သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးငယ်တွေထိခိုက်မှု ကုလအစီရင်ခံစာ မြန်မာပါဝင်


ရခိုင်ပြည်နယ် မြောက်ပိုင်း အပါအဝင် နိုင်ငံတဝန်းက လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးငယ်တွေကို စုဆောင်း အသုံးပြုမှု၊ သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် အထူးဘဲ စိုးရိမ်ကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ လက်နက်ကိုင် တပ်တွေ အတွင်း ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရေးနဲ့ အကာအကွယ်ပေးရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်တချို့ ပူးပေါင်းဆောင်ရွက်လာတဲ့ အပေါ်မှာလည်း ကုလသမဂ္ဂက တိုးတက်မှု အဖြစ် အသိအမှတ်ပြု ပြောဆိုထားပါတယ်။ မသိဂီ ၤထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူပေါင်း သိန်းချီ ထွက်ပြေးရတဲ့ ပဋိပက္ခ အတွင်း အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ဘက်ကရော၊ ARSA ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ဘက်ကပါ ကလေးငယ်တွေကို အသုံးပြုနေတာဟာဆိုရင် ဆိုးရွားလှတဲ့ ချိုးဖောက်မှု ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

စခန်းတွင်းမှာ အလုပ်ကြမ်းတွေ ခိုင်းစေတာ အပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့က ယောကျာ်းကလေး ၄၇ ဦးကို အသုံးပြုနေတာကို ကုလသမဂ္ဂ ဘက်က အတည်ပြုထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA ဘက်က ဆိုရင် အသက် ၁၀ နှစ်လောက် အရွယ် ကလေးငယ်တွေက အစ စုဆောင်း အသုံးပြုနေတဲ့ သတင်းတွေ ရရှိထားပြီး အတည်ပြုထားနိုင်တဲ့ ကိစ္စတခုလည်း ရှိတယ်လို့ ထောက်ပြထားပါတယ်။

သိန်းနဲ့ချီ ထွက်ပြေးရတဲ့ ရခိုင် ပဋိပက္ခ အတွင်း ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရမှု၊ သတ်ဖြတ်ခံရမှု အပါအဝင် ဆိုးရွားလှတဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း ကုလ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာက ထောက်ပြထားတာပါ။

ပြီးခဲ့တဲ့ နှစ် အတွင်း မြန်မာနိုင်ငံတွင်း တိုးတက်မှု တချို့လည်း ရှိခဲ့ကြောင်း ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

" နိုင်ငံတချို့မှာတော့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးမှုတွေကနေ တိုးတက်မှု တချို့ ရှိခဲ့ပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ ဆိုရင် လက်နက်ကိုင် အဖွဲ့ ၄ ခုက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ "

ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA၊ ကရင် လက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်တဲ့ DKBA နဲ့ KNLA နောက် ရှမ်းလက်နက်ကိုင် တပ် SSA တို့က ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရေး၊ ကလေးငယ်တွေကို အကာအကွယ်ပေးရေးတို့ အတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတာပါ။

မြန်မာ စစ်တပ်ဘက်ကလည်း ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရေး ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်လာနေပြီး ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ကလေးစစ်သား တချို့ကို မိဘတွေထံ ပြန်အပ်ခဲ့တာပါ။ ဒါပေမယ်လို့လည်း ကလေးစစ်သား စုဆောင်းအသုံးပြုမှုတွေ ဆက်ပြီး ရှိနေဆဲဘဲလို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာက ထောက်ပြပါတယ်။ အခွင့်အရေး လှုပ်ရှားသူ Equality Myanmar ကို ဦးဆောင်သူ ဦးအောင်မျိုးမင်းကတော့ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ အခုထက်ပိုပြီး တိုးတက်အောင် လုပ်နိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်လို့ ထောက်ပြပါတယ်။

"၂ ဖက်စလုံးကတော့ ဒါတွေလည်းလုပ်ဆောင်ပါတယ် ဘယ်သူမှ ရည်ရွယ်ပြီး လုပ်ဆောင်တာမဟုတ်ဘူးလို့ပြောပေမယ့် ရည်ရွယ်တာမရှိသည့်တိုင်အောင် ထိခိုက်မှုတွေမရှိအောင် ကာကွယ်တားဆီးလုပ်ဆောင်သင့်တဲ့ ပညာပေးမှုတွေ နောက်ပြီတော့ ဥပဒေအရ တားမြစ်မှုတွေ နောက်တခါ ကျူလွန်ရင် အရေးယူမှုတွေက အနည်းအကျဉ်းပဲရှိနေတယ် အဲဒီအနည်းအကျဉ်းတွေကလည်း ကျနော်တို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတခုခုကို အဖြစ်ခံပြီး လုပ်ဆောင်တဲ့ သဘောဖြစ်နေတယ်။ တကယ့်ကို ကျနော်တို့ ပုံစံတကျနဲ့ စနစ်တကျနဲ့ မပြတ်စောင့်ကြည့်တဲ့ပုံစံမျိုး အဲဒီအပိုင်းမှာ အားနည်းနေတာကို ကြည့်မယ်ဆိုရင် နိုင်ငံတကာအာရုံစိုက်မှာကို စိုးရိမ်တဲ့သဘောနဲ့ လုပ်ဆောင်တဲ့ပုံစံမျိုးပဲ များတယ်။"

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အတွင်း စစ်တပ် အပါအဝင် လက်နက်ကိုင် တပ်တွေရဲ့ ကလေးစစ်သား စုဆောင်းမှု အသုံးပြုမှု စုစုပေါင်း ၄၃၈ ဦးရှိနေကြောင်း ကုလသမဂ္ဂရဲ့ မှတ်တမ်းမှာ ဖော်ပြထားတာပါ။ အများစုကတော့ တပ်မတော်က သုံးနေတာ ဖြစ်ပြီး တရားဝင် စုဆောင်းထားသူ ၁၆၆ ဦး ရှိပြီး တရားဝင် မဟုတ်ဘဲ သန့်ရှင်းရေးလို၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေလိုမျိုးမှာ ခိုင်းထားတဲ့ ကလေးငယ်ကလည်း ၂၀၀ လောက် ရှိနေတယ်၊ တချို့ ကလေးတွေက ၁၃ နှစ်လောက် ဘဲ ရှိတယ်လို့ ဒီကနေ့ ထုတ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကုလက မှတ်တမ်းတင်ထားနိုင်တဲ့ ကလေးစစ်သား စုဆောင်း အသုံးပြုမှုထဲမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေလည်း ပါဝင်ပါတယ်။ ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA နဲ့ တအာန်း ပလောင် လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ ၃၉ ဦး စုဆောင်းထားတာကို အတည်ပြုထားနိုင်ကြောင်းလည်း ကုလရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG