သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဘသ အမည်ပြောင်း ဖောင်ဒေးရှင်း တရားမဝင်အဖွဲ့အဖြစ် သံဃာ့မဟာနာယက သတ်မှတ်


 ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း နှစ်ပတ်လည်အစည်းအဝေး (၂၀၁၉၊ ဇွန်လ ၁၇ ရက် )
ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း နှစ်ပတ်လည်အစည်းအဝေး (၂၀၁၉၊ ဇွန်လ ၁၇ ရက် )

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တရားမဝင် အဖွဲ့အစည်းဖြစ် သတ်မှတ်လိုက်ပြီး အဖွဲ့အမည်ကို သုံးစွဲတာတွေ မလုပ်ဖို့နဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေမှာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ဖြစ်တဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ အမျိုးသားရေး အယူအဆ ပြင်းထန်သူတွေက ဆန့်ကျင်နေကြတာပါ။

အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက က အဌမအကြိမ် ၄၇ ပါး ဒုတိယ အထူးစုံညီ အစည်းအဝေးကို မနေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တရားမဝင် အဖွဲ့အစည်းဖြစ် ထပ်မံ အတည်ပြုဆုံး ဖြတ်လိုက်ပြီး အဖွဲ့အမည်ကို ဆက်လက်မသုံးစွဲဖို့နဲ့ အဖွဲ့ဆိုင်းဘုတ်တွေကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ဗဟို ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ ဒေါက်တာ အရှင်သောပါက က အခုလို မိန့်ပါတယ်။

"ငါတို့သဘောထားက ဘာမှပြောစရာမရှိဘူး။ ဘာမှ လုပ်စရာမရှိဘူး။ ဘာမှလည်းမဖြစ်ဘူး။ ဘာမှလည်း ပြောစရာမရှိဘူး။"

ဒီဆုံးဖြတ်ချက်တွေကို မလိုက်နာဘူးဆိုရင် ရဟန်းသံဃာဖြစ်ပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့ အရေးယူမှာဖြစ်ပြီး လူပုဂ္ဂိုလ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီဥပဒေဟာ ၁၉၉၀ ခုနှစ် နဝတ လက်ထက်က ရေးဆွဲခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေ ဆရာဦးခင်မောင်မြင့်က အခုလို ရှင်းပြပါတယ်။

"နိုင်ငံတော် သံဃာ့နာယကအဖွဲ့သို့မဟုတ် ကိုယ်စားလွှဲအပ်ထားတဲ့ အဖွဲ့အစည်းကနေ ထုတ်ဆင့်တဲ့ အမိန့်တွေကို မလိုက်နာဘူး ပျက်ကွက်တယ်ဟေ့ဆိုရင် ပုဒ်မ ဘယ်လောက် အရ အပြစ်ရှိတယ်။ အဲ့ဒီ့အပြစ် ကျူးလွန်ရင် ပြစ်မှု ဘယ်လောက် ပြစ်ဒဏ်ဘယ်လောက် ချမှတ်နိုင်တယ် စသည်အားဖြင့် အသေးစိတ် ပြစ်မှု ပြစ်ဒဏ်တွေ ပြဌာန်းပေးထားပါတယ်။ အာဏာစက်ဖြစ်တဲ့အတွက် သာသနာရေး ဦးစီးဌာနကနေ တရားလို ပြုလုပ်ပြီး စွဲပါတယ်။ စွဲတဲ့အခါမှာ သက်ဆိုင်ရာ တရားရုံးမှာပဲ ဒီပြစ်ဒဏ်တွေ ချပါတယ်။"

မနေ့က ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ဗဟို ဥက္ကဌ ဆရာတော်နဲ့ ဒုဥက္ကဌတို့ကို အဖွဲ့နှစ်ပတ်လည် စုံညီအစည်းအဝေးလုပ်လို့ သြဝါဒပေးဖို့ ခေါ်ယူခဲ့ ပေမယ့် ဒုဥက္ကဌဆရာတော်သာ ကြွလာပြီး ဗဟိုဥက္ကဌ ရွာမဆရာတော်ကြီးက စာနဲ့သာ အကြောင်းပြန် ခဲ့ပါတယ်။ အကြောင်းပြန်ခဲ့တဲ့စာကို နိုင်ငံတော် သံဃာ့မဟာနယက က လက်မခံခဲ့ဘဲ ဓမ္မစက်နဲ့ ဆောင်ရွက်ရမယ့် အခန်းကဏ္ဍပြီးဆုံးသွားပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အမျိုးသားရေး လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုဝင်းကိုကိုလတ်ကတော့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူ့သဘောထားကို အခုလိုပြောပါတယ်။

"အမျိုးသားရေးသမားတွေက ထောင်ကျလည်း ထောင်ကျခံဖူးတယ်။ အခုလည်း လက်ရှိထောင်ထဲမှာပဲ ရှိနေတဲ့ လူတွေလည်း ရှိနေကြတယ်။ ဖမ်းတာလည်း မကြောက်ဘူး ဆီးတာလည်း မကြောက်ဘူး။ ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားတဲ့လူတွေကတော့ လုပ်စရာရှိတာ လုပ်နေမှာပဲ။"

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ဖွဲ့စည်းထားတဲ့ မဘသကို ဖျက်သိမ်းလိုက်လို့ အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို ၂၀၁၈ ခုနှစ် ၄၇ ပါး စုံညီ အစည်းအဝေးမှာ ဖျက်သိမ်းဖို့ ဆုံးဖြတ် လိုက်တာ လည်းဖြစ်ပါတယ်။

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ထင်ရှားတဲ့ ဆရာတော် တပါးဖြစ်တဲ့ ဆရာတော် ဦးဝီရသူဟာလည်း ရန်ကုန်မြို့မှာ မြို့တော်ခန်းမရှေ့မှာ ဟောပြောတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အမှုရင်ဆိုင်နေရပါတယ်။ အမှုရင်ဆိုင်ဖို့ တရားရုံးက ဝရမ်း အကြိမ်ကြိမ် ထုတ်ခဲ့ပေမယ့် တရားခွင်ကို မလာရောက်ခဲ့တဲ့အတွက် တလအတွင်း လာရောက်ရင်ဆိုင်ဖို့ တရားရုံးက ထုတ်ပြန်ချက် ထုတ်ခံထားရပါ တယ်။

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း ဗဟိုရဲ့ နှစ်ပတ်လည် စုံညီအစည်းအဝေးကို ပြီးခဲ့တဲ့လက ကျင်းပခဲ့ပြီး သံဃာ ၁ ထောင်ခဲ့တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံကိုယ်တိုင် တက်ရောက်ခဲ့ပြီး အလှူငွေ လှူဒါန်းခဲ့သလို နိုင်ငံတော်ကို အခွန်ပေးသွင်းဖို့ ပျက်ကွက်ခဲ့လို့ တရားစွဲခံထားရပြီး ဝရမ်းထုတ်ခံ ထားရတဲ့ ဦးစိုးထွန်းရှိန်ကလည်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG