သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ရဲထွေးအမှှုကို ပြန်လည်စစ်ဆေးတော့မည်


ဟာသ သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှု သံသယရှိသူများ (ဓါတ်ပုံ Yangon Police)
ဟာသ သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှု သံသယရှိသူများ (ဓါတ်ပုံ Yangon Police)

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ သံသယရှိသူ သန်းထွဋ်အောင် (ခ) သားကြီး ပါ (၃) ဦးကို မူလ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပြန်လည် စစ်ဆေးဖို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က စက်တင်ဘာ(၂၄) မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။ ဒီအမှုကို ရုပ်သိမ်းခွင့်ပေးခဲ့တဲ့ အဆင့်မြင့်ဥပဒေ အရာထမ်းတချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူပြီး ရက်ပိုင်းအတွင်းမှာပဲ အမှုကို ပြန်လည်စစ်ဆေးဖို့ အမိန့်ချမှတ်လိုက်တာပါ။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရတဲ့ အမှု ရုတ်သိမ်းခွင့်ပြုခဲ့တဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး အမိန့်ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒီကနေ့ ပယ်ချလိုက်တာ ဖြစ်ပါတယ်။ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးမှာပဲ အမှုကို ပြန်လည်စစ်ဆေးမှာဖြစ်ပါတယ်။

ဒီလို အမှုကို ရုတ်သိမ်းခဲ့တဲ့တာဟာ ငြိမ်းဝပ်ပိပြားရေးကို ထိခိုက်သလို၊ အလားတူ အခုလိုအမှုတွေ တိုးလာနိုင်တယ်လို့ သုံးသပ်ပြီး ပြန်လည်စစ်ဆေးဖို့ အမိန့်ချတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး တရားရုံး ပြန်ကြားရေးတာဝန်ခံ ဒေါ်နွဲ့နွဲ့ဦးက ရှင်းပြပါတယ်။

"ရုပ်သိမ်းခွင့်ပြုပြီးတော့ တရားခံတွေကို စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ပယ်ဖျက်လိုက်ပြီးတော့ မူလခရိုင် တရားရုံးက အမှုကိုဥပဒေနဲ့အညီ ဆက်လက်စစ်ဆေး ဆက်လက်စုံစမ်း စစ်ဆေးရန် ညွှန်ကြားတဲ့အမိန့် ချမှတ်တယ်။ အမိန့်ချမှတ်တဲ့အကြောင်းအရင်းကတော့ အမှုအရည်အသွေးနဲ့သက်ဆိုင်လိမ့်မယ်။ အဓိက အချက်က ဒီအမှုက ငြိမ်းဝပ်ပိပြားရေးကို ထိခိုက်စေတဲ့အမှုဖြစ်တယ်။ အလားတူအမှုမျိုး တိုးတက်ဖြစ်ပေါ် လာနိုင်တဲ့ အခြေအနေလို့ သုံးသပ်ပြီးတော့ ခုံရုံးအမိန့်ကို ဖျက်လိုက်တာပေါ့။ သူ့ရဲ့လုပ်ထုံးလုပ်နည်းကတော့ ရောက်ရှိတဲ့အဆင့်ကနေပြီး ဆက်သွားလိမ့်မယ်။"

aung ye htwe အောင်ရဲထွေး
aung ye htwe အောင်ရဲထွေး

သံသယရှိသူ သန်းထွဋ်အောင်(ခ) သားကြီးပါ ၃ ဦးကို ရာဇဝတ်ကြီးပုဒ်မ ၃၀၂ နဲ့ စွဲဆိုထားတာကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဥပဒေပုဒ်မ ၄၉၄(က) အရ ရုပ်သိမ်းခွင့်ပြုပြီး သံသယရှိသူတွေကို ပြန်လွှတ်ဖို့ ဇူလှိုင် ၂၅ ရက်က အမိန့်ချမှတ်ခဲ့ပါတယ်။

အမှုကို အမြန်ဆုံး စွဲချက် ပြန်တင်ဖို့ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက ဆောင်ရွက်နေပြီး တရားလိုပြသက်သေ ၂၂ ဦးထဲက ၁၄ ဦးကို စစ်ဆေးခဲ့ပြီးပြီ ဖြစ်တဲ့အတွက်၊ ကျန်ရှိနေတဲ့ တရားလိုပြ သက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အခုလို တိုင်းဒေသကြီး တရားလွှတ်တော်က ပယ်ဖျက်မိန့် ချမှတ်လိုက်တဲ့အပေါ် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က

"အဲ့ဒီလိုထိန်းသိမ်းပေးရမယ်။ အောက်ရုံးတွေရဲ့အမှားကို အထက်ရုံးတွေက ပြုပြင်ထိန်းသိမ်းပေးရမယ်။ ဒါမှ တရားစီရင်ရေး တည့်မတ် မှန်ကန်လာမှာ။ အောက်ရုံးကနေပြီးတော့ အမှားယွင်းတခု ဖြစ်တဲ့ကိစ္စကို အထက်ရုံးက အကျဉ်းနည်းနဲ့ ပလပ်တယ်ဆိုရင် အမှန်တရားကပျောက်သွားမယ်။ အခုတော့ အထက်ရုံးက အကျဉ်းနည်းနဲ့ ပလပ်တာမျိုးမဟုတ်ဘဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် ၂ ဖက်ကြားနာ အမှန်တရားကိုဆုံးဖြတ်လိုက် တဲ့အခါကျတော့ ပြည်သူလူထုက တရားစီရင်ရေးကို အားကိုးလာမယ်။ အဲ့ဒီလို တရားစီရင်ရေးက တည့်မတ် မှန်ကန်မှသာလျှင် အစိုးရအပေါ်မှာ ကိုးစားအားထားလာကြမှာ ဖြစ်ပါတယ်။ ဒီဥစ္စာဟာ အင်မတန် သင့်မြတ် လျော်ကန်တဲ့အမိန့်လို့ ပြောပြရစေ။"

စွပ်စွဲခံရသူတွေ အမှုကနေ လွတ်မြောက်ဖို့ သိန်းပေါင်း ၇၀၀ ကျော် လာဘ်စားခဲ့တယ်ဆိုပြီး၊ တိုင်းဥပဒေချုပ် ဦးဟန်ထူး ၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော် ၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး ၊ ဒုခရိုင်ဥပဒအေရာရှိ ဒေါ်သစ်သစ်ခင် ၊ တရားသူကြီး ဦးအောင်ကြည် ၊ ရဲအုပ်ချစ်ကိုကို တို့ကို အဂိတလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာ ၁၃ ရက်နေ့က အမှုဖွင့်အရေးယူခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးနဲ့အတူ တိုင်းဒေသကြီး ဥပဒေအရာရှိနဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိတွေ စုစုပေါင်း ၆ ဦးကို ရေးယူခဲ့တာပါ။ NLD အစိုးရလက်ထက်မှာ တရားရေးမဏ္ဍိုင်က ရာထူးအမြင့်ဆုံး ဥပဒေအရာရှိတစ်ဦးနဲ့ တခြားအရာရှိတွေကို အရေးယူလိုက်တာ ဖြစ်တဲ့အကြောင်း ပြည်တွင်း သတင်းတွေမှာ ရေးပါတယ်။ ဒီလို အရေးယူလိုက်တာကြောင့် တရားစီရင်ရေးအပေါ် လူထုရဲ့ယုံကြည်မှု ပြန်ရလာနိုင်စေတဲ့ အစပျိုးလုပ်ဆောင်မှု တခုအဖြစ် ဥပဒေပညာရှင်တွေက ကြိုဆိုကြပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG