သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေကြောင့် နယ်စပ်ဒေသတွေမှာလည်း စိုးရိမ်မှုတိုးလာ


ရန်ကုန်ဆန္ဒပြပွဲတခုကို ဖြိုခွင်းခံရမှုမြင်ကွင်း။ (မတ် ၁၉၊ ၂၀၂၁)
ရန်ကုန်ဆန္ဒပြပွဲတခုကို ဖြိုခွင်းခံရမှုမြင်ကွင်း။ (မတ် ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်း ဆန္ဒပြမှုတွေ အရှိန်မြင့်ဖြစ်နေသလိုပဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေကို တိုးမြင့် လုပ်ဆောင်လာနေပါတယ်။ တချိန်တည်းမှာပဲ နယ်စပ်ဒေသတချို့မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာလည်း တဖြည်းဖြည်း အရှိန်မြင့် ဖြစ်ပေါ်လာနေတာပါ။ လက်ရှိ နိုင်ငံရေး ပဋိပက္ခအပေါ် တိုင်းရင်းသားလက်ကိုင်ခေါင်းဆောင်တချို့ရဲ့ အမြင်တွေကို စုစည်းတင်ပြထားတဲ့ အေပီဆောင်းပါးကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်လာခဲ့ရင် သူတို့ဘက်ကိုပါ ကူးစက်လာမယ့်အရေးအတွက် ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြား စိုးရိမ်မှုတွေ ကြီးထွားနေပါတယ်။ ညိုးလျှနေတဲ့ သံလွင်မြစ်ဟာ နှစ်နိုင်ငံ နယ်စပ်ကိုဖြတ်ပြီး စီးဆင်းနေလျှက်ပါ။ လွန်ခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် မြန်မာဘက်က ကရင်နီရွာသားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

နယ်စပ်မှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ အသက် ၄၉ နှစ်အရွယ် Jumi ဆိုသူ အမျိုးသမီးကတော့ အရေးကြုံလာရင် ဘယ်လို့ လုပ်ဆောင်ရမယ်ဆိုတဲ့ ကြိုတင် ပြင်ဆင်မှုတွေကို ကျေးရွာခေါင်းဆောင်တွေက သင်ကြားပေးထားတယ်လို့ ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်လာရင် ရွာသားတွေအနေနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို လက်ထောက် ရွာသူကြီးက ကျမတို့ကို သင်ထားပေးပါတယ်။ တခုခုဖြစ်ခဲ့ရင် ကျမတို့ အထုပ်ဆွဲပြီး ထွက်ပြေးကြရမှာပါ။”

မြန်မာစစ်တပ်နဲ့ ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ထိုင်းနယ်စပ်မှာ ရှိနေတဲ့ မြန်မာတပ်စခန်းတွေအတွက် ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ထားကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ မြန်မာစစ်တပ်အတွက် ဆန်အိတ် ၇၀၀ ထိုင်းအစိုးရဘက်က ထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်းတွေ ထိုင်းဒေသတွင်း သတင်းတွေမှာ ပုံတွေနဲ့တကွ ရေးသားဖော်ပြပေမယ့် ထိုင်းအစိုးရကတော့ သူတို့အနေနဲ့ မြန်မာစစ်တပ်ကို ထောက်ပံ့ပေးတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အဲဒီလို သတင်းတွေ ထွက်ပေါ်နေတာနဲ့ မြန်မာနိုင်ငံအတွင်း အခြေအနေတွေ ပိုမို တင်းမာလာနေတာတွေကြောင့် နယ်စပ်မှာရှိတဲ့ ထိုင်းလူမျိုးတွေဟာ ဘေးကင်းရာကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ Jumi လို စားသောက်ဆိုင်ပိုင် တချို့သာ ကျန်နေပါတော့တယ်။

မဲဟောင်ဆောင်ပြည်နယ်၊ Mueng ဒေသမှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် ကယန်းကျေးရွာသူ Saw Ao Ngo လည်း မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ သူမဟာ ထိုင်းနိုင်ငံဘက်က ကယန်းလည်ပင်းရှည်ကျေးရွာမှာ နေထိုင်ပေမယ့် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ကျန်နေတဲ့ခဲ့တဲ့ ဆွေမျိုးသားချင်းတွေအတွက် စိတ်ပူနေရကြောင်း ပြောပါတယ်။

“ရုပ်သံသတင်းတွေမှာ မြင်တွေ့နေရတဲ့သူတွေက ကျမအမျိုးတွေ မဟုတ်ပေမဲ့ သူတို့တွေလည်း လူသားတွေပဲလေ။ အဲဒီလိုတွေ မြင်တွေ့နေရတော့ ကျမ ငိုချင်မိတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်နေတာကြောင့် မတ်လ ၃၀ ရက်နေ့အထိ လူပေါင်း ၅၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး လက်နက်ကိုင် တိုက်ခိုက်မှုတွေဟာလည်း တဖြည်းဖြည်းချင်း အရှိန်မြင့်လာနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ကြီးထွားလာနေပေမဲ့ အဲဒီလိုလုပ်ဖို့ တချို့အဖွဲ့တွေကတော့ ဝန်လေးနေကြဆဲပါ။

“လူထုက တချို့နေရာတွေမှာ ပြည်သူတွေက သူတို့နဲ့ ပူးပေါင်းပါဝင်ဖို့ ကျနော်တို့ကို တောင်းဆိုနေကြပါတယ်၊ အခြေအနေတွေကို ကျနော်တို့က နားလည်နေတဲ့အတွက် ပူးပေါင်းပါဝင်ဖို့ ဝန်လေးနေတာပါ။ ပြီးတော့ လူထုကိုယ်တိုင်ကလည်း စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ တောင်းဆိုထားတာပါ။ ဆန္ဒပြသူတွေကို အကာကွယ်ပေးမယ်၊ သူတို့နဲ့အတူ လှည့်လည် ချီတက်တယ်ဆိုကြပါစို့၊ ဒါကို စစ်တပ်ကတွေ့သွားရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆန္ဒပြပွဲတွေ လုပ်နေတယ်ဆိုပြီး စစ်တပ်က ပစ်ဖို့ အကြောင်းပြချက် ရသွားနိုင်ပါတယ်။”

KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒု ဥက္ကဋ္ဌ ခူးဦးရယ် ပြောပြသွားတာပါ။

ဒါပေမဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Yawd Serk ကတော့ ဆန္ဒပြပြည်သူတွေ တောင်းဆိုနေတဲ့ ပြည်ထောင်စုတပ်မတော် တည်ထောင်ရေးကို ထောက်ခံကြောင်း ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်ချက်က ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့အတွက်ဆိုရင် ဘာမှမလုပ်ဘဲ ဘေးကထိုင်ကြည့်နေလို့ မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အဓိက ဘုံရန်သူရှိနေပြီးသားပဲ ကျနော်တို့ချင်း လက်တွဲပြီး အလုပ်လုပ်ကြဖို့လိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရားမျှတမှုမရှိဘူးလို့ မြင်ခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကသာ ပြည်သူတွေကို အကာကွယ်ပေးနေတာဖြစ်ပြီး စစ်တပ်က ပြည်သူတွေ ထိခိုက်နာကျင်အောင် လုပ်နေတယ်ဆိုတာမျိုး ဖြစ်သွားပါပြီ။”

ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ RCSS ဟာ စစ်တပ်ကအာဏာသိမ်းကို ကန့်ကွက်ကြောင်းပြောဆိုပြီး ဆန္ဒပြပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြောဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခု ဖြစ်ပါတယ်။

မတူညီတဲ့ တိုင်းရင်းသားလူမျိုးစု အသီသီးဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် မြန်မာအစိုးရကို နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ပွဲဝင်နေခဲ့ကြတာပါ။ လက်နက်ကိုင်အဖွဲ့အစည်း အတော်များများက အပစ်အခတ်ရပ်စဲရေးသဘောတူ လက်မှတ်ထိုးထားကြပေမဲ့ မြန်မာနိုင်ငံ အရှေ့ဘက်နဲ့ မြောက်ဘက်အခြမ်းတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။

မြန်မာစစ်တပ်က သူတို့ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းစောင့်ရှောက်နေတာလို့ ဆယ်စုနှစ်ပေါင်းများစွာ ဝါဒဖြန့် ပြောဆိုလာခဲ့တာပါ။ မနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရခဲ့တာဟာ မဲမသမာမှုတွေကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တိုင်းပြည်အာဏာကို သိမ်းယူလိုက်တာ ဖြစ်ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ အဲဒီ ပြောဆိုချက်ဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












KNPP ကရငျနီအမြိုးသားတိုးတကျရေးပါတီ ဒု ဥက်ကဋ်ဌ ခူးဦးရယျ ပွောပွသှားတာပါ။






XS
SM
MD
LG