သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ပြန်ပို့ရေးအစီအစဉ် ရှေ့လလယ်စမည်


ဒုက္ခသည်တွေကို နေရပ်ပြန်ရေးအစီအစဉ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Shahidul Haque သတင်းစာရှင်းလင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ ရှေ့လထဲ စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား ဒီနေ့ပဲ သဘောတူလိုက်ကြပါတယ်။ မြန်မာအစိုးရကတော့ ပြန်လည်လက်ခံရေး အဆင်သင့်ဖြစ်နေပြီလို့ ဆိုပေမဲ့ ဒုက္ခသည်တွေကြားမှာတော့ စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက ပထမသုတ်အဖြစ် ရှေ့လလယ်မှာစတင်ပြီး မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံသွားမယ့် အစီအစဉ်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေ ဒီနေ့ပဲ ကြေညာလိုက်ကြတာပါ။ ဒုက္ခသည်တွေကို နေရပ်ပြန်ရေးအစီအစဉ်တွေ နိုဝင်ဘာလထဲ စတင်မယ့် အစီအစဉ်ကိုတော့ ဒီနေဲ့ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဒက္ကားမြို့တော်မှာ တွေ့ဆုံခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Shahidul Haque ကပြောဆိုလိုက်တာပါ။

“ရှေ့လ နိုဝင်ဘာလလယ်မှာ အစီအစဉ်စဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒါဟာပထမအသုတ်ပါ။ ၂ နိုင်ငံ ပူးတွဲလုပ်ငန်း အဖွဲ့အနေနဲ့ Cox's Bazar ကိုသွားရောက်ပြီး ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။ အဲဒီမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ခွာလာသူတွေ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်ကြဖို့လည်း တိုက်တွန်းသွားမှာပါ။”

ပထမအကြိမ်အဖြစ် ဒုက္ခသည် ၅ ထောင်ကျော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ စတင်လက်ခံသွားမှာ ဖြစ်ကြောင်းလည်း ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ်တွေမှာ ဦးဆောင်နေသူတဦးဖြစ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"နိုဝင်ဘာလ ၁၅ ရက်နေ့စမယ်လို့ ကြားပါတယ်။ ကျနော်တို့ဆီကို ဟိုတုန်းကပေးထားတဲ့ ၈၀၃၂ ဦးစာရင်းရှိခဲ့တယ်။ အဲဒါကို ကျနော်တို့ verification ယူပြီး အဲဒီစာရင်းကို ပြန်ပို့ပြီးပြီ။ ဆိုတော့ အဲဒီအထဲကပဲ ပြန်ပို့တယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။ ဒါကို အဆင်သင့်ပြင်ပြီးရင်တော့ ကျနော်တို့ ပြောလို့ရတယ်၊ အဆင်သင့်ဖြစ်ပါတယ်ခင်ဗျ။"

အချိန်အတော်ကြာ ကြန့်ကြာနေခဲ့ပြီးနောက် နေရပ်ပြန်ရေး သဘောတူညီချက်ရရှိသွားပေမဲ့၊ ဒုက္ခသည်တွေကြားမှာတော့ စိုးရိမ်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာကိုယ်စားလှယ်တွေ မနက်ဖြန် ဒုက္ခသည်တွေနဲ့ သွားရောက် တွေ့ဆုံရာမှာ ဒုက္ခသည်တွေရဲ့ စိုးရိမ်မှုတွေနဲ့ လိုလားချက်တွေကို တင်ပြဖို့ စီစဉ်ထားတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အနီး ဘာလုခါလေ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးအီစလံက ပြောပါတယ်။

"မနက်ဖြန် မြန်မာဘက်ကလူကြီးတွေရောက်လာမယ်ဆိုရင် သူတို့လည်း တွေ့ချင်တဲ့အချိန်မှာ ကျနော်တို့တွေ့ရအောင် ဒီမှာလူတွေစုထားပါတယ်။ ကျနော်တို့ကတော့ နိုင်ငံသားလူ့အခွင့်အရေးအပြည့်အ၀ရရှိရေး၊ နောက်ပြီး ဘေးကင်းလုံခြုံမှုအတွက် ကုလသမဂ္ဂလုံခြုံရေးအစီအစဉ်နဲ့ နေရပ်ရင်းပြန်နိုင်ရေး နောက်မူလကျေးရွာမှာ ကျနော်တို့ ပြန်လည်နေထိုင်ရေး၊ ကျနော်တို့ ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေ ပြန်လည်ရရှိရေး။ ကျနော်တို့ အဲလိုစုဆောင်းထားတဲ့ တောင်းဆိုချက် အချက်အလက်တွေရှိပါတယ်။ အဲဒီ တောင်းဆိုချက်တွေအတိုင်း မြန်မာအစိုးရက လက်ခံဆောင်ရွက်မယ်ဆိုရင် ကျနော်တို့သွားဖို့အဆင်သင့်ပါ။ သူတို့ ဒီအချက်အလက်ကို လက်မခံဘူးဆိုရင် ကျနော်တို့ သွားဖို့အစီအစဉ်မရှိပါဘူးခင်ဗျ။ဓ

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း ဒုက္ခသည်တွေ အနေနဲ့ ကိုယ့်သဘာဆန္ဒနဲ့ နေရပ်ရင်းကို ဂုဏ်သိက္ခာရှိရှိ၊ လုံလုံခြုံခြုံ ပြန်နိုင်ဖို့ လိုအပ်ကြောင်း ပြောဆိုထားကြတာပါ။ မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် မြန်မာနိုင်ငံဘက်က စီစဉ်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ ၂ နိုင်ငံ သဘောတူစာချုပ်အတိုင်းကို သွားနေတာ၊ ၂ နိုင်ငံ သဘောတူစာချုပ်အတိုင်းကပြောထားတဲ့ ပြန်လည်လက်ခံရေးစခန်း ၂ ခုနဲ့ ကြားစခန်းတခု ၃ နေရာပဲ ကျနော်တို့လုပ်ထားတယ်။ ရေလမ်းကဆိုရင် ငါးခူရ၊ ကုန်းလမ်းကဆိုရင် တောင်ပိုလက်ဝဲ၊ ကြားစခန်းကတော့ လှဖိုးခေါင် အဲဒါပြီးရင် သူတို့နေတဲ့နေရာနဲ့ အနီးဆုံးနေရာကနေပြီးတော့ ကျနော်တို့ဆီက Township၊ Village တွေကနေ လွှတ်ထားတာရှိတယ်။ အဲဒီအတိုင်းကို စီစဉ်ထားတာရှိတယ် ကျနော်တို့လုပ်တဲ့အစီအစဉ်အတိုင်းသွားရင်အဆင်ပြေတယ်၊ အဲဒါကတော့ Cash for work program တနေ့လုပ်အားခလည်းရတယ်၊ နောက် ပစ္စည်းတွေလည်းပို့ပေးတယ်၊ ဒါတွေအကုန်ရမှာခင်ဗျ ။ ၀င်လာတာနဲ့ ချက်ချင်း အစားအသောက်၊ အနေအထိုင်၊ အသွားအလာ အကုန်လုံးအပြီးလုပ်ပြီးသား ရိက္ခာတွေလည်း အထဲမှာထည့်ပြီးသား ၊ ပစ္စည်းတွေလည်းအကုန်လုံးအဆင့်သင့်ဖြစ်ပြီးသား ကားတွေကလည်း ရှိပြီးသား အကုန်လုံးဒါတွေကအဆင်သင့်ပဲခင်ဗျ။"

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက စွပ်စွဲထားပြီး၊ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန်နိုင်အောင် စီစဉ်ဖို့လည်း တိုက်တွန်းနေကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိနေတဲ့အကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG