ဆွီဒင်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်းပြောကြားပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အကျယ်တဝံ့ ရှင်းလင်းပြောဆိုသွားပါတယ်။
“အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျမတို့ လုပ်ဆောင်နေတာပါ။ ပြစ်တင်ရှုတ်ချဖို့ မဟုတ်ပါဘူး။ ကျမတို့ ရုန်းကန်ခဲ့တဲ့ ကာလတလျှောက် စစ်အစိုးရကို ဘယ်တော့မှ မရှုတ်ချပါဘူး။ သူတို့နဲ့ ပြန်လည်သင့်မြတ်တာကို ကျမတို့ လိုလားတာပါ။ ကျမတို့ အတိုက်အခံ နေရာမှာရှိခဲ့ချိန် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းခဲ့ချိန်တုန်းကနဲ့ မတူ၊ အခု ကျမတို့ရဲ့ ဒီမူဝါဒကို လက်တွေ့ အကောင်အထည် ဖော်တဲ့အချိန် မှာ တအံ့တသြ ဖြစ်ကြသူတွေ ရှိသလို၊ သိပ် မကျေနပ်ကြသူတွေလည်း ရှိပါတယ်။ ရန်သူဟောင်းနဲ့ ပြန်လည် မသင့်မြတ်သင့်ဘူးလို့ ယူဆကြသူတွေ ရှိပါတယ်။ ဒါပေမဲ့ ရန်သူနဲ့ ပြန်လည် သင့်မြတ်ရေးမလုပ်ဘူးဆိုရင် ကျမတို့ နိုင်ငံတခု အနေနဲ့ ရှေ့ကို ဘယ်လို ဆက်ကြမှာလဲ။ လူသားထုတရပ်အနေနဲ့ ဘယ်လို ရှေ့ဆက်ကြမှာလဲ။ ဒါကြောင့် ကျမတို့ကတော့ ပြန်လည် သင့်မြတ်ရေးဟာ ကျမတို့တိုင်းပြည် အနာဂတ်အတွက် ဖြစ်နိုင်တဲ့ကိစ္စဆိုတာထက် မဖြစ်မနေလုပ်ရမယ်လို့ ယုံကြည်တဲ့ ကျမတို့ရဲ့ မူဝါဒအတိုင်း အခိုင်အမာ အကောင်အထည်ဖော် လုပ်ဆောင်နေတာဖြစ်ပါတယ်။”
NLD ပါတီအနေနဲ့ ဒီမိုကရေစီနည်းကျ မဖြစ်သေးတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက် ကြိုးပမ်းနေတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနဲ့ပတ်သက်လို့လည်း ဒါဟာ တိုင်းပြည်တွင်း လူနည်းစု လူမှုအသိုင်းအဝိုင်း နှစ်ခုကြားဖြစ်တဲ့ ပြဿနာ ဖြစ်တဲ့အကြောင်း ပြဿနာကို ဖြေရှင်းရာမှာ ဒီ လူမှုအသိုင်းအဝိုင်း နှစ်ဘက်စလုံးကို လုံခြုံမှုပေးနိုင်ဖို့ အရေးကြီးတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဆွီဒင် လွှတ်တော်ဥက္ကဋ္ဌ အူရ်ဘန်း အာလင်း Urban Ahlin ရဲ့ ဖိတ်ကြားချက်နဲ့ လွှတ်တော်မှာ မိန့်ခွန်းကြားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဆွီဒင်ဝန်ကြီးချုပ် Stefan Löfven ၊ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Margot Wallström ၊ EU ရေးရာနဲ့ ကုန်သွယ်ရေးဝန်ကြီး Ann Linde ၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရာသီဥတုဆိုင်ရာဝန်ကြီးလည်း ဖြစ်တဲ့ Isabella Lövin တို့နဲ့ တွေ့ဆုံခဲ့သလို၊ ဆွီဒင်ရောက် မြန်မာပြည်သူပြည်သားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။