သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ ဖွံ့ဖြိုးရေး မြန်မာ၊ အမေရိကန်၊ ဂျပန်ဆွေးနွေး


မြန်မာပြည်တွင်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို တွန်းအားပေးနိုင်ဖို့နဲ့ အနာဂတ်မှာ မြန်မာ၊ ဂျပန်၊ အမေရိကန် ဒီသုံးနိုင်ငံကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလာအလာတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဂျပန်သံအမတ်၊ အမေရိကန် သံအမတ်နဲ့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေ ဒီနေ့ရန်ကုန်မှာတွေ့ဆုံ ဆွေးနွေးကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ့စီးပွားရေးမှာ ဂျပန်နဲ့ အမေရိကန် ပူးပေါင်းပါဝင်ရင် တိုးတက်မှုအလားအလာတွေရှိလာမှာ သူ့အနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ပြည်တွင်းမှာ တာဝန်ယူ၊ တာဝန်ခံပြီး ကျင့်ဝတ်လိုက်နာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ပေးဖို့ မြန်မာ၊ ဂျပန်၊ အမေရိကန် သုံးနိုင်ငံက အစိုးရ ကိုယ်စားလှယ်တွေ၊ စီးပွားရေးအသိုက်အဝန်းကသူတွေ ဒီနေ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဒီနေ့ သြဂုတ်လ ၂၀ရက် နိုဗိုတယ် ဟိုတယ်က သူတို့တွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး သူ့အနေနဲ့ မြန်မာ့ နိုင်ငံရေး စီးပွားရေးကို နားလည်ပေးနိုင်သူတွေနဲ့ အတူပူးပေါင်းဆောင်ရွက်နိုင်ဖို့ ယုံကြည်ကြောင်းသူကအခုလိုပြောသွားတာပါ။

“ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံထားရတဲ့ အရပ်သားအစိုးရအနေနဲ့ တိုင်းပြည်ရဲ့ အခွင့်အလမ်း၊ အလားအလာအပြည့်အဝကို ညတွင်းချင်း တဦးတယောက်တည်း အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘူး။ မြန်မာ့ဒီမိုကရေစီ ဆင့်ကဲပြောင်းလဲမှုမှာရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ စီးပွားရေး အခက်အခဲတွေကို နက်နက်နဲနဲနားလည်သူတွေနဲ့ အတူပူးပေါင်းဆောင်ရွက်ရရင်တိုးတက်မှုအလားအလာတွေရှိလာမှာ ကျမယုံကြည်ပါတယ်။”

လုပ်ငန်းရှင်တွေဘက်ကလည်း မြန်မာ့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဖို့ လက်တလောကြုံရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကဏ္ဍအလိုက် ဆွေးနွေးကြတာပါ။ မြန်မာ၊ ဂျပန်၊ အမေရိကန်သုံးနိုင်ငံကြား စီးပွားရေးပူးပေါင်းဖို့ အလားအလာတွေနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဂျပန်သံအမတ် Ichiro Maruyama ၊ အမေရိကန်သံအမတ် Scot Marciel အပြန်အလှန်ဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန် ကုန်သည်စက်မှု လုပ်ငန်းရှင်များအသင်းနဲ့ လုပ်ငန်းရှင်တွေဆက်ဆွေးနွေးကြတာပါ။

အမေရိကုန်ကုမ္ပဏီတွေက တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုယူလာပြီး အလုပ်အကိုင်တွေ၊ လုပ်ငန်းခွင်သင်တန်းတွေပေးတာ ပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူမှုအသိုက်အဝန်းအတွက် အကျိုးရှိမယ့် စည်းမျဉ်းတွေကိုလည်းလေးစားလိုက်နာတယ်လို့ အမေရိကန်သံအမတ် စကော့မာစီရယ်က ပြောပါတယ်။

မြန်မာ- ဂျပန်- အမေရိကန် ဒီနေ့ပူးတွဲကျင်းပတဲ့ တာဝန်ယူမှု တာဝန်ခံမှု ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်မှာ လုပ်ငန်းရှင်တွေ အလေးပေးပြောကြတဲ့ အဓိကစိန်ခေါ်ချက်ကတော့ အခြေခံအဆောက်အုံတွေ အဆင်ပြေဖို့၊ နိုင်ငံခြားငွေလဲ အလွယ်တကူလဲနိုင်ဖို့ ဒါတွေလည်းပါ ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အစောပိုင်းမှာ ပြည်ပက တိုက်ရိုက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းမှုတွေ အနည်းငယ်တိုးလာကြောင်း ဖော်ပြထားပါတယ်။ မြန်မာအစိုးရရဲ့ ကိန်းဏန်းတွေအရ ဒီနှစ် ၂၀၁၉ ပထမနှစ်ဝက်အတွင်း ပြည်ပက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၂.၃ ဘီလီယံကို အတည်ပြုပေးခဲ့ပြီး၊ ထိပ်ဆုံးမှာ ရှိနေတဲ့ စင်္ကာပူနိုင်ငံက စီမံကိန်းပေါင်း ၁၃ ခုအတွက် ၁.၃ ဘီလီယံ၊ တရုတ်နိုင်ငံကတော့ စီမံကိန်းပေါင်း ၆၀ ကျော်နဲ့ သန်းပေါင်း ၃၃၀ နဲ့ ဒုတိယနေရာတွေမှာ အသီးသီးရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

..............................................

ရန်ကုန်မြို့က ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ နော်ရှိုးအိအိထွန်းကိုလည်း ဆက်သွယ်မေးကြည့်ပါတယ်။ ဒီနေ့ဖိုရမ်မှာ အဓိက ဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်လို့ နန်းလောင်ဝ် မေးကြည့်တဲ့ အခါမှာတော့ သူက အခုလို စရှင်းပြပါတယ်။

နော်ရှိုးအိအိထွန်း။ ။ ဒီနေ့အခမ်းအနားကတော့ မြန်မာ၊ ဂျပန်၊ အမေရိကန်ရယ် ၃ နိုင်ငံကြားမှာ တာဝန်သိတဲ့ ၊ တာဝန်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ တိုးတက်လာအောင် ဘယ်လို လုပ်ဆောင်သင့်သလဲ အဲဒီလိုဆောင်ရွက်နိုင်ဖို့က ဘယ်လိုစိန်ခေါ်မှုတွေရှိသလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာပါ။ ဒီအခမ်းအနားမှာ ပြောသွားတဲ့ သူတွေပေါ့နော် အမေရိကန် သံအမတ်သော်လည်းကောင်း၊ ဂျပန် သံအမတ်သော်လည်းကောင်း Private sector သော်လည်းကောင်း ပြောသွားတဲ့အထဲမှာ ဒီမြန်မာနိုင်ငံမှာတော့ အရင်တုန်းက တခါမှ မတွေ့ခဲ့ဖူးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကတော့ အများကြီးရှိခဲ့တယ် အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာလည်း ပါတယ်။ Project bank က သူတို့ရဲ့ Myanmar Sustainable Development Plan တို့ Investment Promotion Plan တို့ စသဖြင့် စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့်လည်း စိန်ခေါ်ချက်တွေက အများကြီးရှိသေးတာပေါ့နော် အဲဒါတွေက ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့ရယ် ၊ reputational risk ဆိုတာရှိတယ်ပေါ့နော် ဒါက တိုင်းပြည်ပုံရိပ်နဲ့ ပတ်သက်ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေက အလေးထားတဲ့အကြောင်း ပြီးတော့ မြန်မာနိုင်ငံမှာ infrastructure အခြေခံအဆောက်အအုံတွေက လမ်းတွေ၊ တံတားတွေကအစ တော်တော်လေးကို အားနည်းနေသေးတာပေါ့နော်။ မြန်မာနိုင်ငံက ပထဝီအနေအထား အရ အချက်အခြာကျတဲ့ နေရာမှာ ရှိသော်လည်း လမ်းတံတား၊ အဆောက်အအုံ Logistic တွေ တိုးတက်အောင်မလုပ်ဘူးဆိုရင် အခွင့်ကောင်းယူနိုင်မှာ မဟုတ်ဘူးပေါ့နော်။ နောက်ပြီးတော့ အစိုးရပိုင်းဆိုင်ရာ Decision making process အပိုင်းမှာလည်း တခါတလေ ခန့်မှန်းရ အရမ်းခက်တယ်ပေါ့နော်။ predictability မရှိတဲ့အကြောင်း ဒါမျိုးတွေ ပြောဖြစ်ခဲ့တယ်။ နောက်တခုကတော့ manufacturing ပေါ့နော် ကုန်ထုတ်လုပ်တဲ့ကိစ္စမှာလည်း အရေအသေး ကွာလတီ ကောင်းအောင် လုပ်နိုင်ဖို့ ဒါတွေအများကြီးလိုတယ် စသဖြင့် ဆွေးနွေးခဲ့တာ ကြားခဲ့ရပါတယ်။

မေး။ ။ ဟုတ်ကဲ့ ။ ဒီပွဲအပြီးမှာ မနော်ရှိုးက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ပြီး စကားပြောခဲ့ရတယ်လို့ ကြားပါတယ်။ အဲဒီတော့ ဘယ်လိုအကြောင်းအရာတွေ ပြောခဲ့ပါသလဲရှင့်။

နော်ရှိုးအိအိထွန်း။ ။ ပြောခဲ့တယ်ဆိုတာ ကျမကတော့ ပရိတ်သတ်တွေအများကြီးထဲက တယောက်အနေနဲ့ပဲ ခဏလေးပြောခွင့်ရတာပါ ။ သပ်သပ်ရယ်လို့တော့ မဟုတ်ပါဘူး။ ကျမတို့ coffee break လုပ်နေတဲ့ အချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံက ဝင်လာပြီးတော့မှ ပရိတ်သတ်တွေကို တဦးချင်းလိုက်ပြီးတော့ နှုတ်ဆက်တဲ့အခါမှာ ကျမ ရပ်နေတဲ့ဘက်ကိုလည်း လှည့်လာတာမို့ ကျမ အနည်းငယ်ပြောဖြစ်တာပါ။ ကျမကတော့ သာမန်ပွဲတက်ရောက်သူအနေနဲ့ပဲ သွားတာဖြစ်ပါတယ်။ ကျမအလုပ်ကတဆင့်ပေါ့နော် အလုပ်ကတော့ USAID ရဲ့ မြန်မာနိုင်ငံက စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ Project ဖြစ်ပါတယ်။ အချိန်ကလည်း နည်းနည်းလေးနဲ့ အကန့်အသတ်နဲ့ဆိုတော့ ကျမ နည်းနည်းလေးပဲ ပြောဖြစ်တာပေါ့နော်။ တာဝန်သိ တာဝန်ရှိ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ ကျမတို့ လုပ်နေတဲ့အထဲက သက်ဆိုင်တာလေး ပြောပြတာပေါ့နော်။ ဥပမာ စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ကျမတို့က Trade Portal website တခုရှိတယ်။ အဲဒါကတော့ ပွင့်လင်းမြင်သာမှုဖြစ်လာအောင် မြန်မာနိုင်ငံ သွင်းကုန် ၊ ထုတ်ကုန်ဆိုင်ရာ ၊ နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေကို ပွင့်လင်းမြင်သာမှုဖြစ်လာအောင် website လွှင့်တင်တဲ့ ကိစ္စတွေ ၊ ပြီးတော့ အကောက်ခွန်နဲ့ ပူးပေါင်းပြီးတော့ ကျမတို့ တည်ဆောက်ပေးတဲ့ ကိစ္စပေါ့နော်၊ နောက်ဆုံးတခုက မြန်မာ့ကျောက်မျက်ရတနာ မူဝါဒရေးဆွဲတဲ့ လုပ်ငန်းကို ပြောပြပါတယ်။ အဲဒါကလည်း ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သွားတုန်းက အမေရိကန် အစိုးရ အရာရှိတွေနဲ့ တွေ့တဲ့အခါကျတော့ တွေ့တုန်းက သူ request လုပ်ခဲ့တာလို့ ကျမတို့ နားလည်ထားပါတယ် ။ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ကျောက်မြတ်ရတနာ ကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ဆိုတော့ အဲဒါတွေတဆင့်ချင်းပေါ့လေ အမေရိကန် သံရုံးကနေ ကျမတို့ အထိ ရောက်လာပြီးတော့ ပြီးခဲ့တဲ့ ၁ နှစ်ခွဲလောက်မှာ ကျမတို့ သက်ဆိုင်ရာအစိုးရတွေ ၊ လုပ်ငန်းရှင်တွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးတော့ ကျမတို့ကတော့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးတဲ့ အခန်းကဏ္ဍကနေပြီးတော့ ပါဝင်တာပါ အဲဒါလေးပဲ ပြောဖြစ်တာပါ။ နောက်တခုကတော့ အဲဒီ Policy မူကြမ်းကတော့ ပြီးသွားပြီ သယံဇာတ ဝန်ကြီးကိုလည်းတင်လိုက်ပြီ အဲဒါလေးပဲ ပြောဖြစ်တာပါ။ တကယ့်ကို တိုတိုလေးပါရှင့်။

ရန်ကုန်မြို့က ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ နော်ရှိုးအိအိထွန်းကို နန်းလောင်ဝ် ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG