သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ခက်ခဲကြောင်း ဒေါ်စု ဆွီဒင်မှာပြောကြား


ဆွီဒင် မြန်မာမိသားစုများနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံ (ministry of foreign affairs myanmar)
ဆွီဒင် မြန်မာမိသားစုများနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံ (ministry of foreign affairs myanmar)

ဆွီဒင်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မလွယ်ကူကြောင်း၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြည်သူ အားလုံးက ဝိုင်းဝန်း ပါဝင် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း ဒေသစံတော်ချိန် တနင်္လာနေ့က ဆွီဒင်နိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင် ဝန်ကြီးချုပ် Stefan Löfven နဲ့ နိုင်ငံခြားရေးဝန်ကြီး Margot Wallström တို့နဲ့လည်း တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့က ဆွီဒင်ဝန်ကြီးချုပ် Stefan Löfven နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ မလွယ်ကူတဲ့အကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ အစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိအောင် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အလားတူပဲ ဆွီဒင်နိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ မိသားစုဝင်တွေနဲ့ သူမတည်းခိုတဲ့ Stockholm မြို့က Grand Hotel မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာလည်း တက်ရောက်လာတဲ့ ပရိတ်သတ်ထဲက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးထားတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရာမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မလွယ်ကူတဲ့အကြောင်း အခုလို ထပ်မံ ပြောကြားခဲ့ပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ဘယ်တော့မှမလွယ်ဘူး တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်လိုက်ပါ။ ကမ္ဘာပေါ်မှာ အခုဖြစ်နေတဲ့ သမိုင်း၊ ရှေးတုန်းက သမိုင်းတွေကိုကြည့်လိုက်ပါ။ ခေတ်သစ်သမိုင်းမှာဆိုရင် နာမည်ကြီးဆိုရင် တောင်အာဖရိကနိုင်ငံတွေ ၊ တချို့ တောင်အမေရိကနိုင်ငံတွေ ၊ မြောက်အိုင်ရာလန်စသဖြင့်ပေါ့နော် ၊အဲဒီနိုင်ငံတွေကို ကြည့်လိုက်ရင် ပြည်တွင်းစစ်ငြိမ်းဖို့အတွက် ငြိမ်းချမ်းရေး ရဖို့အတွက်ဆိုတာက တော်တော့ကိုလုပ်ယူရတယ်။ နှစ်ပေါင်းများစွာကြာတယ်။ ဆယ်စုနှစ်နဲ့ ကြာတယ်။ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ တိုးတက်မှုရှိလိုက် ဆုတ်ယုတ်မှုရှိလိုက်နဲ့ သိပ်ပြီးတော့ သည်းခံရတယ်၊ စိတ်ရှည်ရတယ်။ အားလုံးဟာ တချိန်တခါမှာတော့ ငြိမ်းချမ်းရေးရခြင်းဟာ ငါတို့အားလုံးအတွက်အကျိုးရှိတယ်။ ငြိမ်းချမ်းရေးမရခြင်းဟာ ငါတို့တယောက်မှအတွက် အကျိုးမရှိဘူးဆိုတာကို လက်ခံတဲ့အခြေအနေ ရောက်သွားမှ ဒီငြိမ်းချမ်းရေးကိစ္စဟာ အောင်မြင်မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူတွေကိုယ်တိုင် ပါဝင်လုပ်ဆောင်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အထူးသဖြင့် ကျမတို့နိုင်ငံမှာဆိုရင် အုပ်စုတွေတော်တော်များတယ်။ တခြားနိုင်ငံမှာ ဒီလောက်မများဘူးနော် ။ ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ဆိုတာဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း တော်တော်များများနဲ့ ကျမတို့က ညှိနှိုင်းပြီးလုပ်နေရတာ။ တခြားနိုင်ငံတွေမှာဆိုရင် အများကြီးငြိမ်းချမ်းရေးရဖို့က အလွန်ဆုံး ၁ ဖွဲ့ ၂ ဖွဲ့လောက်နဲ့ ညှိရတယ်။ အဲဒီတော့ ဘယ်တော့ အကောင်အထည်ဖော်မှာလည်းဆိုတာ ကျမတို့သေချာမပြောနိုင်ဘူး။ ကျမကတော့ အမြန်ဆုံးအကောင်အထည်ဖော်ချင်တာပေါ့ အဲဒီလို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဆိုတာဟာ ပြည်သူပြည်သားတွေက အားလုံးဝိုင်းပြီးကူညီရမယ်။ အားလုံးငြိမ်းချမ်းရေးဘက်ကို တွန်းပို့ရမယ်။ ဒီငြိမ်းချမ်းရေးဘက်မှာ ပါဝင်နေတဲ့ အစုအဖွဲ့တွေကို ငြိမ်းချမ်းရေးဘက်ကို တွန်းပို့ရမယ်။ ငြိမ်းချမ်းရေးဖြစ်စေမယ့် ခြေလှမ်းတွေကို လှမ်းဖို့ အားပေးရမယ်။ ငြိမ်းချမ်းရေးမ ဖြစ်စေမယ့် ခြေလှမ်းတွေကို လှမ်းဖို့ဟာတွေကို တားဆီးရမယ် ၊ ဒါကိုမကြိုက်ကြောင်းကို ပြည်သူပြည်သားတွေက သေသေချာချာ ပြောရမယ်။ ငြိမ်းချမ်းရေးမရခြင်းဟာ ဘယ်သူ့အတွက်အကျိုးရှိသလဲ ၊ တကယ်မှန်မှန်ကန်ကန်လုပ်နေတဲ့သူတွေအတွက် ဘာမှအကျိုးမရှိနိုင်ဘူး အဲဒီတော့ပြည်သူပြည်သားတွေကို ကျမ ဒီမိုကရေစီ အတွက်ကျမတို့ ကြိုးပမ်းလုပ်နေတုန်းက ကျမ ခဏခဏမေးတယ် ဒီမိုကရေစီဘယ်တော့ရမလဲ ၊ အဲဒီတော့ ကျမအမြဲတမ်းပြန်ဖြေတယ်၊ ကိုယ့်ကိုယ်ပြန်မေး ဒီမိုကရေစီရဖို့အတွက် ကိုယ်ဘယ်လောက်လုပ်နေသလဲ ၊ ဘယ်လောက်လုပ်နေသလဲဆိုတာအပေါ်မှာ အခြေခံပြီးတော့ ဘယ်တော့ဒီမိုကရေစီရမလဲဆိုတာကို တွက်လိုက်တော့ ။ ကိုယ်က ဘာမှ မလုပ်ရင် အကြာကြီးမှ ရတော့မှာတွက် လို့ ကျမအဲဒီလိုဖြေချင်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း ကျမ ဒီလိုပဲ ပြန်ဖြေချင်တယ်။"

Gum San ဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌပါ။ သူက တိုင်းပြည်ရဲ့ စစ်မှန်တဲ့အာဏာဟာ အစိုးရအဖွဲ့ အကြီးအကဲလက်ထဲမှာ မရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အခုလောက် ကြန့်ကြာပြီး ခရီးမရောက်နိုင် ဖြစ်နေရတာလို့ သုံးသပ်ပါတယ်။

“ အကြောင်းအရင်းက အများကြီးရှိပေမယ့် တခုပဲ တိုင်းပြည်ခေါင်းဆောင်ကလည်း စစ်တပ်အပေါ် အာဏာမရှိနေလို့ ပြဿနာတခုပါ ။ တိုင်းပြည်ကိုထိန်းချုပ်နိုင်တဲ့ အာဏာတခုက တပ်မတော်မှာ ရှိနေဆဲဖြစ်နေလို့ ဖြစ်ရတဲ့အကြောင်းပါ။ နောက်ကိုယ်စားပြုမှုပေါ့ ကျနော်တို့ တိုင်းရင်းသားတွေကိုဆိုရင်ရော ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီးတော့လည်း တကယ့်ကိုယ်စားပြုတဲ့လူ ဘယ်သူလဲ အစိုးရဆိုပေမယ့် တကယ့်အာဏာ ကို ကိုယ်စားပြုနေတာက ဘယ်သူက ကိုယ်စားပြုနေတာဆိုတာလည်း ရှိသေးတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထုတွေ ထပ်မံပါဝင်ဖို့အရေးကြီးတဲ့ ကဏ္ဍပြောပါတယ်။ အဲဒါကို ကျနော့်အမြင်သဘောထားနဲ့ ပြောမယ်ဆိုရင် ပြည်သူလူထုက ဘယ်သူ့ကို ရွေးချယ်ခဲ့သလဲပေါ့နော်။ သူတို့ကို ကိုယ်စားပြုဖို့အတွက်၊ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ ခေတ်အများကြီးပေါ့နော် ၊ လွန်ခဲ့တဲ့ နှစ်တွေအများကြီးပါပဲ ၈၈ ဖြစ်ဖြစ်၊ ၉၆ ဖြစ်ဖြစ်၊ ရွှေဝါရောင် ဖြစ်ဖြစ်၊ဒီနောက်ဆုံးရွေးကောက်ပွဲကာလမှာရော လူတွေက တကယ့်ကို ကြောက်ကြောက်နဲ့ တကယ့်ကို မဲပေးခဲတာ အင်တိုက်အားတိုက်နဲ့ သတ္တိရှိရှိမဲပေးခဲ့တာခင်ဗျ။ ဒီ Mandate တခုကို ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ် NLD အစိုးရဖြစ်ဖြစ် ဒီဟာကို တကယ့်အလေးအနက်နဲ့ ဒါကို အသုံးချပြီးမှ တပ်မတော်ကို ပြောင်းလဲအောင် လုပ်သင့်ပါတယ်။”

စိုင်းဝင်းဖေဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး မှိုင်းရှူး မဲဆန္ဒနယ်က ရွေးကောက် တင်မြောက်ခံခဲ့ရတဲ့ လွှတ်တော်အမတ်ဟောင်းပါ။ သူက မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အခုလို ကြန့်ကြာ နေရတာဟာ တကယ် အာဏာရှိတဲ့သူတွေရဲ့ သဘော ဆန္ဒမပါတဲ့အတွက်ဖြစ်လို့ ပြောပါတယ်။

“ဒီကိစ္စကတော်တော်ကြီး ကြာပြီလေနော်၊ နှစ်ပေါင်း ၆၀ ကျော်ဖြစ်လာတဲ့ ကိစ္စမှာ ရှင်းနေတာကို ရှုပ်အောင်လုပ်၊ ပြီးတော့ တခါပြန်ရှင်း အဓိပ္ပါယ်က ဘာဖြစ်လဲဆိုတော့ တခါပြန်ရှင်းတဲ့လူက ကယ်တင်ရှင်ဖြစ်တာပေါ့ခင်ဗျ။ အဲဒီတော့ ရှင်းနေတဲ့ ကိစ္စကို မရှုပ်ရှုပ်အောင်လုပ်ထားပြီးတော့ ဒီကိစ္စကို ကယ်တင်ရှင်လုပ်ပြီးတော့ တခါပြန်ရှင်းတဲ့လူအပေါ်မှာ တာဝန်ရှိတာပေါ့နော် ။ အဲလိုပဲ ဆိုပါစို့ အစအဆုံးပြောရမယ်ဆိုရင် အစကတည်းက ရှင်းနေတဲ့ ကိစ္စကို ရှုပ်အောင်လုပ်ထားတဲ့လူမှာ တာဝန်အရှိဆုံးပဲ အဲဒီလူက မရှင်းမချင်း၊ အဲဒီအဖွဲ့အစည်းက မရှင်းမချင်းတော့ ဇတ်လမ်းက မပြီးဘူးဆိုကြပါဆို့၊ De facto Power holder တကယ့် ပါဝါကို ကိုင်ထားတဲ့လူက သူ့သဘောထားအပြောင်းအလဲဖြစ်မှပဲ ဒီကိစ္စပြောင်းလဲမယ်လို့ ကျနော်ယူဆပါတယ်။ တခြားကိစ္စတွေအားလုံးလုပ်နေတာက ဒီအပေါ်မှာပဲ သွားမူတည်နေတယ်။ သူတို့လည်း အဲဒီကိစ္စ၊ အဲဒီအကြောင်းအရာ၊ အဲဒီလူတွေမျက်နှာကိုကြည့်ပြီးလုပ်နေရတယ်လို့ မြင်ပါတယ်ခင်ဗျ။”

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ခွင့် ရရှိရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အမျိုးသမီးတွေ ပါဝင်နိုင်ရေး စတဲ့ ကိစ္စရပ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပြီး ဆွီဒင် ဝန်ကြီးချုပ် Stefan Löfven နဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက်ချပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဟာ ရခိုင်ဒေသတွင်း အခြေအနေကို ပိုပြီး ဆိုးရွား စေနိုင်တာကြောင့် မြန်မာအစိုးရက ဒါကို လက်မခံတာဖြစ်ကြောင်း သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသစံတော်ချိန် ညနေပိုင်းမှာတော့ ဆွီဒင်နိုင်ငံ Olof Palme Memorial Fund က ချီးမြှင့်ခဲ့တဲ့ Olof Palme ဆုကို လက်ခံ ရယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်း လုပ်ဆောင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၀၅ ခုနှစ်မှာ ဒီဆုကို ချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသစံတော်ချိန် အင်္ဂါနေ့မှာ ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG