(Zawgyi / Unicode)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် မြန်မာစစ်အာဏာပိုင်တွေ တရားစွဲထားတဲ့ အလှမယ် ဟန်လေး ဟာ ထိုင်းလေဆိပ်မှာ သောင်တင်နေခဲ့ပြီး အခုနောက်ဆုံး ကနေဒါနိုင်ငံကို ရောက်ရှိသွားပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တို လေဆိပ်ကို ဗုဒ္ဓဟူးနေ့က ရောက်လာချိန်မှာ စိတ်သက်သာရာ ရခဲ့ကြောင်းလည်း ရိုက်တာသတင်းဌာနကို တယ်လီဖုန်းကနေ ပြောခဲ့တာပါ။
မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက် အားပေးသွားမှာ ဖြစ်ကြောင်းလည်း ကနေဒါနိုင်ငံ အရှေ့ဖက်ခြမ်းကို ခရီးမဆက်ခင် တိုရွန်တို နိုင်ငံတကာ လေဆိပ်မှာ ပြောခဲ့တယ်လို့လည်း သတင်းက ဖော်ပြပါတယ်။ အလှမယ် ဟန်လေးဟာ ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို ဆန့်ကျင်ကြောင်း ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့နှစ် မတ်လက ကျင်းပတဲ့ Miss Grand International 2020 ပြိုင်ပွဲမှာ ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက နိုင်ငံတော်ပုန်ကန်မှုနဲ့ အရေးယူဖို့ ကြိုးစားတာနဲ့လည်း ကြုံခဲ့ရတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဗီယက်နမ်နိုင်ငံကို ခေတ္တသွားရောက်ပြီး ထိုင်းနိုင်ငံကို ဝင်ရောက်ချိန်မှာ သူကိုင်ဆောင်ထားတဲ့ နိုင်ငံကူးပတ်စ်ပို့စာအုပ် တရားမဝင်ဘူးဆိုပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တာကြောင့် သုဝဏ္ဏဘူမိလေဆိပ်မှာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ ထိုင်းတာဝန်ရှိသူတွေ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီး၊ ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်ရခဲ့တာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch ကတော့ မြန်မာစစ်အာဏာပိုင်တွေဟာ အလားတူ နည်းလမ်းကိုသုံးပြီး အတိုက်အခံ အင်အားစုတွေကို နှိမ်နင်းဖို့ ကြိုးစားလာမှာကို နိုင်ငံတကာ အသိုင်းအဝိုင်းက အကာအကွယ်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
(Unicode)