သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံ


ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအဝိုင်းတွေနဲ့တွေ့ဆုံ (MOI)
ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအဝိုင်းတွေနဲ့တွေ့ဆုံ (MOI)

ရခိုင်ပြည်နယ် စစ်တွေမြို့ကို တနင်္ဂနွေနေ့က ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ ဒီကနေ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအသိုင်းဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

"ဖြစ်စဉ်မှာ ထိခိုင်မှုဖြစ်ခဲ့တဲ့ ၃ community နဲ့ တွေ့တယ်။ အစ္စလာမ်ရယ် ၊ တိုင်းရင်းသားတွေရယ် ဟိန္ဒူရယ် ။ ဖြစ်စဉ်မှာ ထိခိုင်မှုဖြစ်ခဲ့တဲ့ ၃ community က မိသားစုဝင်တွေရယ် ၊ အသတ်ခံရတဲ့လူတွေ နောက်ပြီးတော့ သူတို့ရဲ့ ညီအကိုမောင်နှမ မိသားစုတွေ နဲ့ တွေ့တယ်။ အဲဒါပြီးတော့ ထန်းတောပြင်မှာ ရှိတယ် ဒီကနေ စစ်တွေဘက်ကိုထွက်မှာ ။"

အထူးကိုယ်စားလှယ် Ms. Burgener ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့သလို စစ်တွေမြို့နားက သက္ကယ်ပြင် မွတ်စလင် ဒုက္ခသည်စခန်းကို သွားရောက် ကြည့်ရှုခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

Ms. Burgener နဲ့အဖွဲ့ဟာ တနင်္ဂနွေနေ့မှာဘဲ မြေပုံမြို့က မွတ်စလင် ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းမှာ ANP ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရောက်နေတဲ့ မွတ်စလင် ဒုက္ခသည်တွေ နေရပ်ပြန်ရေး ANP ရဲ့ သဘောထားကို အထူးကိုယ်စားလှယ်က အဓိက မေးမြန်းခဲ့တယ်လို့ ANP တွေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဧပြီလနှောင်းပိုင်းမှာ စတင် တာဝန်ပေးအပ်ခံခဲ့ရတဲ့ Christine Schraner Burgener ဟာ ဇွန်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံခရီးစဉ်ကို စတင်ခဲ့တာမှာ ဇွန်လ ၁၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဇွန်လ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ Ms. Burgener ဟာ မြန်မာနိုင်ငံ ခရီးစဉ်ပြီးဆုံးတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

Ms. Burgener က သူမကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အရ ခရီးစဉ်အတွင်း မြန်မာအာဏာပိုင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေအပြင် သံတမန်ရေးအသိုင်းအဝိုင်းနဲ့လည်း တွေ့ဆုံဖို့ရှိပြီး ရခိုင်ပြည်နယ် ပဋိပက္ခအရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတို့အပြင် လူ့အခွင့်အရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီစဉ် မစတင်ခင်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG