သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ကို အရပ်ဖက်အုပ်ချုပ်မှုအောက် ထားရှိနိုင်မည်လို့ ဒေါ်စုယုံကြည်


 နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်းပြောကြား (Ministry of Foreign Affairs Myanmar)
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်းပြောကြား (Ministry of Foreign Affairs Myanmar)

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်လွှတ်တော်မှာ ငြိမ်းချမ်းရေး၊ ရိုဟင်ဂျာ အရေးနဲ့ မြန်မာ့ နိုင်ငံရေး အပေါ် တပ်မတော်ရဲ့ လွှမ်းမိုးမှုတို့နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက်မှာ ထားရှိနိုင်ရေး အနှေးနဲ့ အမြန် ဖြစ်လာမယ်လို့ ယုံကြည်ထားတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ မြန်မာ့ ဒီမိုကရေစီရေး ကြိုးစား ရုန်းကန်ရမှုတွေ အဆုံးမသတ်သေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆွီဒင်လွှတ်တော်မှာ မှတ်ချက်ပေး ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အတွက်ရော နိုင်ငံတကာ အတွက်ပါ ဒီမိုကရေစီရေး ကြိုးစားရုန်းကန်ရမှုရဲ့ မီးရှုးတန်ဆောင် ဖြစ်ခဲ့ပါတယ်လို့ ဆွီဒင် လွှတ်တော် ဥက္ကဌ Urban Ahlin က ဒေါ်အောင်ဆန်းစုကြည်ကို ဆွီဒင် လွှတ်တော် အမတ်တွေနဲ့ မိတ်ဆက် ပေးခဲ့တာပါ။ ဆွီဒင်လွှတ်တော် မိန့်ခွန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်နဲ့ ဘယ်လောက် ခရီးပေါက်နေပြီလဲဆိုတာကို အဓိကထား ပြောဆိုပြီး နိုင်ငံတကာရဲ့ မြန်မာ အပေါ် စိတ်ဝင်စားမှု အရှိဆုံး ကိစ္စဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ အခြေအနေ၊ ဒီမိုကရေစီ စနစ်ကို အပြည့်အ၀ အာမခံ မထားတဲ့ အခြေခံ ဥပဒေကိစ္စ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ စစ်တပ်နဲ့ ပြေလည်ရေးကိုပါ ထည့်သွင်း ပြောဆိုသွားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်း မေးမြန်းမှုကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားပါတယ်။

"တပ်မတော်ဟာ နိုင်ငံရေးနဲ့ ကင်းရှင်းပြီး လေးစားဖွယ် အဖွဲ့အစည်းကြီး တခုအနေနဲ့ အရပ်ဘက် အာဏာပိုင်တွေရဲ့ လက်အောက်မှာ ထားရှိနိုင်မယ့် ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်တရပ် ပေါ်ပေါက်လာရေးမှာ ပြည်သူလူထုက ကျမတို့ နောက်မှာ အခိုင်အမာ ရပ်တည်တယ်ဆိုတာကို ယုံကြည်ပါတယ်။ အနှေးနဲ့ အမြန် ကျမတို့ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အမြန်ဖြစ်လာရင်တော့ ပိုကောင်းတာပေါ့။"

လွှတ်တော်တွေမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ ၂၅ ရာခိုင်နှုန်း ပါဝင်နေတာဟာ ဒီမိုကရေစီ စနစ်ရဲ့ လုပ်နည်းလုပ်ဟန် မဟုတ်ဘူး၊ ဒါကို ပြင်ဆင်လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စေ့စပ်ဆွေးနွေး ညှိနှိုင်းမှုနဲ့ ပြေလည်အောင် ဆောင်ရွက်လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ပြည်သူလူထုကို ကိုယ်စားပြုသူတွေသာ လွှတ်တော်မှာ ကိုယ်စားပြုရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို တရားဝင် ကိုယ်စားပြုသူတွေလို့ တရားဝင် သတ်မှတ်ခံရတဲ့ ပြည်သူလူထုက ရွေးကောက် တင်မြှောက်သူတွေသာ ဖြစ်ရပါမယ်။ ဒါပေမယ့် ဒီလို ပြုပြင် ပြောင်းလဲနိုင်ဖို့ စေ့စပ်ဆွေးနွေးရေးနဲ့ ဆောင်ရွက်မှာပါ။ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ ဆွေးနွေးညှိနှိုင်းမှုနဲ့ တဆင့်ချင်း သွားရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ လူမှု အဖွဲ့အစည်းရဲ့ တည်ငြိမ်ရေးကို ထိပါး မခံချင်လို့ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံမှာ တည်ငြိမ်ရေးက သိပ်ပြီး အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး အတွက်ရော တည်ငြိမ်ရေး အတွက်ပါ ကျမတို့မှာ စိန်ခေါ်ချက်တွေ အများကြီး ရှိပါတယ်။"

တပ်မတော်နဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက်တွေ အပေါ် မကြိုက်သူတွေ ရှိသလို၊ မလုပ်သင့်ဘူးလို့ ပြောသူတွေလည်း ရှိပေမယ့် တပ်မတော်နဲ့ ပြန်လည်သင့်မြတ်ရေးက အနာဂတ် မြန်မာနိုင်ငံ တိုးတက်ဖို့ အတွက် လိုအပ်ချက် ဖြစ်ပါတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေမှာ မလွဲမသွေ ရင်ဆိုင်ရတဲ့ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း ဆွီဒင် လွှတ်တော် ဥက္ကဌ Urban Ahlin က မေးမြန်းခဲ့တာမှာတော့ ဒေါ်အောင်းဆန်းစုကြည်က အခုလို တုံ့ပြန်ခဲ့ပါတယ်။

"ရခိုင်ပြည်နယ်တွင်းက ရခိုင်လူမှု အသိုင်းအဝိုင်းရော၊ မူစလင် လူမှု အသိုင်းအဝိုင်းရော လုံခြုံမှုရှိအောင် လုပ်ရပါမယ်။ လူမှု အသိုင်းအဝိုင်း တခုကို လုံခြုံအောင် လုပ်ပေးလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အသိုင်းအဝိုင်း နှစ်ခုလုံး လုံခြုံမှု ရှိအောင် လုပ်ရမှာပါ။ ဒါက အစိုးရရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ပြည်ပ အနေနဲ့ကတော့ ဘက်တဖက်က ရပ်တည်ပြီး တဖက်တည်းကိုဘဲ ထောက်ခံပံ့ပိုးတာမျိုး လုပ်နိုင်ပေမယ့် ကျမတို့ အနေနဲ့ မလုပ်နိုင်ပါဘူး။ လူမှု အသိုင်းအဝိုင်း နှစ်ခုလုံးကို အလေးထားရမှာပါ။"

ဒါ့အပြင် ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အရေး အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေ အားလုံးကို လက်သင့်ခံတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆွီဒင်လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အစိုးရအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း တစိုက်မတ်မတ် ဆောင်ရွက်လာတဲ့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း တိုးတက်မှုတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပေမယ့် အချိန်ယူ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ကျမတို့ စေ့စပ်ညှိနှိုင်းနေရတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က သိပ်ကို ရှုပ်ထွေးပြီး အခက်အခဲတွေလည်း အများကြီး ရှိနေပါတယ်။ နှစ်ဦးနှစ်ဘက် ယုံကြည်မှုနဲ့ လေးစားမှုကို တည်ဆောက်နိုင်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။"

အစိုးရအဖြစ် တာဝန်ယူခဲ့ပြီး တနှစ်တာ ကာလ အတွင်းမှာတော့ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍမှာ တိုးတက်မှုတွေ ရှိလာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမယ့် မြန်မာ ပြည်သူတွေရဲ့ ၇၂ ရာခိုင်နှုန်းက ကျေးလက်တွေမှာ နေထိုင်ကြတာကြောင့် စိုက်ပျိုးရေး ကဏ္ဍ တိုးတက်အောင် လုပ်ဖို့ လိုအပ်နေတယ်လို့လည်း ဆွီဒင်လွှတ်တော်မှာ ပြောဆိုသွားပါတယ်။ ဆွီဒင်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆွီဒင် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တနလာၤနေ့က တွေ့ဆုံခဲ့သလို ဆွီဒင်ရောက် မြန်မာ နွယ်ဖွားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG