ပြည်တွင်းမှာ နိုင်ငံခြားငွေစျေးနဲ့ ရွှေစျေးကျလာပေမယ့် သူတို့နဲ့အတူလိုက်တက်ခဲ့တဲ့ ကုန်စျေးနှုန်းတွေကတော့မကျသေးဘဲ အတက်စျေးနဲ့ပဲ ဝယ်ခြမ်းနေရတယ်လို့ စျေးရောင်းစျေးဝယ်သူတွေက ပြောပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးပြန်တက်လာပေမယ့် ကုန်ဈေးနှုန်းတွေ မကျသေးတဲ့ အခြေအနေ ရန်ကုန်က သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ဒီရက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ပြန်တက်လာတာနဲ့အမျှ ဒေါ်လာစျေး၊ ဘတ်စျေးအပါအဝင် နိုင်ငံခြားငွေစျေးတွေနဲ့ ရွှေစျေးနှုန်းတွေ ကျဆင်းလာတယ်လို့ အရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။ တရှိန်ထိုးတက်ခဲ့တဲ့ ရွှေနဲ့ဒေါ်လာစျေးနှုန်းတွေ အကျဘက်ကို ဦးတည်လာနေပမဲ့လည်း သူတို့နဲ့အတူ တက်ခဲ့တဲ့ ကုန်စျေးနှုန်းတွေကတော့ ဒီကနေ့အထိပြန်မကျသေးဘဲ တက်စျေးနဲ့သာ ဝယ်နေရတယ်လို့ မန္တလေးမြို့က စားသောက်ဆိုင်လုပ်ငန်းရှင် တဦးက ပြောပါတယ်။
"ကုန်စျေးနှုန်းကတော့ မကျဘူး။ အရင်ကအတိုင်းထက် တက်တောင်တက်သေးတယ်နော်။ ကျမတို့ဝယ်ရတဲ့အနေအထားဆို အိမ်သုံး ပစ္စည်းရော၊ မီးဖိုချောင်ရော အကျမရှိသေးဘူးရှင့်၊ အတက်ပဲရှိတယ်။ ဒေါ်လာစျေးတွေဘာတွေ ကျနေတယ်လို့သာကြားတာ၊ ကျမတို့ဝယ်တဲ့ ကုန်စျေးနှုန်းကတော့ အကျမရှိသေးဘူးရှင့်။"
နေ့စဉ်စျေးဝယ်ခြမ်းနေရတဲ့ အခြေအနေမှာ အသား၊ ငါး၊ အသီးအရွက်နဲ့ တခြားကုန်စည်စျေးတွေလည်း ကျလာတာမျိုးမကြုံရသေးဘူးလို့ ဆက်ပြောပါတယ်။
"ကုန်စျေးနှုန်း အကျကို မကြုံသေးတာ။ စျေးကျသွားပါတယ် ဆိုပြီးတော့မရှိသလို ကျမတို့က တရက်ဝယ်စျေး တရက်သိတာကို၊ တခါတည်း တန်းမှတ်တာဆိုတော့ မရှိသေးဘူး။ ကုန်စျေးနှုန်းကျတာ လုံးဝမရှိသေးဘူး။"
နိုင်ငံရေးအခြေအနေကြောင့် အဘက်ဘက်မှာ အခက်အခဲကြုံနေရချိန် အခြေခံနဲ့ လူလတ်တန်းစားတွေရဲ့ ဝင်ငွေကတော့ သိသိသာသာ တိုးမလာပေမယ့် ကုန်စျေးနှုန်းကတော့ တက်လာနေတယ်လို့ ညည်းတွားနေကြပါတယ်။ ဝင်ငွေ၊ထွက်ငွေ မျှတအောင် ချိန်ဆနေရတဲ့ မိသားစုတွေလည်း မဖြစ်မနေသုံးရတဲ့ စားသောက်ရေးအတွက် ကုန်စျေးနှုန်းတွေအခုလိုတက်နေတာဟာ သူတို့အတွက် အခက်တွေ့ စေတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့နေ အိမ်ရှင်မတဦးကတော့ ကုန်စျေးနှုန်းကျလာမယ့်အချိန်ကို မျှော်လင့်နေပါတယ်။
"ကုန်စျေးနှုန်းက အပြောင်းအလဲမရှိသေးဘူး။ အမတို့ နေ့တိုင်းဝယ်နေတဲ့ စျေးနှုန်းကတော့ အရင်တုန်းကတက်ခဲ့တဲ့ကုန်စျေးနှုန်းတွေအတိုင်းပဲ၊ ပြန်မကျပေးသေးဘူး။ အမှန်ဆိုရင်တော့ နည်းနည်းချင်းစီတော့ ပြန်ကျသွားရင်တော့ကောင်းတာပေါ့နော်။ အခုဟာက အဲလို ဝုန်းခနဲလည်း ပြန်မကျဘူး။ သူတို့တက်စျေးတုန်းက ဝယ်ထားတဲ့စျေးအတိုင်းကိုပဲ မကုန်သေးတဲ့သဘောမျိုးလိုပဲ ရောင်းနေသလိုမျိုး။ သိတယ်မဟုတ်လား။ သူတို့တက်တုန်းကကြတော့ နေ့တိုင်းရွှေစျေးအပြောင်းအလဲ၊ ဒေါ်လာစျေးအပြောင်းအလဲ ဆိုပြီးတော့ စျေးနေ့တိုင်းတက်တယ်။ အခုကျလည်းကျရော အဲလိုမလုပ်ပေးသေးဘူး။ ကုန်စျေးနှုန်းလေးကျရင်တော့ ပိုကောင်းတာပေါ့။"
ရွှေစျေး၊ ဒေါ်လာစျေးနဲ့ ဘတ်စျေးအပါအဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်း ကျဆင်းနေပေမယ့် စက်သုံးဆီ၊ စားဆီနဲ့ဆေးဝါးအပြင် အခြေခံကုန်စည်စျေးနှုန်းတွေ ပြန်မကျသေးတဲ့အပြင် တချို့စျေးတက်တာမျိုးလည်း ကြုံနေရတယ်လို့ပြောကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရေးအခြေအနေ မငြိမ်မသက်ဖြစ်နေချိန် အခုတခါ တိုက်ပွဲတွေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေ ဦးရေများပြားလာပါတယ်။
ဝင်ငွေနည်းပါးလာချိန် အိမ်ငှားစရိတ်၊ သွားလာစရိတ်နဲ့ မဖြစ်မနေ သုံးစွဲရတဲ့ စားသောက်ကုန်နဲ့ မီတာခနှုန်းထားတွေလည်း တက်လာပါတယ်။ ဒီလိုအချိန်မှာ ဒေါ်လာစျေး၊ ရွှေစျေးနဲ့ ဘတ်စျေးအပြင် အကြောင်းအမျိုးမျိုးကြောင့် တက်ခဲ့တဲ့ ကုန်စျေးနှုန်းတွေကို ပြန်လည်ကျဆင်းဖို့ကို လိုလားနေကြတာပါ။
Forum