သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာသန်း ၅၀၀ နီးပါး မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ မီးရှို့ဖျက်ဆီး


မူးယစ်ဆေးဝါးမီးရှို့အခမ်းအနား (ရန်ကုန်) (ဇွန် ၂၆၊ ၂၀၂၃)
မူးယစ်ဆေးဝါးမီးရှို့အခမ်းအနား (ရန်ကုန်) (ဇွန် ၂၆၊ ၂၀၂၃)

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံတွင်း သိမ်းဆည်းရမိထားတဲ့၊ ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖျက်ဆီးခဲ့တဲ့ အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုတွေ တိုးလာနေပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို မူးယစ်ဆေးဝါး တင်သွင်းမှုတွေ တိုးလာနေတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက သတိပေး ပြောဆိုနေချိန်မှာပဲ မြန်မာ စစ်ကောင်စီက ခုလို သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ မီးရှို့ ဖျက်ဆီး ပြလိုက်တာပါ။

ရန်ကုန်မြို့ လှိုင်သာယာ ကုန်တင်ကား၀န်းအတွင်း ဒီကနေ့ ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေ ထဲမှာ ဘိန်း၊ ဘိန်းဖြူ၊ မက်သာဖက်တမင်း၊ ဆေးခြောက်၊ ကက်တမင်းနဲ့ ice လို့ လူသိများတဲ့ မူးယစ်ဆေးပြားတွေ ပါ ပါတယ်လို့ ပြောပါတယ်။ ဒီနေ့ တရက်တည်းမှာပဲ မန္တလေးနဲ့ တောင်ကြီး မြို့တွေမှာလည်း သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိမူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးအခမ်းအနား (တောင်ကြီး) (ဇွန် ၂၆၊ ၂၀၂၃)
ဖမ်းဆီးရမိမူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးအခမ်းအနား (တောင်ကြီး) (ဇွန် ၂၆၊ ၂၀၂၃)

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန် နိုင်ငံပြီးရင် ကမ္ဘာမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေ အဓိက ထုတ်လုပ် တင်ပို့နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ပိုများလာတာဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ လေ့လာသုံးသပ်သူတွေက သတိပေး ပြောဆိုနေကြပါတယ်။

XS
SM
MD
LG