သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ သဘောတူညီမှုရဖို့ ကြိုးပမ်း


ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လက်ခံနိုင်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ကျင်းပတဲ့ ASEM အာရှ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရ အနေနဲ့ ရခိုင်ပြည်နယ်မှာ နောက်ထပ်အကြမ်းဖက်မှုတွေ ဖြစ်ပေါ်မလာအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သူမက ပြောကြား လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်မယ့် အချိန်အတိအကျကို မပြောနိုင်ပေမယ့်လည်း၊ အမြန်ဆုံးလက်မှတ်ရေးထိုး နိုင်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ မနေ့က ကျင်းပခဲ့တဲ့ အာရှ- ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ ကျမတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ မနက်ဖြန်နဲ့ သဘက်ခါမှာ ၂ နိုင်ငံဆွေးနွေးမှုတွေလုပ်သွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကနေ နားလည်မှုစာချွန်လွှာကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုဆိုရင် ကျမတို့အနေနဲ့နယ်စပ်ကို ဖြတ်သွားတဲ့သူတွေအားလုံး ဘေးကင်းလုံခြုံမှုရှိရှိ နဲ့ သူတို့ဆန္ဒအလျှောက်ပြန်လာနိုင်ဖို့ စတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ”

မြန်မာနိုင်ငံအနေနဲ့ ဒီဒုက္ခသည်တွေကို လက်ခံတဲ့နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ စီစစ်လက်ခံသွားမလဲဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှာ ၁၉၉၂-၉၃ ခုနှစ်က သဘောတူညီချက်အပေါ်မှာ အခြေခံပြီးတော့ပဲ ဘယ်မှာနေတယ်ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ သူတို့နေရပ်အပေါ်မှာ အခြေခံပြီးတော့ လူတွေကို ပြန်ပြီးလက်ခံသွားမှာဖြစ်ပါတယ်။ ဒီအချက်တွေက အစိုးရ ၂ ခုကြားမှာ အချိန်အတော်ကြာကတည်းက သဘောတူထားခဲ့တာဖြစ်သလို၊ ဒီအပေါ်မှာ အခြေခံပြီးလုပ်လာခဲ့တာလည်း အောင်မြင်ပါတယ်။ ဒါကြောင့် ကျမတို့အနေနဲ့ ဒီနည်းလမ်းအတိုင်းပဲ ဆက်လုပ်သွားနိုင်မယ်လို့ ထင်ပါတယ်။”

သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာအစွန်းရောက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ရာကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင် ၆ သိန်းကျော် နယ်စပ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်စဉ်အတွင်း ညှင်းပန်းနှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ၊ အဓမ္မပြုကျင့်တာ စတဲ့ အကြမ်းဖက်မှုတွေရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲကြပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့ကြပြီး၊ အဲဒီအကြမ်းဖက်မှုတွေရပ်တန့်မှာ ဒုက္ခသည်တွေပြန်လက်ခံဖို့ကိစ္စက အဆင်ပြေနိုင်မှာဖြစ်တယ်လို့ EU ဥရောပသမဂ္ဂရဲ့ လက်ရှိ အလှည့်ကျတာဝန်ယူထားတဲ့ Estonia နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Sven Mikser ကပြောကြားခဲ့ပါတယ်။

“ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ကို ပြန်လာဖို့ကိစ္စ အောင်အောင်မြင်မြင်လုပ်နိုင်ဖို့အတွက် သူတို့အနေနဲ့ ပြန်လာဖို့အတွက် စိတ်ချရပြီဆိုတာ သိဖို့လိုပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့လိုအပ်ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားခဲ့ပါတယ်။

“ မြန်မာဘက်ကတော့ အကြမ်းဖက်မှုတွေ မရှိအောင်လို့မို့ ဒါ ကျမတို့ အားလုံး လုပ်ထားရမှာပေါ့။ အခု လောလောဆယ်တော့ အကြမ်းဖက်မှုတွေ ရှိတယ်လို့မကြားပါဘူး။ ဒါပေမဲ့လည်း မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ အဲတော့ မဖြစ်အောင်လို့တော့ ထိန်းသိမ်းဖို့ ဆိုတာကတော့ နိုင်ငံတော် အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ ”

အာရှ-ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို နေပြည်တော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေ့ ၂ ရက်ကျင်းပခဲ့တာဖြစ်ပြီး၊ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်မထုတ်ပြန်ခဲ့ပဲ အလွတ်သဘောဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကတော့ ဒီကနေ့ဗုဒ္ဓဟူးနေ့ နဲ့ မနက်ဖြန် ကြာသပတေးနေ့တွေ့မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG