သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်း ဥပဒေချုပ်နဲ့ ဥပဒေအရာရှိတချို့ အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ခံရ


ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး လာဘ်ငွေ ရယူခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက် ခဲ့လို့ အရေးယူခံထားရတဲ့ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် အဆင့်မြင့်ဥပဒေ အရာထမ်း တချို့ကို ဒီကနေ့မှာ နှစ်ရှည်ထောင်ချနိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနိုင်ဖို့ တိုင်းတရားရုံးမှာ ဆွဲ ချက်တင်လိုက်ပါတယ်။ ဒီအရေးယူလိုက်တာကြောင့် တရားစီရင်ရေး အပေါ် လူထုရဲ့ ယုံကြည်မှု ပြန်ရလာနိုင်စေတဲ့ အစပျိုးလုပ်ဆောင်မှု တခုအဖြစ် ဥပဒေပညာရှင်တွေက ကြိုဆိုကြပါတယ်။ ဒါပေမဲ့လည်း တရားစီရင်ရေးကို မထီမဲ့မြင် လုပ်နေတဲ့ လုပ်ရပ်တွေကို ဒီထက်ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်နေသေးတယ်လို့ အကြံပြုပြောဆိုနေ တာလည်းရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး လာဘ်ငွေရယူခဲ့တယ်ဆိုတာ စစ်ဆေးပေါ်ပေါက် ခဲ့လို ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးနဲ့အတူ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိတွေအပါအဝင် စုစုပေါင်း ခြောက်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေ ဖြစ်တဲ့ ပုဒ်မ ၅၅၊ ပုဒ်မ ၅၆ တို့နဲ့ စွဲချက်တင်လိုက် ပါတယ်။

"စွပ်စွဲခံရသူတွေကတော့ ဒေါ်သက်သက်ခင်ရယ်၊ ဦးကိုကိုလေးရယ်၊ ဦးသိန်းဇော်ရယ်၊ ဦးအောင်ကြည်ရယ်ဒါကို တော့ ၂၀၁၃ခုနှစ် အဂတိလိုက်စာမှုဥပဒေ ပုဒ်မ ၅၆နဲ့ ဦးဟန်ထူးကိုကျတော့ ၂၀၁၃ခုနှစ် အဂတိလိုက်စာမှုဥပဒေ ပုဒ်မ ၅၅တို့နဲ့ တရားစွဲတယ်။ စခန်းမှုးရဲအုပ်ချစ်ကိုကိုကျတော့ ၂၀၁၃ခုနှစ် အဂတိလိုက်စာမှုဥပဒေ ပုဒ်မ ၅၆နဲ့ ရန်ကုန်တိုင်း တရားလွှတ်တော်က ဒီကနေ့ဘဲတရားစွဲဆိုလိုက်ပါတယ်"

ရန်ကုန်တိုင်းတရားရုံး ပြန်ကြားရေးတာဝန်ခံ ဒေါ်နွဲ့နွဲ့ဦးက အခုလိုသတင်းထောက်တွေကိုပြောပြတာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားသူတွေထဲမှာ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး လည်းပါဝင်တဲ့အတွက် NLD အစိုးရလက်ထက်မှာ တရားရေးမဏ္ဍိုင်က ရာထူးအမြင့်ဆုံး ဥပဒေအရာရှိ တစ်ဦးကို အရေးယူလိုက်တာ ဖြစ်ပါတယ်။

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့အမှု၊ အမှုရုပ်သိမ်းခွင့်ပြုတဲ့ကိစ္စမှာ လာဘ်ငွေနဲ့ တံစိုးလက်ဆောင် တွေရ ယူပြီး တရားလိုပြသက်သေတွေကို တမင်ပေါ့လျော့လျော့ပေါ့ပေါက၊ စစ်ဆေး တယ်၊ တရားခံတွေ ပြစ်မှုကျူးလွန် ကြောင်း တရားလိုပြသက်သေတွေက ထွက်ဆိုနိုင်ခြင်းမရှိတဲ့ အခြေအနေဖြစ်အောင် ဖန်တီးခဲ့တယ်၊ ဒါကြောင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားပြီး ဒီလူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီလို အရေးယူဆောင်ရွက်တာနဲ့ပတ်သတ်လို့ ဒီအမှုကို အနီးကပ်လေ့လာစောင့်ကြည့်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က

“ဒါကောင်းတဲ့ လက္ခဏာလေ။ အောက်ခြေက လူလာဘ်စားတာ ကြားကောင်းသေးတယ်။ နိုင်ငံတော်အစိုးရက ယုံ ကြည်လို့ တိုင်းဥပဒေချုပ်က ခေါင်ကနေ စမိုးမလုံတော့ အောက်ခြေဝန်ထမ်းငယ်တွေပါပါကုန်တာ။ သူ့ကြောင့်ဘဲ။ သူ့အပေါ်မှာတော့ တရားမ ျှတစွာ ပြည်သူလူထု တောင့်တနေတဲ့ ပြစ်ဒဏ်မျိုးချပေးစေချင်ပါတယ်လို့ပြောချင်တယ်။”

အောင်ရဲထွေး အမှုကို ရုပ်သိမ်းခွင့်ပြုလိုက်တဲ့ တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် အများပြည်သူကြားမှာ အပြင်းအထန် ဝေဖန် ပြောဆိုတာတွေ ထွက်ပေါ်ခဲ့ပါတယ်။ သမ္မတဦးဝင်းမြင့် ကိုယ်တိုင်က အမှုကို နာမည်နဲ့တကွ အတိအကျ ဖော်ပြပြောဆိုတာမဟုတ်ပေမဲ့လည်း “မြန်မာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ တိမ်းစောင်းပြိုလဲနေတဲ့ အခြေနေ ကိုရောက်နေပြီး တသက်လုံးမှာ မကြားဖူးခဲ့တဲ့ တရားရုံး ဆုံးဖြတ်ချက်တွေကို ကြားနေရတာကြောင့် ဒါတွေကို ပြန်လည် တည့်မတ်ဖို့အတွက် အဆင့်ဆင့် တာဝန်ယူမှု တာဝန်ခံမှုနဲ့ လုပ်ဆောင်သွားကြ” ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက တိုက်တွန်းခဲ့ပါတယ်။ဒီလို တိုက်တွန်းအပြီး ဒီအမှုကိုပြန်စစ်ဖို့ဖြစ်လာသလို အခုလို ဥပဒေဝန်ထမ်းတွေ လာဘ်ယူခဲ့တာပါပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ဥပဒေအရာထမ်းတချိုကို အရေးယူလိုက်ပေမဲ့ အရေးယူထားတာမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတာ ကြောင့် မေးခွန်းထုတ်စရာအချို့ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ထူးခြားတာက သူတို့ကိုခေါ်လာတာမှာ လက်ထိပ်ခတ်မလာလို့ ဝိုင်းအုံစောင့်နေသူတွေကြားပြောမှ အပြန်ကျမှလက် ထိပ်ခတ်တယ်။ အပြန်ကျတော့လည်း ထီးနဲ့ကာတဲ့သူကကာနဲ့။ အဲဒါကို ရဲကဘာလို့ခွင့်ပြုလဲမသိဘူး။ အဲတော့ တခြားတရားခံတွေကော အဲလိုလုပ်မှာလား။ ဥပဒေကမရှိဘူး။ ခွင့်မပြုထားဘူး။”

လက်ရှိ ဒီကနေ့ စွဲချက်တင်လိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေ ဖြစ်တဲ့ ပုဒ်မ ၅၅အရ ပြစ်မှု ထင်ရှား ရင် အမြင့်ဆုံးပြစ်ဒဏ် ၁၅နှစ်အထိ ချမှတ်နိုင်ပြီး ပုဒ်မ ၅၆ အရ ပြစ်မှုထင်ရှားရင်ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်နိုင် ပါတယ်။ ဒီအမှုကို ဒီကနေ့စွဲချက်တင်လိုက်တာမို့ လာမယ့် အောက်တိုဘာ ၄ရက်နဲ့ ၅ရက်နေ့မှာ စတင်ကြားနာစစ် ဆေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG