သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် နိုင်ငံ ၄၀ ကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးကိရိယာ IAEA ပေးမည်


ကိုရိုနာ ဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးရေး ကိရိယာတချို့
ကိုရိုနာ ဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးရေး ကိရိယာတချို့

(Zawgyi/Unicode)

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA က ကိုရိုနာ ဗိုင်းရပ်စ် စမ်းသပ် စစ်ဆေးရေး ကိရိယာတွေကိုမြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ ကို ပေးပို့မှာ ဖြစ်ပါတယ်။

အဲဒီ ကိရိယာတွေဟာ နျူကလီးယား သိပ္ပံနည်းပညာကို အသုံးပြု ထုတ်လုပ်ထားတာဖြစ်ပြီး စံနှုန်းမှီတဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်နိုင်လိမ့် မယ်လို့ IAEA က ပြောကြောင်း AP သတင်းရပ်မှာ ဖော်ပြထားပါတယ်။ Real time RT-PCR လို့ခေါ်တဲ့ အဲဒီ နည်းပညာကို ပုံမှန် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသုံးပြုတာဖြစ် ပြီး ရောဂါ ကူးစက်မှု ရှိ-မရှိကို ရှာဖွေ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

IAEA ဟာ အီရန်လို နိုင်ငံမျိုးတွေမှာ နျူးကလီယားဆိုင်ရာ စစ်ဆေးမှုတွေ လုပ်တာလို့ လူသိများပေမဲ့ သူ့ရဲ့ နျူးကလီးယား နည်းပညာ ကို ငြိမ်းချမ်းရေး အကျိုးအတွက် အသုံးပြုရမယ့် တာဝန်လည်း ရှိပါတယ်။ ကနဦး ပေးပို့မယ့် ကိရိယာ ပစ္စည်းတွေ အတွက် သုံးစွဲတဲ့ ငွေတွေက IAEA ဘတ်ဂျက်က ဖြစ်သလို အပိုဆောင်း ငွေကြေး အကူအညီအဖြစ် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၆ သန်းနဲ့ ကနေဒါက ဒေါ်လာ ၃ သန်းခွဲ ကူညီထားပါတယ်။

အာဖရိက၊ အာရှ၊ ဥရောပ၊ လက်တင် အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတွေက ဓါတ်ခွဲခန်း ဒါဇင်နဲ့ ချီပြီး ရောဂါ ရှာဖွေရေး စက်ကိရိယာ တွေ၊ စမ်းသပ် ကိရိယာတွေ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းတွေကို လက်ခံရရှိမှာ ဖြစ်ကြောင်းလည် IAEA ရဲ့ ကြေညာချက်မှာ ပါရှိတယ်။

ပထမအသုတ်အဖြစ် ပေးပို့မယ့် ကိရိယာတွေကို တခြား ဒေသက နိုင်ငံတွေနဲ့အတူ အာရှတိုက်က ထိုင်းနဲ့ ဗီယက်နမ်တို့ကို ပေးပို့သွား မှာ ဖြစ်ပြီး နောက်ထပ် လက်ခံ ရရှိမယ့် နိုင်ငံတွေထဲ အာရှတိုက်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ နီပေါ၊ ဖိလစ်ပိုင်နဲ့ သီရိလင်္ကာ နိုင်ငံတွေ ပါဝင်ပါတယ်။

အခုလို အရေးကြီးတဲ့ ပစ္စည်းကိရိယာတွေ အဖွဲ့ဝင်နိုင်ငံတွေဆီကို အမြန်ဆုံး ရောက်ရှိရေးအတွက် IAEA ဝန်ထမ်းတွေ အစွမ်းကုန် ကြိုးစားနေကြောင်းလည်း IAEA အကြီးအကဲ Rafael Grossi က ပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက ကြာသပတေးနေ့ ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ နောက်ထပ် ၄ ဦးကို ထပ်မံ တွေ့ရှိတာကြောင့် ကူးစက်ခံရသူ စုစုပေါင်း ၂၀ ရှိပြီ ဖြစ်ပါတယ်။ နောက်ထပ် ကူးစက်ခံရသူတွေထဲမှာ အသက် ၈ နှစ်အရွယ် ၁ ဦးနဲ့ ဆက်ကျော်သက် အရွယ် ၂ ဦး ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)







XS
SM
MD
LG