သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်အပေါ် အကဲခတ်တချို့အမြင်


၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (မတ် ၂၇၊ ၂၀၂၄)
၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (မတ် ၂၇၊ ၂၀၂၄)

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံကဖိတ်လို့ မဲခေါင်မြစ်ဝှမ်း ညီလာခံတွေတက်ဖို့ တရုတ်နိုင်ငံ ကူမင်းမြို့ကို မကြာမီရက်ပိုင်းမှာ သွားရောက်ဖို့ရှိနေပါတယ်။ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်သွားမယ့် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့တရုတ်ပြည်ခရီးစဉ်က မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ၊ အကဲခတ်တချို့ရဲ့ အမြင်တွေကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန် တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်လာနေချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဉ်ပေါ်လာပါတယ်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားမယ့် တရုတ်ပြည်ခရီးစဉ်ဟာ တရုတ်နိုင်ငံကဖိတ်လို့ ကူမင်းမြို့ကိုသွားမှာဖြစ်ပြီးတရုတ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့လည်း ရှိနေပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်မယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်ရဲ့ခရီးစဉ်မှာ ဘယ်လိုရလဒ်တွေဖြစ်လာနိုင်ပါသလဲ နိုင်ငံရေးအကဲခတ်တွေ အမြင် ဘယ်လိုရှိပါသလဲ။ တရုတ်မြန်မာအရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောကတော့ စစ်ခေါင်းဆောင်ခရီးစဉ်ကနေ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာမလဲဆိုတာနဲ့ပတ်သတ်လို့ သူ့အမြင်ကိုခုလိုပြောပြပါတယ်။

"ဒီလိုဗျ၊ တရုတ်ကဒီလို - မဲခေါင်မြစ်ဝှမ်းကနိုင်ငံ ၆ နိုင်ငံလား မဲခေါင်မြစ်ဝှမ်းဖွံဖြိုးတိုးတက်ရေး စီမံကိန်းဆိုတာ ရှိတယ်။ အဲဒါကိုဗမာပြည်ကိုဆွဲထည့်ထားတာပဲ။ ဗမာပြည်အတွက် စီးပွားရေးလေး ဘာလေးချောင်အောင်ပေါ့။ သူ့ဆီက ကိုတာလေးတွေပေးရင် လှိုင်သာယာတို့ ဘာတို့က စက်ရုံလေးတွေ အလုပ်သွက်လာတာတို့ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ဒီလောက်တော့ရှိနိုင်တယ်။ မင်းအောင်လှိုင်အတွက်က ဝါဒဖြန့်ဖို့ဓါတ်ပုံရတာပေါ့။ ဒီလောက်ပါပဲ။"

တရုတ်−မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား စစ်ရေးတင်းမာနေ ချိန် အခုလိုတွေ့ဆုံမှုက စစ်ရေးအပေါ် ဘယ်လောက် သက်ရောက်လာနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ စစ်ကောင်စီကို တရုတ်ကနေရာပေးဖိတ်ကြားတာမျိုး တရားဝင်ခွင့်ပေးဖိတ်တာမျိုးထက် မဲခေါင်မြစ်ဝှမ်းတလျှောက်နိုင်ငံချင်း တွေ့ဆုံရတဲ့ပွဲတခုတက်ဖို့ ဖိတ်ခြင်းသက်သက်သာဖြစ်တာမို့ လက်ရှိမြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ပွဲအပေါ် သက်ရောက်မှု ရှိနိုင်မှာ မဟုတ်ဘူးလို့မြင်ပါတယ်။ ဒါပေမယ့် တရုတ်က စစ်ခေါင်းဆောင်နဲ့မြောက်ပိုင်းအဖွဲ့တွေကို တွေ့ဆုံခွင့်ပေးနိုင်တယ်လို့ မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူကတော့ သုံးသပ်ပါတယ်။

"ထိပ်သီးအစည်းအဝေးဆိုတာ လာခွင့်ကိုပေးရမယ့်အနေအထားဖြစ်နေတယ်လေ။ ထူးပြီးတရားဝင်မှု ပေးတယ်မထင်ဘူး။ ဒါပေမယ့် အဲလိုရောက်ချိန် ဘေးဘန်းအနေနဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့တွေ့ဖို့ စီမံနိုင်တာပေါ့။ သူ့ဦးတည်ချက်က အဲဒါကို၊ ဒီလောက်ကဖြစ်နိုင်ပါတယ်။ မြန်မာပြည် စစ်ရေး နိုင်ငံရေးမှာ တရုတ်က ထောက် ခံနေတယ်လို့ ကောက်ချက်ချလို့မရဘူး။ တိုးသာလှုပ်သာ အခြေအနေမှာနေတယ်လို့ပဲ မြင်တယ်။ ခုကရှေ့တလှမ်းတိုး- စစ်ကောင်စီကို စစ်ပွဲတွေရပ်အောင် တလှမ်းတိုးလုပ်နေတာတော့မှန်တယ်။ အပြည့်အဝ တရားဝင်မှုပေးတာမဟုတ်လို့ စစ်ပွဲတွေအပေါ်မှာတော့ ဘာမှသက်ရောက်မယ်မထင်ဘူး။"

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ကို သွားရောက်ချိန် နိုဝင်ဘာလ ၆ ရက်ကနေ နိုဝင်ဘာလ (၇) ရက်နေ့အထိ တရုတ်နိုင်ငံ ကူမင်းမြို့မှာကျင်းပမယ့် အဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ နောက် ၁၀ ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး၊ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးမှာ ပါဝင်တက်ရောက်မယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ သူ့ခရီးစဉ်ဟာ ဘယ်လောက်ကြာမြင့်မယ် ဆိုတာတော့ အတိအကျမပါဝင်ပါဘူး။

လက်ရှိမှာတော့ တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာနေသလို စစ်ကောင်စီစခန်းတချို့နဲ့ နယ်စပ်မြို့တချို့ကို တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်နေချိန်မှာပဲ တရုတ်-မြန်မာနယ်စပ် ဂိတ်တွေ ပိတ်ပစ်လိုက်ပြီး မြန်မာဘက်ပို့မယ့် တရုတ်ကုန်ပစ္စည်းတွေကို ကန့်သတ်ထားခဲ့ပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ ကချင်အပါအဝင် ထိပ်ပိုင်း တိုင်းရင်းသားခေါင်းဆောင်တချို့ကို တရုတ်အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံဆွေးနွေးပြီး တရုတ်-မြန်မာနယ်စပ် လုံခြုံရေး၊ စီးပွားရေးကိစ္စတွေမထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ သတိပေးပြောကြားတာတွေလည်း ရှိခဲ့ပါတယ်။

ဒီတခေါက်ခရီးစဉ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ တတိယမြောက် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။ အာဏာသိမ်းအစောပိုင်းကာလတုန်းက ရုရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်ထား ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG