သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံတွင်းညီညွတ်မှုမရှိ” ကန်သံအမတ်ဟောင်း Scot Marciel 


အာဆီယံနဲ့ နိုင်ငံတကာကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel (VOA Burmese)
အာဆီယံနဲ့ နိုင်ငံတကာကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel (VOA Burmese)

သံတမန်ရေးလမ်းကြောင်းထက် မြန်မာစစ်တပ်ကို အားနည်းသွားစေတဲ့လမ်းကြောင်းကသာ တိုင်းပြည်ရဲ့အပြောင်းအလဲကို လုပ်ဆောင်နိုင်မယ်လို့ အာဆီယံနဲ့ နိုင်ငံတကာကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel ကသတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကထွက်လာတဲ့ မြန်မာ့အရေး ရလဒ်တွေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က သံအမတ်ကြီး Marciel ကို Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

Scot Marciel ။ ။ အခုလို အာဆီယံခေါင်းဆောင်တွေက သူတို့ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်တွေကို မဖိတ်ကြားခဲ့တဲ့လုပ်ရပ်အပေါ် အာဆီယံကို ချီးကျူးအသိအမှတ်ပြုပါတယ်။ဒါကလည်း အရေးပါတဲ့ ခြေလှမ်းပါ။ ဒါပေမယ့် အာဆီယံရဲ့ လုပ်ဆောင်ချက်တွေမှာ ရလဒ်တွေကိုတော့ အများကြီး မျှော်လင့်မထားပါဘူး။ ဒီအတွက် အကြောင်းပြချက် နှစ်ခုရှိနေပါတယ်။တခုက အာဆီယံမှာ အကွဲကွဲအပြားပြားဖြစ်နေတယ်။ နောက်တချက်က စစ်ခေါင်းဆောင်တွေနဲ့ပတ်သက်ရင် တင်းမာတဲ့ သဘောထားရပ်တည်ချက်မရှိဘူး။ ဒါကြောင့် မြန်မာ့အရေးကို သုံးနိုင်ငံပူးတွဲကိုင်တွယ်မယ်ဆိုတဲ့လမ်းကြောင်းမှာလည်း ထူးခြားတဲ့ရလဒ်တွေ အရင်နဲ့မတူတဲ့အခြေအနေတွေ ဖြစ်လာမယ်လို့မထင်ပါဘူး။ အဓိကအကြောင်းအရင်းက ထောင်နဲ့ချီပြီး ကိုယ့်တိုင်းသူပြည်သားတွေ သတ်ဖြတ်၊ ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ သံတမန်ရေးအရ ဆက်ဆံနေသရွေ့ ဘာမှ ထူးခြားလာမှာမဟုတ်ပါဘူး။

မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကဖြစ်ဖြစ် သံတမန်ရေးကြိုးပမ်းမှုနဲ့ ဆွဲဆောင်လို့ရမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွက် တခုတည်းသော မျှော်လင့်ချက်ကတော့ စစ်တပ်တွင်း သိသိသာသာအားနည်းသွားစေတဲ့ လမ်းကြမ်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်ဆုတ်ခွာဖို့ ဗျူဟာကိုရှာဖွေလာဖို့ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံ တဖွဲ့တည်းမဟုတ်ပါဘူး၊ အခြားကမ္ဘာမှာရှိတဲ့ နိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံဆွေးနွေးရေးမြှင့်တင်ဖို့ ကြိုးစားခဲ့ကြတာပါ။ သူတို့ဒီလို ဆောင်ရွက်တာကလည်း မမှားပါဘူး။ သူတို့လုပ်ရပ်တွေထိရောက်မှုမရှိဘူးဆိုတာက ပြည်သူတွေကို လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်ဖို့နည်းလမ်းကိုပဲ ရွေးချယ်ထားတဲ့ ဗိုလ်ချုပ်တွေကြောင့်ပါ။

အင်ကြင်းနိုင်။ ။ အာဆီယံ ခေါင်းဆောင်တွေဘက်က မြန်မာစစ်ကောင်စီကို အပြစ်ပေးတဲ့အနေနဲ့ အာဆီယံ ရဲ့ ဘယ်လို အစည်းအဝေးမျိုးမဆို ဖိတ်ကြားခြင်းမပြုဖို့၊ အထူးသဖြင့် စစ်ရေးဆိုင်ရာ ပူးတွဲလေ့ကျင့်မှုတွေမှာ မြန်မာစစ်တပ်ကို ဖိတ်ခေါ်ခြင်းမပြုဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုထားပါတယ်။ ဒီအပေါ်မှာ သံအမတ်ကြီးရဲ့ အမြင် ဘယ်လိုရှိလဲ။

Scot Marciel ။ ။ NUG ရဲ့တောင်းဆိုချက်ကို ကျနော် အပြည့်အဝသဘောတူပါတယ်။ အံ့သြစရာကောင်းတာက မြန်မာနိုင်ငံက အာဆီယံ လေတပ်စစ်ဦးစီးချုပ်များ အစည်းအဝေးကို လက်ခံကျင်းပတာဖြစ်ပါတယ်။ မြန်မာလေတပ်ဟာဆိုရင် ကိုယ်ရဲ့ ပြည်သူတွေကို နှစ်နှစ်ကြာ ရက်ရက်စက်စက် သိမ်းကျုံးဗုံးကြဲတိုက်ခိုက်နေတာပါ။ ဘယ်အာဆီယံ အစည်းအဝေးကိုမဆို မြန်မာစစ်တပ်ကိုရော၊ သူ့ကို ကိုယ်စားပြုသူတွေကိုပါ ဖိတ်ကြားဖို့ မသင့်ဘူးလို့ ကျနော်မြင်ပါတယ်။

အင်ကြင်းနိုင်။ ။ အရှေ့တီမော အခု တီမောလက်စ်တီ အစိုးရက မြန်မာစစ် ကောင်စီကို ပြင်းပြင်းထန်ထန်ဆန်ကျင်ကြောင်းပြသခဲ့သလို အာဆီယံထဲမှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာကို လက်ခံထားသရွေ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ သူတို့ စဉ်းစားမှာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကလည်း မြန်မာနိုင်ငံထဲကနေ တီမောလက်စ်တီ သံတမန်တွေကို နှင်ထုတ်ခဲ့ပါတယ်။ အဲတော့ အာဆီယံ ဒေသတွင်းတီမောလက်စ်တီနိုင်ငံရဲ့ လုပ်ရပ်အပေါ်မှာ သံအမတ်ကြီး အမြင် ဘယ်လိုရှိပါသလဲ။

Scot Marciel ။ ။ တီမောလက်စ်တီအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကျနော် အများကြီးလေးစားပါတယ်။ စစ်ကောင်စီရဲ့တုံ့ပြန်မှုကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ မြန်မာနိုင်ငံမှာ နှစ်နှစ်ကျော်ကာလအတွင်း ဖြစ်ပျက်ခဲ့တာတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ တီမောလက်စ်တီ ခေါင်းဆောင်တွေ ပြောဆိုချက်ကို ကျနော်ချီးကျူးမိတယ်။ တကယ်လည်း လက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ကိုယ့်ပြည်သူတွေအပေါ်မှာ စစ်ပွဲတရပ်လို သတ်မှတ် တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ကြုံတွေ့နေရတာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေပါ။ မြန်မာ့အရေးနဲ့ ပတ်သက်ရင် နိုင်ငံတကာက အာဆီယံပဲ အဓိက ဦးဆောင်ကိုင်တွယ်ဖို့ ပံ့ပိုးပေးထားတယ်ဆိုပေမယ့် စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်တာမရှိတဲ့အတွက် မြန်မာပြည်သူတွေအပေါ်မှာ နိုင်ငံတကာဘက်က ပျက်ကွက်နေသလိုဖြစ်နေပါတယ်။

အင်ကြင်းနိုင်။ ။ သံအမတ်ကြီး Scot Marciel ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ အဲတော့ လက်ရှိ အာဆီယံအဖွဲ့ကြီး ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှုကို ဘယ်လိုသုံးသပ်လဲ။ တဖက်မှာလည်း တရုတ်နဲ့ အမေရိကန် အင်အားကြီးနှစ်နိုင်ငံ ဒေသတွင်းမဟာဗျူဟာမြောက် အားပြိုင်နေတဲ့ အခြေအနေလည်းရှိနေတာကို သံအမတ်ကြီး အမြင်ဘယ်လိုရှိနေလဲ။

သံအမတ်ကြီး Marciel။ ။ -အာဆီယံရဲ့ အကြီးမားဆုံးစိန်ခေါ်မှုက အဖွဲ့အနေနဲ့ ညီညွတ်မှုမရှိတာပဲဖြစ်ပါတယ်။ မြန်မာနဲ့တောင်တရုတ်ပင်လယ် ရေပိုင်နက် ကိစ္စမှာ အာဆီယံရဲ့ရပ်တည်ချက် ညီညွတ်မှုမရှိတဲ့အပေါ် အခြားအင်အားကြီးနိုင်ငံတွေအနေနဲ့ အာဆီယံကို လျစ်လျူပြုထားလို့မရဘဲ အခြားနည်လမ်းတွေနဲ့ အဖြေရှာဖွေရေး ကြိုးစားဖို့ စဉ်းစားလာတာဖြစ်ပါတယ်။ ဒါကိုလည်း အာဆီယံက သူ့ကိုယ်သူ အသိအမှတ်ပြုထားပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Marty Natalegawa ဒါမှမဟုတ် စင်္ကာပူက သုတေသီ Bilahari Kausikan တို့ ပြောဆိုချက်တွေကို ကိုးကားရမယ်ဆိုရင် အာဆီယံမှာ အားနည်းချက်တွေ ရှိနေတယ်လို့ အသိအမှတ်ပြုတာတွေ့ရပါတယ်။ ဒါပေမယ့် အာဆီယံအနေနဲ့ တခြားဒေသဆိုင်ရာအဖွဲ့အစည်းတွေလိုပဲ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ အင်ဒိုနီးရှား ဦးဆောင်ကျင်းပတဲ့ ဒီနှစ်ထိပ်သီးအစည်းအဝေးမှာ အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံ တချို့ ကြိုးပမ်းအားထုတ်မှုတွေကို တွေ့ရပေမယ့် ဒီစိန်ခေါ်မှုတွေဖြေရှင်းရေး မလွယ်ကူပါဘူး။

အင်ကြင်းနိုင်။ ။ ဒါဆိုရင်အာဆီယံနဲ့ ဆက်ဆံရေးမှာ တရုတ်နဲ့ အားပြိုင်ဖို့ မဟုတ်ပါဘူးလို့ အမေရိကန်က ဘယ်လို အာမခံချက် ပေးနိုင်မလဲ။ အခုအာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ဘက်တဘက်ကို ရပ်တည်တာမျိုးမလုပ်ဖို့ တရုတ်ဝန်ကြီးချုပ် Li Qiang ကလည်း သတိပေးထားပါတယ်။

Scot Marciel။ ။ တရုတ်နဲ့အမေရိကန် ခေါင်းဆောင်နှစ်ယောက်စလုံးက အရှေ့တောင်အာရှနိုင်ငံတွေကို သူတို့ဘက်ကို ရပ်တည်ရွေးချယ်ဖို့ တောင်းဆိုတာမဟုတ်ဘူးလို့တော့ တစိုက်မတ်မတ်ပြောဆိုနေကြတာပါ။ သူတို့ဘက်က ရိုးရိုးသားသားပဲဖြစ်ဖြစ် မဖြစ်ဖြစ် အာဆီယံနိုင်ငံတွေက ကိုယ့်ဘာသာကိုယ် ကြိုက်သလို ဆုံးဖြတ်နိုင်ကြပါတယ်။ ဒါပေမဲ့လည်း အရှေ့တောင်အာရှနိုင်ငံတွေက တဖက်ဘက်ကို ရွေးမှာမဟုတ်ပါဘူး။ သူတို့အားလုံး လွတ်လပ်ပြီး ကိုယ်ပိုင်အချုပ်အခြာ အာဏာရှိကြတာပါ။ အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံလုံးနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးတည်ဆောက်လိုကြပါတယ်။ အမေရိကန် အတွက် အရေးကြီးဆုံးအချက်က အာဆီယံနဲ့ တစိုက်မတ်မတ်ဆက်ဆံရေးဖြစ်ပါတယ်။ တရုတ်နဲ့ပတ်သက်ရင် အာဆီယံက အမေရိကန်ထက်တောင် ပိုသိနေပါတယ်။ အမေရိကန်အနေနဲ့ တရုတ်အကြောင်း အာဆီယံကို ပြောဖို့ မလိုပါဘူး။ အမေရိကန်ဘက်ကလုပ်သင့်တာက မဟာဗျူဟာမြောက်အရေးပါတဲ့ ဒေသဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပိုပြီး အနီးကပ်ဆက်ဆံဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ကုန်သွယ် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းစွမ်းအင်၊ ရာသီဥတုပြောင်းလဲမှုနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အပြောထက် အလုပ်နဲ့ ဒီထက်မက လက်တွေ့ လုပ်ပြဖို့ရှိပါတယ်။

အင်ကြင်းနိုင်။ ။ အမေရိကန်ဒုသမ္မတ Kamala Harris က အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ပြောသွားတဲ့အထဲမှာ မြန်မာစစ်ကောင်စီကို ပြင်းထန်တဲ့ ဖိအားတွေပေးဖို့ တိုက်တွန်းသွားတာပါ။ အာဆီယံခေါင်းဆောင်တွေဘက်က ဒါကို နားထောင်မယ်လို့ သံအမတ်ကြီး ထင်ပါသလား။

Scot Marciel။ ။- သူအခုလို တိုက်တွန်းတာကို အာဆီယံခေါင်းဆောင်တွေ နားထောင်ကြမှကတော့ သေချာပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယသမ္မတအနေနဲ့ တိုက်တွန်းတာဖြစ်ပါတယ်။ နောက်ပြီး သမ္မတဘိုင်ဒန်အစိုးရအဖွဲ့ကိုလည်း ကိုယ်စားပြုတက်ရောက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆီယံဘက်က မလုပ်နိုင်တဲ့အကြောင်းပြချက်တွေရှိနေပါတယ်။ အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီကို ဖိအားပေးဖို့ဆိုရင် သဘောတူညီမှုတွေရဖို့လိုအပ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနဲ့ပတ်သက်ရင် အာဆီယံအဖွဲ့တွေကြားမှာ အမြင်အမျိုးမျိုးရှိနေတာဆိုတော့ ဒီလို ဖိအားပေးဖို့ဆိုတာကလည်း ဖြစ်မလာပါဘူး။ ဒါကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဒုသမ္မတ Harris ပြောတာက ပြဿနာမဟုတ်ပါဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီမှု မရတာက ပြဿနာပါ။

ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လေးလေးနက်နက်စိုးရိမ်ပူပန်မှုတွေရှိနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်နေတဲ့ အင်အားစု အသီးသီးနဲ့ ပိုမိုထိတွေ့ ဆက်ဆံဖို့ လိုပါတယ်။ ဒီလိုဆက်ဆံတဲ့နေရာမှာ အကန့်အသတ်တွေရှိနေတယ်ဆိုပေမယ့် အာဆီယံအဖွဲ့ဝင်တနိုင်ငံချင်းအနေနဲ့ လုပ်ဆောင်တယ်ဆိုရင် ပိုပြီး အလုပ်ဖြစ်နိုင်တဲ့ အခြေအနေရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG