သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေပြန်ပို့ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တနင်္လာနေ့ ဆွေးနွေးမည်


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့က နိုင်ငံခြားရေး အတွင်းဝန်တွေ ဒါကာမြို့မှာ ဒီကနေ့ အင်္ဂါနေ့မှာ တွေ့ဆုံပြီး ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး အတွက် အပြီးသတ် ဆွေးနွေးမှုနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အဆင်ပြေ ချောမွေ့စေရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေး ကြမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒီဆွေးနွေးမှုဟာ နိုဝင်ဘာ ၂၃ ရက်နေ့က ဒုက္ခသည်တွေ ပြန်ပို့ရေး နှစ်နိုင်ငံ သဘောတူညီမှု ရရှိပြီးတဲ့နောက် ၂ လအတွင်း ပြန်ပို့ရေး အစီအစဉ်တွေ စတင် အကောင်အထည်ဖော်ဖို့ နောက်ဆက်တွဲ ပြုလုပ်တဲ့ စည်းဝေးပွဲလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူဟာ ဒါကာမြို့မှာ ရောက်နေပြီလို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို နေရပ်ပြန်ပို့တဲ့နေရာမှာ လုံခြုံစိတ်ချမှုရှိပြီး သူတို့သဘောနဲ့ သူတို့ပြန်တာမျိုး ဖြစ်သင့်ကြောင်း နိုင်ငံတကာ အသိုင်းဝိုင်းက ပြောဆိုနေတာပါ။

အစိုးရဧည့်ဂေဟာမှာ ဒီကနေ့မနက် ၈ နာရီမှာ ကျင်းပမယ့် စည်းဝေးပွဲကိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန် Md Shahidul Haque က ဦးဆောင် ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေ နေရပန်ပြန်ပို့ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို နှစ်နိုင်ငံ နိုင်ငံခြားရေးဌာန အတွင်းဝန်တွေက ဦးဆောင်သွားမှာဖြစ်ပြီး သူတို့အောက်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပူးပေါင်းပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က အဆိုပြုချက် တင်သွင်းထားတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် ၆ သိန်းခွဲကျော် ထွက်ပြေးခဲ့ကြပြီး အဲဒီမတိုင်ခင်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ၄ သိန်း ဝန်းကျင်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG