သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်လူငယ်တွေအကြား မူးယစ်ဆေးသုံးစွဲမှု ပိုများလာနေ


ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ထဲမှာ စိတ်ကြွမူးယစ်ဆေး သုံးစွဲသူတွေကို နေရာတိုင်းလိုလိုမှာ တော်တော်လေး ပိုတေ့ွလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူးယစ်ဆေးအလွယ်တကူဝယ်နိုင်တာ၊ မူးယစ်ဆေးတင်သွင်းသူတွေကို အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် အရေးမယူတာနဲ့ တရားဥပဒေစိုးမိုးရေးပျက်ပြားနေတာတွေကြောင့် မူးယစ်ဆေးသုံးစွဲမှုတွေ ပိုများလာတာ ဖြစ်တယ်လို့လည်း ဒေသခံတွေ ကပြောကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတို့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို အပြိုင်အဆိုင် လုပ်ဆောင်နေကြတဲ့ ရခိုင်ပြည်နယ်မှာ လူငယ်တွေကြား စိတ်ကြွမူးယစ်ဆေး သုံးစွဲတာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်ဖက်မှာ ဆိုရင်လည်း လူ ၁၀၀ မှာ ၇၀ေ လာက်က မူးယစ်ဆေး သုံးစွဲနေကြပြီး အများအားဖြင့်တော့ WY လို့ခေါ်တဲ့ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို သုံးနေကြတာဖြစ်တယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတဦးက ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတယ်၊ မူးယစ်ဆေးဝါးသုံးတာက။ တိုင်းရေးပြည်ရေး မငြိမ်သက်တာက တကြောင်း၊ နောက်ပြီးတော့ မူးယစ်ဆေးဝါးလုပ်တဲ့ ဂိုဏ်းတွေက ပိုပြီးတော့ ပေါလာတာနဲ့ ဒီဖက်မှာပိုပြီးတော့ ပေါလာတယ်။ ဈေးတွေက တအားတန်လာတယ်။ လူငယ် တွေလည်း တအားပျက်စီးဖို့ လွယ်လာတယ်။ ဒီဖက်မှာ တော်တော်များများ သုံးကြတာကတော့ WY များတယ်။ လူ ၁၀၀ မှာ ၇၀ လောက်တော့ မူးယစ်ဆေး သုံးကြတယ်။”

အဲဒီ WY လို့ခေါ်တဲ့ ပန်းရောင် စိတ်ကြွရူးသွပ်ဆေး တပြားကို အရင်က ကျပ် ၃၀၀၀ လောက်ပေး ဝယ်ရပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ပျမ်းမျှအားဖြင့် ဆယ်ဆ တဆလောက် ဈေးသက်သာသွားပြီး ဆေးတပြားကို ကျပ် ၃၀၀ ဝန်းကျင်လောက်သာ ပေးရတော့တယ်လို့ ရခိုင်ဒေသတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် မူးယစ်ဆေးတွေကို ဘယ်သူမဆို အလွယ်တကူ နေရာတိုင်းမှာ ဝယ်ယူလို့ရနေတာကြောင့် လူငယ်တွေကြားထဲ ဆေးသုံးစွဲမှု ပိုများလာတာဖြစ်တယ်လို့လည်း ရခိုင်လူငယ်တဦးက ပြောပါတယ်။
“လွယ်တာပေါ့ ဒီဖက်မှာက ဆေးက ပေါတာမှ ပျင်းရင်တောင်မှာ ဒီနေ့မပျော်ဘူး စိတ်က ပျင်းနေတယ်လို့ စိတ်ကူးပေါက်ရင် သွားဝယ်လို့ရတယ်။ အလကားရတဲ့နေရာတွေ တောင်ရှိတယ်။ အခြေအနေဆိုးတာက ဒီဖက်မှာ တချို့ကလေးတွေဆိုရင် ၁၄နှစ်၊ ၁၅နှစ်နဲ့ မူးယစ်ဆေးဝါး တအား အလွန်အကျွန်သုံးပြီးတော့ ဆေးရုံတွေဘာတွေ ရောက်တယ်၊ အဲအခြေအတွေ ဖြစ်နေတယ်။”

ရခိုင်ပြည်နယ်ထဲမှာ မူးယစ်ဆေး ဖြန့်ဖြူးရောင်းချပြီး ချမ်းသာနေကြသူတွေရှိပေမဲ့ ထိထိရောက်ရောက် ဖမ်းဆီး အရေးယူမှုလုပ်တာမရှိတဲ့အပြင် အာဏာပိုင်တွေကိုယ်တိုင် အကျိုးတူ ပူးပေါင်း လုပ်ဆောင်နေတာတွေ ရှိတယ်လို့လည်း လွတ်တော်ကိုယ်စားလှယ် ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်းက ဆိုပါတယ်။

“အာဏာပိုင်တွေနဲ့တော်တော့ကို ထဲထဲဝင်ဝင်ပတ်သတ်တဲ့ ခရိုနီတွေပေါ့၊ အာဏာပိုင်တွေနဲ့ ပေါင်းပြီး အကျိုးအမြတ်ကို ဝေစုခွဲပြီးတော့ လုပ်စားနေတဲ့ ကိစ္စတွေပေါ့နော်၊ ရှမ်းပြည်ကနေ ရခိုင်ပြည်နယ် အနောက်စွန်ဖျား ဘူးသီးတောင်၊ မောင်တော အထိ၊ အဲလိုလမ်းကြောင်း တခုကတော့ ရှိနေတာကြာပြီ။ မူယစ်ဆေးဝါးနဲ့ ချမ်းသာတဲ့သူကလည်း တော်တော့ကို ချမ်းသာ သွားကြပြီ။ ဒါတွေကို သက်ဆိုင်ရာ အစိုးရအနေနဲ့ မသိတာမဟုတ်ဘူး သိတယ်။ သိပေမယ့် သူတို့လည်း အဲဒီအပေါ်မှာ အကျိုးခံစားခွင့် ရနေတဲ့အတွက်နဲ့ လွတ်ပေးထားတာ။ သူတို့အတွက်လည်း အကျိုးအမြတ်ရတာပေါ့။ ဒါကတော့ လက်ရှိအစိုးရအနေနဲ့ တာဝန်ပျက်ကွက်တဲ့အပြင် သူတို့စားပေါက်ရအောင် ဖန်တီးထားတကြောင့် လာဒ်ပေး လာဒ်ယူတွေကို မူးယစ်ဆေးဝါးနဲ့ ပတ်သတ်လို့ သယ်ဆောင်တာတွေ၊ ရောင်းစားတာတွေကို ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဖြန့်ဖြူးတဲ့သူအများစုဟာ အဲလို ပြင်းပြင်းထန် ထန်လုပ်လို့ရှိရင်တော့ ဒီကိစ္စလျော့နည်းသွားမယ်လို့ ကျနော်မြင်တယ်။”

ရခိုင်ပြည်နယ်ဟာ မူးယစ်ဆေးစိုက်ပျိုး ထုတ်လုပ်တဲ့ ပြည်နယ်တခုမဟုတ်ပေမယ့် မြန်မာနိုင်ငံအတွင်းက မူးယစ်ဆေးတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပို့ဖို့အတွက် အဓိကကျတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်နယ်က မောင်တော၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိတာတွေရှိပေမယ့် ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ ဖျက်စီးတာမျိုးတွေလည်း မတွေ့ရပါဘူး။ ဒါ့အပြင် မူးဆေးယစ်တွေ ဖမ်းမိတဲ့ အခါတိုင်းမှာလည်း အများစုက ပိုင်ရှင်မဲ့တွေ ဖြစ်နေတတ်တာပါ။

ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး သယ်ယူဖြန့်ဖြူးတဲ့ သူတွေဟာ အာဏာပိုင်တွေနဲ့ အကျိုးတူပေါင်းပြီး လုပ်ကိုင်နေသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့အနေနဲ့လည်း မူးယစ်ဆေး ကုန်သည်တွေကို ဖမ်းဆီးအရေးယူတာတွေ မတွေ့ရတာကြောင့် ခုလောက် မူးယစ်ဆေးသုံးစွဲသူ များလာတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက မြင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}












XS
SM
MD
LG