သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် ချေးငွေကိစ္စ ဗဟိုဘဏ် ဘယ်လိုဖြေရှင်းသင့်လဲ


မြန်မာနိုင်ငံက လုပ်ငန်းရှင်တချို့နဲ့ ပုဂ္ဂလိကဘဏ်တွေကြား ချေးငွေပြန်မဆပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းစီးပွားရေးလောကမှာ ဝေဖန်မှုတွေ ရှိနေတာကြောင့် ဒါကို ဗဟိုဘဏ်အနေနဲ့ ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးမလဲဆိုတာကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စီးပွားရေးပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေရဲ့အမြင်တွေကလည်း အမျိုးမျိုး ရှိနေတာပါ။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် မစုစုက ရန်ကုန်မြို့ကနေပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လုပ်ငန်းရှင်တချို့က ပုဂ္ဂလိကဘဏ်တွေမှာချေးယူထားတဲ့ ချေးငွေတွေကို ပြန်မဆပ်နိုင်ဘူးလို့ သတင်းတွေထွက်လာပြီး၊ အဲဒီနောက်မှာပဲ သြဂုတ်လ ၂၇ ရက်နေ့က ဗဟိုဘဏ်ဒု တိယဥက္ကဌရဲ့ လွှတ်တော်အတွင်းဖြေကြားမှုအပေါ် ဗဟိုဘဏ်က သူုတို့ရဲ့ သဘောထားတွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ စိုးရိမ်မှုတွေ ပိုကြီးထွားလာခဲ့တာပါ။

လုပ်ငန်းရှင်တွေချေးယူထားတဲ့ချေးငွေတွေကို အခုနှစ် စက်တင်ဘာလကုန်မှာ ပြန်ဆပ်ဖို့အတွက် ပုဂ္ဂိလဘဏ်တွေက လုပ်ငန်းရှင်တွေကို အကြောင်းကြားထားပေမယ့် အဲဒီအပေါ်ကို လုပ်ငန်းရှင်တချို့က အရင်းရောအတိုးပါ ပြန်မဆပ်နိုင်တာကြောင့် အပေါင်ပစ္စည်းတွေကိုသာ အဆုံးခံတော့မယ့်အခြေအနေ ရှိနေတယ်လို့ စီးပွားရေးအသိုင်းအဝန်းကြားမှာ ထွက်ပေါ်လာပါတယ်။ ဒီအပေါ်ကို ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ ဘဏ်တွေရဲ့လိုအပ်ချက်တွေကို ဗဟိုဘဏ်က အပြည့်အဝ ကူညီထောက်ပံ့ပေးသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ စိတ်ပူနေကြတဲ့ ပုဂ္ဂလိကဘဏ်နဲ့ လုပ်ငန်းရှင်တွေကြားက ချေးငွေဂယက်ကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက စိတ်ပူရမှာဖြစ်ပြီး ၂၀၀၃ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ ဘဏ်ပြဿနာတွေကို သင်ခန်းစာ မယူကြလို့ အခုလိုအခြေအနေကို ရောက်လာတာလို့ စီးပွားရေးပညာရှင် ဦးမင်းခင်က ပြောပါတယ်။

"ဗဟိုဘဏ်အနေနဲ့က ဘဏ်တွေကိုထိန်းကျောင်းရမယ့်တာဝန်ရှိတယ်။ အဲဒီတာဝန်ကို ဗဟိုဘဏ်ကတောက်လျှောက် မဝတခေတ်၊ နအဖခေတ်ထိမကျေပွန်ခဲ့ဘူး။ သို့သော် ပိုက်ဆံယူထားတဲ့ ချေးထားတဲ့ လုပ်ငန်းရှင်ကြီးတွေကလည်း သူတို့လုပ်ရမှာတွေ သူတို့သိပါတယ်။ ဗဟိုဘဏ်ကလည်း သူလုပ်ရမယ့်အလုပ်ကိုသူလုပ်တဲ့အခါမှာ ထိပ်တိုက်တွေ့တာပဲ။ ကျတော်တို့ဆီမှာတော့ ဂဃနဏမသိဘဲ စိတ်ပူတာတွေ များနေတယ်လေ အဲဒီဂယက်ဟာလည်း အထိုက်အလျောက်တော့ရှိနေမယ်။ သို့သော်ဘဏ်တွေ ထိခိုက်နိုင်မယ့် အန္တရာယ်လည်း အတိုင်းအတာ တစ်ခုထိတော့ ရှိနေမယ်။ကျတော့်အမြင်ကလည်း ဒါဟာရှင်းလို့ရမယ်လို့ယူဆတယ်။ သို့သော် ကိုယ့်နေရာကိုယ် အမှန်ရပ်ပြီး ရှင်းကြရမယ်။"

ဘဏ်နဲ့ငွေကြေးကဏ္ဍက တိုင်းပြည်အတွက် အရေးကြီးပြီး အဲဒီအပေါ်ကို ပြည်သူတွေရဲ့ ယုံကြည်မှုကလည်း အဓိကလိုနေပြီး အခုလိုထွက်ပေါ်နေတဲ့ သတင်းတွေ အပေါ် တာဝန်ရှိသူတွေအနေနဲ့ ဝိုင်းဝန်း ထိန်းကျောင်းပေးဖို့ လိုလာပြီလို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

"ကောလဟာလလို့တော့ မမြင်ဘူးလေ။ ကျနော်တို့လည်း ဒါဗဟိုဘဏ်မှာတောင်မှ ပထမ ဒီလွှတ်တော်မှာဖြေတဲ့ဟာနဲ့ ဒုတိယကြေညာချက်နဲ့ကြားမှာ ကွာဟချက်တွေ ရှိနေတော့ ကျနော်တို့လည်း ဘာပဲပြောပြော သတိထားရမယ့် အနေအထား လို့တော့မြင်ပါတယ်။ ချေးငွေမဆပ်နိုင်တဲ့လူတွေ ပမာဏ ကပေါ့နော် ဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့လည်း မသိဘူးပေါ့နော်။ အဲ့တော့ ကျနော်တို့ကတော့ ဒါ ဗဟိုဘဏ်ရော အစိုးရရော ဒီသက်ဆိုင်ရာ ပုဂ္ဂလိကဘဏ်တွေရော နောက် ငွေချေးတဲ့ သူတွေတွေ့ဆုံပြီးတော့ ပြဿနာရဲ့အရင်းအမြစ်ကို ရှာဖွေပြီးတော့ စဉ်းစားရင်တော့ ပိုပြီးကောင်းမယ်လို့မြင်ပါတယ်။ ဒါမှလည်း ပြဿနာ အသေးလား အကြီးလား သိမှာပေါ့နော်။ ငွေချေးထားတဲ့ သူအားလုံးကတော့လည်း ကြွေးမဆပ်နိုင်တဲ့သူ မဟုတ်ဘူးလို့ ကျနော်သိပါတယ်။"

ဒီလိုဖြစ်ပေါ်နေတဲ့အပေါ်မှာ ပြည်သူတချို့က စိုးရိမ်နေကြပြီး ဘဏ်တွေကနေ ငွေပြန်ထုတ်ယူတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်က ထိန်းချုပ်ပေးပြီး သူ့စည်းမျဉ်းစည်းကမ်းနဲ့ သွားနေတဲ့အတွက် ငွေကြေးရှုပ်ထွေးတဲ့ပြဿနာ တက်မလာနိုင်ဘူးလို့ ကုန်သည်တစ်ဦးဖြစ်သူ ဦးမျိုးသန့်က ပြောပါတယ်။

"ကျနော်တို့ကတော့ ဘာမှ သိပ်စိုးရိမ်စိတ် မရှိပါဘူးဗျ။ ကုန်သည်တစ်ယောက်အနေနဲ့ပေါ့လေ။ သူ့ဟာသူ ပုံမှန်ဝယ်ကြမယ်၊ ရောင်းကြမယ်၊ ပေးရန်၊ ရရန် ဒီလိုပဲလှည့်ပတ်ပြီးဒီလိုပဲအလုပ်လုပ်သွားကြမယ်လို့ ထင်ပါတယ်။ ဒီလောလောဆယ်ဖြစ်ထားတဲ့ ပြဿနာတွေကတော့ စီးပွားရေး လုပ်ငန်းရှင်ကြီးတချို့တွေရဲ့ ဘယ်လိုခေါ်မလဲ စကားတချို့တွေ လွဲတာတို့၊ ဖြေတာတို့၊ အဲလိုကြောင့် ဟိုနည်းနည်းရှုပ်သွားတယ်လို့ ထင်ပါတယ်။"

ဗဟိုဘဏ်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေလည်ပတ်ရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့အမြင်နဲ့မဟုတ်ဘဲ ဘဏ်တွေကို ထိန်းကျောင်းဖို့လိုအပ်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၇ရက်နေ့က လွှတ်တော်တွင်းမှာ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးစိုးသိန်းက ဘဏ်တွေက ထုတ်ချေးထားတဲ့ပိုက်ဆံတွေဟာ ပြည်သူ့အပ်ငွေတွေဖြစ်ပြီး၊ ဗဟိုဘဏ်အနေနဲ့ အဲဒီငွေတွေကို စံနစ်တကျ စီမံခန့်ခွဲ ရှိမရှိ ကြီးကြပ်ကွပ်ကဲရမယ့် တာဝန်ဖြစ်ကြောင်း၊ ဗဟိုဘဏ်ဘက်က လုပ်ငန်းရှင်တွေရဲ့ ပြဿနာကို တတ်နိုင်သလောက် အချိန်ပေး စောင့်ခဲ့ပြီးဖြစ်တဲ့အတွက် နောက်ထပ် အလျော့ပေး ဆောင်ရွက်မယ့် အနေအထားမျိုး မရှိတော့ကြောင်း ပြောဆိုခဲ့အပြီးမှာ အခုလို စိုးရိမ်မှုတွေ ထွက်ပေါ်လာတာပါ။

ဗဟိုဘဏ်ဒုဥက္ကဌရဲ့ လွှတ်တော်အတွင်း ထွက်ဆိုမှုကို ကန့်ကွက်ထားတဲ့ ဗဟိုဘဏ်ရဲ့ ကြေညာချက် ထွက်လာပြီးတဲ့နောက် ဒီရက်ပိုင်းအတွင်းမှာဘဲ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်တဲ့နေရာမှာ မြန်မာကျပ်ငွေတန်ဖိုးအနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG