နှစ်နိုင်ငံနယ်စပ်ဒေသမှာ မြန်မာဘက်က တပ်အင်အားတိုးမြှင့်ထားတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်တာနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိတဦးက နယ်စပ်ဒေသက ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ချထားရတာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ လတ်တလောအခြေအနေမှာ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့တေ ပူးပေါင်းပြီး နယ်မြေတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေသလို ဆက်လက် ဆောင်ရွက်သွားဖို့လည်း ပြင်ဆင်နေကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
နယ်စပ်ဒေသမှာ ဒုက္ခသည်တွေ ထောင်နဲ့ချီ နေထိုင်နေတာကြောင့် မြန်မာဖက်က လုံခြုံရေးအင်အား တိုးမြှင့်ချထားတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခေတ္တ အမြဲတမ်းအတွင်းဝန်က မြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပြီး တပ်တွေ ရုတ်သိမ်းဖို့ ကြာသပတေးနေ့က ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြီးခဲ့တဲ့လ ၂၀ရက်နေ့က နယ်စပ်ဒေသက ဒုက္ခသည်တွေရဲ့ မိသားစုစာရင်းတွေ ကောက်ယူဖို့ အသိပေးပြီးနောက် ဖြစ်ပေါ်လာတဲ့အခြေအနေအရ လုံခြုံရေး အင်အားတွေ တိုးမြှင့်ခဲ့ရကြောင်း အခုလို ပြောပါတယ်။
“ မိသားစုစာရင်းတွေ ကောက်ဖို့အတွက် ကျနော်တို့က အသိပေးပါတယ်။ အဲလို ပေးပြီးနောက်ပိုင်းမှာ စစ်တွေမှာ ဗုံးတွေ ပေါက်ပါတယ်။ ဒီအထဲမှာ ARSA တွေ ရှိနေတယ်ဆိုတဲ့သတင်းလည်း ကျနော်တို့ ရထားပါတယ်။ အဲတော့ အခုက လဝက က ဝန်ထမ်းတွေ၊ ကျနော်တို့ တောင်ပြိုလက်ဝဲ စခန်းမှာရှိတဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေအတွက် ကျနော်တို့က နယ်ခြားစောင့် ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့် ချထားခြင်း ဖြစ်ပါတယ်။ ဒီဟာကလည်း နယ်နမိတ်ကြောင်းမှာ ရှိတဲ့လူတွေ ပြန်လာဖို့အတွက် ကျနော်တို့ ဆွေးနွေးနေသလို တဖက်ကလည်း အကြမ်းဖက်သမားတွေ ဝင်မလာအောင် ကျနော်တို့က အင်အားပြပြီးတော့ ထိန်းထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ”
နိုင်ငံတကာ သတင်းမီဒီယာတွေမှာတော့ နယ်စပ်ဒေသမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေ ထွက်ခွာသွားဖို့ အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အသံချဲ့စက်နဲ့ သတိပေး ပြောဆိုတာရှိကြောင်းနဲ့ နယ်စပ်အနီး စစ်ရေး လှုပ်ရှားမှုတွေဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ရာရောက်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောဆိုကြောင်းလည်း ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကတော့ နယ်နိမိတ် သဘောတူညီချက်အရ နှစ်နိုင်ငံ တပ်ဖွဲ့တွေဟာ နယ်စပ်မျဉ်းတလျောက် လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ခွင့်ရှိကြောင်း ပြောပါတယ်။
ဒီလို ပူးပေါင်းဆောင်ရွက်တာတွေကို အရင်လအတွင်းကလည်း ဆောင်ရွက်ခဲ့သလို ဆက်လက်ပြီးလည်း ဆောင်ရွက်ဖို့ ရှိနေကြောင်း ပြောပါတယ်။
“မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အထက်ပိုင်းမှာ ကျနော်တို့ Coordinated patrol လုပ်ပြီးနေတာ ၂ပတ်လောက်ရှိပါပြီ။ ခုနောက်ပိုင်းမှာလည်း ကျနော်တို့ ဒီ ယာယီရွှေ့ပြောင်းနေထိုင်တဲ့လူတွေ နေရာ ပတ်ဝန်းကျင်ကိုလည်း Coordinated patrol လုပ်ဖို့ ကျနော်တို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။ ဒါက နယ်နိမိတ်မျဉ်း တလျှောက်မှာ နှစ်ဖက် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအမံပဲ ဖြစ်ပါတယ်။ အပေါ်ပိုင်းမှာ ပြီးတဲ့အတွက် အခု ကျနော်တို့ အောက်ပိုင်း မိုင်တိုင်အမှတ် ၃၄-၃၅ အဲဒီကနေ ၄၂အထိ ကျနော်တို့ ဆက်လုပ်ပါမယ်။ နှစ်ဖက်ရဲတပ်ဖွဲ့ခြင်း အောက်ခြေ level မှာ ဆွေးနွေးပြီး ဖြစ်ပါတယ်။ ”
ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို ARSA အစွန်းရောက် အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တာကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ရှင်းလင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲ ထားပါတယ်။ ဒီလို ရှင်းလင်းခဲ့တဲ့နောက် ဒုက္ခသည် ၆ သိန်းခွဲကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။