျင်းပနေတာပါ။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်နဲ့ မြန်မာ့အရေး ညီညွတ်တဲ့ဆုံးဖြတ်ချက်ထွက်လာနိုင်အောင် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေကြောင်း ဝန်ကြီး Marsudi က ပြောပါတယ်။ မြန်မာနိုင်ငံအတွက် ရေရှည် ငြိမ်းချမ်းတဲ့နည်းလမ်းကို ရှာနိုင်မှသာ အာဆီယံလည်း အနာဂတ်ကို အင်အားအပြည့်နဲ့ ချီတက်နိုင်မယ်လို့ ဝန်ကြီး Marsudi က အလေးပေး ပြောကြားခဲ့ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဘက်စုံ ပြန်လည်သုံးသပ်ပြီး အာဆီယံခေါင်းဆောင်တွေ စဉ်းစားလို့ရနိုင်အောင် အဆိုပြုချက်တင်ပြသွားမယ်လို့လည်း ဝန်ကြီး Marsudi က ပြောပါတယ်။

ဒေသတွင်းမှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပေမယ့် အာဆီယံအနေနဲ့ ကျော်လွှားနိုင်စွမ်းရှိတယ်လို့ သူမအနေနဲ့ ယုံကြည်ကြောင်း၊ ဒေသတွင်းမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာမှုရှိလာရေးတို့အတွက် အာဆီယံအနေနဲ့ လုပ်နိုင်စွမ်း ရှိမရှိဆိုတာကို ကမ္ဘာက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အာဆီယံအသိုက်အဝန်း တိုးတက်ကောင်းမွန်လာရေးအတွက် လွန်ခဲ့တဲ့ ၉ လ အတွင်း သူမနဲ့ သူမရဲ့အဖွဲ့က ကြိုးစားဆောင်ရွက်ခဲ့သလို အာဆီယံ သဘောတူညီချက် အပိုဒ် ၄ မှာ ဖော်ပြထားတဲ့အတိုင်း အာဆီယံအနာဂတ်မျှော်မှန်းချက် ၂၀၄၅ (ASEAN Vision 2045) အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကိုလည်း ချနိုင်ခဲ့တယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။ အင်ဒို ပစိဖိတ်ဒေသမှာ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ ဒေသဖြစ်တဲ့အပြင် အားလုံးအတွက် ငြိမ်းချမ်းတဲ့ဒေသဖြစ်အောင် အာဆီယံက ဦးဆောင်နေတယ်လို့ ဆိုပါတယ်။

ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (TAC) ရဲ့ လုပ်နိုင် စွမ်းကို နိုင်ငံအများအပြားက စောင့်ကြည့်နေကြပြီး အာဆီယံရဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံဖြစ်ဖို့ ကြိုးစားလာနေကြတယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။ အာဆီယံအနေနဲ့ အိန္ဒိယသမုဒ္ဒရာ ရပ်ဝန်းနိုင်ငံများ (Indian Ocean Rim Association – IORA) ၊ ပစိဖိတ်ကျွန်းနိုင်ငံများ (Pacific Island Forum – PIF) စတဲ့ အစုအဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ထိုးဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အာဆီယံရဲ့ စံတန်ဖိုးတွေကို အများက အသိအမှတ်ပြုတယ်ဆိုတာ သိသာကြောင်းလည်း ဝန်ကြီး Marsudi က ပြောပါတယ်။

အာဆီယံဟာ တကယ်ပဲ လုပ်နိုင်စွမ်းရှိရဲ့လားဆိုတဲ့ကိစ္စက ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားတို့ရဲ့ မြန်မာ့အရေး ကိုင်တွယ်နိုင်စွမ်းကိုကြည့်ပြီး မေးခွန်းထုတ်နေကြတာပါ။

မြန်မာ့ပြဿနာကို မဖြေရှင်းပေးနိုင်မချင်း အာဆီယံဟာ လက်တွေ့မှာ တကယ် လုပ်နိုင်စွမ်းရှိပါရဲ့လားဆိုတဲ့ မေးခွန်းကို ဆက်ထုတ်နေကြလိမ့်မယ်လို့ အာဆီယံအရေး လေ့လာ စောင့်ကြည့်နေတဲ့ အင်ဒိုနီးရှား အမျိုးသား သုတေသနနဲ့ တီထွင်ကြံဆမှုဆိုင်ရာ အေဂျင်စီက Pandu Prayoga က ပြောပါတယ်။

“နိုင်ငံတကာ သံတမန်ရေး၊ နိုင်ငံရေးလုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုယဉ်ကျေးမှုကဏ္ဍတွေမှာ အာဆီယံ အကျုံးဝင်နေဆဲဖြစ်ပါတယ်။ မြန်မာ့အရေးမှာတော့ အာဆီယံအနေနဲ့ အတော်လေး ကြိုးစား လုပ်ဆောင်ဖို့ လိုနေပါသေးတယ်။ အာဆီယံကို ဗဟိုပြုတဲ့ လုပ်ဆောင်နိုင်စွမ်းမရှိရင်တော့ အဖွဲ့အပေါ် ယုံကြည် လေးစားမှု ကျဆင်းနိုင်သလို အဖွဲ့ဝင်တွေ အချင်းချင်းကြားမှာလည်း တန်ဖိုးထားမှု လျော့ကျနိုင်ပါတယ်။”

လက်ရှိအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနဲ့ အဖွဲ့အတွင်း ညီညွတ်မှုပိုရှိအောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့အပြင် အာဆီယံကို ဗဟိုပြုမှု အားကောင်းလာအောင်လည်း တည်ဆောက်ဖို့ လိုအပ်တယ်လို့ Pandu Prayoga က ပြောပါတယ်။

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ပေမယ့် အဲဒီ ဆုံးဖြတ်ချက်တွေကို အထူးသဖြင့် မြန်မာဘက်က ဘာကြောင့် အကောင်အထည်မဖော်တာလဲ။ ဒါက ဘယ်လိုအဓိပ္ပါယ်ကို ဆောင် နေသလဲ? အဖွဲ့ဝင်နိုင်ငံတွေအတွက် အာဆီယံဟာ ဗဟိုချက်မ မဟုတ်တော့ဘူးလား? စတဲ့ အချက်တွေကို အခု ထိပ်သီးစည်းဝေးပွဲအတွင်းမှာ ဘက်စုံကနေ ပြန်သုံးသပ်ကြည့်ကြဖို့ လိုအပ်ပါတယ်။" - လို့လည်း Pandu Prayoga က ပြောပါတယ်။

အင်ဒိုနီးရှားအနေနဲ့ မြန်မာ့အရေးမှာ ချဉ်းကပ်ပုံ ပြောင်းလုပ်သင့်ကြောင်း၊ ဥပမာ အလွတ်သဘော အစည်းဝေးကျင်းပပြီး မြန်မာအပြင် မြန်မာ့အရေးမှာ သက်ဆိုင်သူအဖြစ် သတ်မှတ်ထားတဲ့ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ကိုပါ အဲဒီ စည်းဝေးပွဲကို ဖိတ်ကြားတာမျိုး လုပ်ဆောင်သင့်တယ်လို့ Pandu Prayoga က ပြောပါတယ်။

"မြန်မာစစ်ကောင်စီကိုမဖိတ်ဘဲနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဘယ်လို သုံးသပ်ကြမလဲ? ဒါက အဓိက အချက်ပါ။ ဒါကြောင့် အင်ဒိုနီးရှားအပြင်မှာ၊ အထူးသဖြင့် မြန်မာနိုင်ငံပြင်ပမှာ အစည်းဝေးလုပ်ပြီး မြန်မာကိုပါဖိတ်ပြီး ဒီ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဘာတွေက အဟန့်အတားဖြစ်နေတာလဲ-ဆိုတာကို မေးပါ၊ ပြီးရင် ဒီ အလွတ်သဘော တွေ့ဆုံမှုမှာ အာဆီယံဘက်က မြန်မာနဲ့ဆက်ဆံဖို့ အထူးကိုယ်စားလှယ်ဘယ်သူဆိုတာကို ကြိုတင် သတ်မှတ်ထားပါ။" လို့ - Pandu Prayoga က အကြံပြုပါတယ်။

ဒါကြောင့် တကယ်လို့များ ထိုင်းနိုင်ငံက စစ်ကောင်စီကို အလွတ်သဘောဖိတ်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့မယ်ဆိုရင်တောင် အင်ဒိုနီးရှားက အတည်ပြုချက်ပေးထားပြီးဖြစ်တဲ့ အာဆီယံရဲ့ မူဘောင်အတွင်းမှာ ရှိနေမှာဖြစ်ကြောင်း၊ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးကျင်းပတာမှာ အင်ဒိုနီးရှားကိုဖိတ်ပေမယ့် မတက်ခဲ့ကြောင်း၊ သူတို့ကို ကျော်လုပ်သလို ဖြစ်သွားတဲ့အတွက် အင်ဒိုနီးရှားဘက်ကလည်း စော်ကားခံရသလို ခံစားခဲ့ရတာမျိုး ဖြစ်နိုင်ကြောင်း၊ တကယ်တော့ ထိုင်းနိုင်ငံဘက်က အဲဒီကိစ္စမှာ အင်ဒိုနီးရှားနဲ့ ကြိုတင်တိုင်ပင်ခဲ့သင့်ကြောင်း Pandu Prayoga က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG