သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု မြန်မာလူထု တိုင်ကြားနိုင်မယ့် စနစ်သစ် ရှေ့လထဲစမည်


 အဂတိလိုက်စားမှုကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် VOA တွေ့ဆုံမေးမြန်း
အဂတိလိုက်စားမှုကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် VOA တွေ့ဆုံမေးမြန်း

မြန်မာနိုင်ငံတဝန်းက အများပြည်သူနဲ့ ဆက်ဆံနေရတဲ့ ဝန်ကြီးဌာန ၁၈ ခုမှာ CPU လို့ခေါ်တဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ၃၂ ဖွဲ့ ဖွဲ့စည်းထားရှိပြီး၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအထိ လက်လှမ်းမှီမယ့်၊ ထိရောက်တဲ့ စံနစ်တခုကို ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ မကြာမီ အကောင်အထည်ဖေါ်ဖို့ ရှိတယ်လို့ အဂတိလိုက်စားမှုကော်မရှင်က ပြောဆိုလိုက်ပါတယ်။ ပြည်သူတွေအနေနဲ့ တယ်လီဖုန်း SMS Message နဲ့ CPU အဖွဲ့တွေဆီကို စက်တင်ဘာလကုန်မှာ တိုက်ရိုက် အကြောင်းကြားနိုင်တော့မှာ ဖြစ်တယ်လို့လည်း အဂတိလိုက်စားမှုကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဗွီအိုအေကို ပြောပါတယ်။ အစောဆုံး ရှေ့လထဲမှာ စတင်ဖို့ရှိတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က နေပြည်တော်မှာ ဦးအောင်ကြည်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အခုလို စရှင်းပြပါတယ်။

ဦးအောင်ကြည်။ ။ CPU အနေနဲ့ ကျနော်တို့ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ကမ္ဘာ့ဘဏ်အကူအညီနဲ့ပေါ့နော်။ CPU က အောက်မှာ ရှိနေတဲ့ မြို့နယ်အဆင့် ရပ်ကျေးအဆင့် ရုံးခွဲတွေကို လက်လှမ်းမမှီတာရှိနေတယ်။ များသောအားဖြင့် ဝန်ကြီးဌာနတွေအနေနဲ့က သူတို့ ဘာတွေဖြစ်နေသလဲ၊ ဘယ်လိုအဂတိ လိုက်စားနေကြသလဲ ဆိုတာကို အပေါ်ကနေပြီးတော့ မထိန်းချုပ်နိုင်ဘူးဆိုတဲ့အနေအထားလေးတွေ ကျနော်တို့ တွေ့ရပါတယ်။ ဒီအပေါ်မှာ ကမ္ဘာ့ဘဏ်က ကျနော်တို့ကို application လေးတခု အကူအညီပေးတာ ရှိပါတယ်။ အဲဒီတော့ ဒီ Application ကို CPU tool kit လို့ခေါ်ထားပါတယ်။ အဲဒါကိုလည်း ကျနော်တို့ ဝန်ကြီးဌာန တခုချင်းရဲ့ လုပ်ငန်းသဘာဝပေါ် မူတည်ပြီးတော့ ဒီဇိုင်းတွေ ဆွဲနေပါပြီ။ ဒါကိုလည်း ကျနော်တို့ လေ့ကျင့်ထားပြီးသားရှိပါတယ်။ အဲဒါ ဘယ်လိုလုပ်သလဲဆိုတော့ တယ်လီဖုန်းက တဆင့်ပါပဲ။ အခုခေတ်မှာ တယ်လီဖုန်းက လူတိုင်းမှာ ရှိနေကြတဲ့အခါကျတော့ တယ်လီဖုန်းက SMS ပို့တဲ့စနစ်တွေပါမယ်။ အဲဒီတော့ အောက်ခြေမှာဖြစ်နေတဲ့ ကိစ္စမှာ ဥပမာ- ဘယ်ဌာနမှာ ဘယ်ခွင့်ပြုချက်ကို တောင်းတယ်ဆိုရင် အဲဒီတောင်းတဲ့လူရဲ့ ဖုန်းနံပတ်ကို အောက်ခြေရုံးဌာနကတဆင့် CPU က ပို့ပေးရမယ်။ အဲဒီတော့ CPU ကနေပြီးမှ အဲဒီတောင်းတဲ့လူကို သဘောထားမေးရမှာပေါ့နော်။ အဲဒီတော့ အဲဒီအခါမှာ ကျနော်တို့ ခုနကပြောတဲ့အတိုင်း အက်စ်အိုပီထဲမှာ ပြဌာန်းထားရမယ်လေ။ အက်စ်အိုပီထဲမှာ အောက်ခြေက ရုံးတွေက သူတို့နဲ့ ဆက်သွယ်တဲ့ လူတွေဆီကနေပြီးတော့ ဖုန်းနံပတ် ရယူရမယ် ပြီးရင် CPU ကိုပို့ပေးရမယ်ဆိုတဲ့ အချက်မျိုးလေး ထည့်ထားမယ်ဆိုရင် CPU က တန်းပြီးတော့မှ ပြည်သူကို မေးတော့မယ် ။ ဒီကိစ္စ အဆင်ပြေရဲ့လား ၊ ဘယ်လောက်ပေးခဲ့ရသလဲ၊ ဘယ်သူ့ကို ပေးခဲ့ရတာ ရှိသေးသလဲ ။ ကျေနပ်တယ် အဆင်ပြေတယ်ဆိုရင်တော့ အိုကေပေါ့ ၊ ဒီဌာနလည်း ကောင်းတယ် ရုံးလေးကလည်း မဆိုးဘူးပေါ့။ ဒီမှာ ပြဿနာလေးတွေရှိတယ်ဆိုရင် ဒါက သတိပေး လို့ရသွားပြီ။

ဒေါ်ခင်စိုးဝင်း။ ။ အဲဒါက Application လား တယ်လီဖုန်းထဲမှာ ထည့်လို့ရတဲ့ Application လား World Bank ကလုပ်ပေးတဲ့ဟာ၊ ဒါမှမဟုတ် SMS နဲ့ပို့ရတာလား။

ဦးအောင်ကြည်။ ။ အမှန်ကတော့ SMS ပဲ ဒါပေမယ့် ဒါတွေအကုန်လုံးကို SMS အသုံးပြုထားတဲ့ Application ပေါ့နော် ဒါတွေအကုန်လုံးကို ကျနော်တို့ Data procession လုပ်ထားတာပေါ့။ သက်ဆိုင်တဲ့ ဌာနတွေလုပ်သမျှအားလုံးကို CPU က သိနေအောင်ပေါ့နော်။ အလားတူပဲ CPU လုပ်သမျှလည်း ကျနော်တို့ ကော်မရှင်အနေနဲ့ သိနေရမယ်။ ကျနော်တို့က သိရုံပဲသိမှာပါ ကျန်တဲ့အပိုင်းက ဘာမှ မရှိဘူး။ သို့သော်လည်း ဘယ်သူတို့ ဘယ်လို ဆက်သွယ်ကြသလဲဟိုက သဘောထားက ဘယ်လိုပြန်ကြားသလဲ ဘာညာပေါ့နော် ဒါလေးတွေကို World bank က ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ ဒါက သူ့ဌာနနဲ့သူ ဒီဇိုင်း ဆွဲထားကြတယ်။ လုပ်ငန်းသဘာဝချင်းမတူဘူးပေါ့ အဲဒီတော့ အဲဒီဒီဇိုင်းက စက်တင်ဘာလောက်ဆိုရင် အများပြည်သူကို မိတ်ဆက်ပေးလို့ ရတယ်။ အများပြည်သူကလည်း CPU ကို တန်းပြီးတော့ ပြောလို့ရတယ်။ ဒီဌာနကတော့ ကျမတို့ကို ဒီလို ပိုက်ဆံတောင်းနေတယ်ဆိုတာကို ချက်ချင်းပြောလို့ရတယ်။ အဲလိုဆိုရင် CPU ကလည်း လှမ်းမေးလို့ရတာပေါ့ ။ ဒါက ကျနော်တို့ဆီ ရောက်စရာမလိုဘူး အရေးယူစရာမလိုဘူး ချက်ချင်းကို အဲဒီမှာတင် တားဆီးလို့ရနေပါပြီ။ အဲဒီသဘောမျိုး လွယ်လွယ်ကူကူလေးနဲ့ ကျနော်တို့က ချိတ်ဆက်လို့ရတယ် အဲဒါလေးလည်း CPU က လုပ်မှာဆိုတော့ ခုနက မေးခွန်းလိုပေါ့ တတိယ အဖွဲ့အစည်း မပါပဲနဲ့ အလုပ်ဖြစ်ပါ့မလား ဆိုတဲ့ သံသယတွေလည်း ပြောက်သွားမှာပေါ့။ ဒီလုပ်ငန်း စဉ်ဟာ ကျနော့်အမြင်အရတော့ စက်တင်ဘာလကုန် လောက်ကစပြီးတော့ အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ ဒါတွေလုပ်လာပြီ ဆိုရင် CPU လည်း မအားမလပ်ဖြစ်နေမှာပဲ။ အလုပ်တွေ အများကြီးပဲလေ။ အဲဒီတော့ ပြည်သူကလည်း CPU ကို တိုက်ရိုက်ပိုပြီးတော့ အားကိုးလာမယ် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို အားကိုးလာမယ် ။ ယုံကြည်လာမှာပေါ့နော် အုပ်ချုပ်ရေးပိုင်းမှာလည်း ယုံကြည်မှုတွေ အများကြီးတိုးပြီးရလာမယ်လို့ ယုံကြည်ပါတယ်။”

တွင်းထွက်သယံဇာတ လုပ်ငန်း အပါအဝင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ မေးမြန်းခန်း အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ နေ့စဉ်ရုပ်မြင်သံကြား အစီအစဉ်မှာ ထုတ်လွှင့်မှာ ဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG