သုံးရလွယ်ကူစေသည့် Link များ

ကာ/လုံ ဖျက်သိမ်းဖို့ ရခိုင်ပါတီအဆိုပြု


၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းစာအုပ်
၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းစာအုပ်

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကောင်စီ (ကာ/လုံ) ကို ဆက်လက် မထားရှိသင့်ဘူးလို့ ဆိုပြီး ဒီကောင်စီထားရှိမှုကို ဖျက်သိမ်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီက ဒီကနေ့ တင်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၅ မှာပါတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စတွေကို ပူးပေါင်းကော်မတီမှာ ဒီကနေ့ ဆွေးနွေးကြတဲ့အချိန် ရခိုင်ပါတီက အခုလို တင်ပြခဲ့တာပါ။ ဒီအကြောင်းကို ဗွီအိုအေသတင်းထောက် မေခကပေးပို့ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတွေကို ဒီကနေ့ပဲ ပြန်လည်စတင်တာပါ။ ဒီလိုစတင်ချိန်မှာပဲ ကာ/လုံ ခေါ် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကောင်စီကို ပယ်ဖျက်ဖို့ ရခိုင်အမျိုးသားပါတီက တင်သွင်းခဲ့တာပါ။

ဒါနဲ့ပတ်သတ်လို့ ဒီပြင်ဆင်ချက်တင်သွင်းခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဦးအောင်ကျော်ဇံက

“ကာလုံဆိုပြီး သီးခြားအဖွဲ့ မထားတော့ဘူး။ ကျနော်တို့ပါတီရဲ့ သဘောပြောတာ။ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ သင့်လျော်တဲ့ ဌာနအဖွဲ့အစည်းတွေနဲ့ညှိနှိုင်းပြီးမှ ကာလုံအလုပ်ကိုလုပ်ဖို့က စစ်ရေးစစ်ရာ၊ လုံခြုံရေးကအစပေါ့။ ဆိုင်ရာဝန်ကြီးဌာနတွေ အနေနဲ့ အကောင်အထည်ဖော်ပေါ့။ ကာလုံက Permanent လုပ်ခွင့်မရှိဘူး။”

နိုင်ငံမှာ သမ္မတကသာ အထွတ်အထိပ်ဖြစ်တာကြောင့် နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေကို သမ္မတကပဲ ဦးဆောင်သင့်ပြီး ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်တာမျိုးပဲ ဖြစ်သင့်တယ်။ ကာလုံရယ်လို သီးခြားဖွဲ့ပြီး ထားရှိစရာ မလိုဘူးလို့ ဦးအောင်ကျော်ဇံက တင်ပြခဲ့ပါတယ်။

ကာလုံကောင်စီမှာ တပ်မတော်ကိုယ်စားလှယ် အများစု ကြီးစိုးထားတာဖြစ်လို့ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်မှုတွေ ရှိနေတယ်ဆိုပြီး ကာလုံကောင်စီကို နိုင်ငံရေးပါတီ အများစုက ဖျက်သိမ်းဖို့ တောင်းဆိုတာတွေ ရှိနေတာပါ။

ဒီကနေ့ ကာလုံ ကောင်စီဖျက်သိမ်းဖို့ ရခိုင်ပါတီတင်ပြတာက လက်တွေ့အခြေခံ ဥပဒေပြင်ဆင်ချိန်မှာ တကယ်ပဲ ပြုပြင်နိုင်ပါ့မလား။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက လက်တွေ့ဆန်ဆန် ပြင်ဆင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေတဲ့ အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့ လက်ရှိပြင်ဆင်ရေးလုပ်ဆောင်နေတဲ့ အပေါ် အခုလို သုံးသပ်လိုက်ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှ ပြင်နိုင်မယ့် အနေအထားကရှိနေ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပေါ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အပါအဝင်ပေါ့ အဓိကပုဒ်မတွေ ပြင်ဆင်ရေးက တော်တော်လေးကို ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေတယ်လို့မြင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်စပ်ရင် တကယ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် အောင်မြင်ဖို့အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး သဘောတူညီချက်ရအောင ်လုပ်ဖို့လိုတယ်လို့ မြင်တယ်။ အဲဒီသဘောတူညီချက်ကို မူတည်ပြီးတော့မှ လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တဆင့်ပြီး တဆင့်ဖော်ဆောင်နိုင်ရင် ပိုလက်တွေ့ကျမယ်လို့ မြင်တယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွေကို စတင် ကျင်းပလာခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝင်တဲ့ အခန်းအလိုက် လေ့လာသုံးသပ်မှုတွေ လုပ်ပြီး ပါတီအလိုက် အစုအဖွဲ့အလိုက် ပြင်ဆင်ချင်တဲ့ အချက်အလက်တွေကို ကော်မတီအဖွဲ့ဝင်တွေက တင်ပြဆွေးနွေးနေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG