(Zawgyi / Unicode)
စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိဆိုရင် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ အရေအတွက် ၁,၃၂၉ ယောက်ရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ ငါးတွင်းရွာမှာ စစ်သားအင်အား ၁၀၀ လောက် စခန်းချခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မနက်မှာ အဲဒီစစ်သားတွေက ရွာသား ၄ ဦးကို လက်ပြန်ကြိုးတုပ်ပြီး ညှဉ်းပန်းနှိပ်စက်ပြီးတော့ သတ်ပစ်ခဲ့တဲ့အကြောင်း ရွာသား ၄ ဦးရဲ့ အမည်တွေနဲ့တကွ AAPP က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ထိ ဖမ်းဆီးခံထားရသူပေါင်း ၇,၉၅၄ ယောက်ထဲမှာ ၃၈၅ ယောက်ကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး အဲဒီထဲမှာ ကလေး ၂ ဦး အပါအဝင် ၃၆ ယောက်ကို သေဒဏ်ချမှတ်ထားတယ်လို့လည်း AAPP က ပြောပါတယ်။
အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူတွေကို စစ်ကောင်စီက အပြင်းအထန် အင်အားသုံး အကြမ်းဖက်နှိမ်နင်း ဖြိုခွဲနေတဲ့ကြားမှာပဲ ကန့်ကွက်ဆန္ဒပြတာတွေ ရပ်မသွားပါဘူး။
ဒီဇင်ဘာလ ၁၀ ရက်၊ သောကြာနေ့က ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာဆိုရင် တနိုင်ငံလုံးအနှံ့ မြို့တိုင်းလိုလို အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြပြီး မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ဆိုင်တွေ၊ လုပ်ငန်းတွေမဖွင့်၊ လူတွေ အိမ်ပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းနည်းနဲ့ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။
ညနေ ၄ နာရီကျော်ပြီးတဲ့နောက် ဆိုင်တွေပြန်ဖွင့်ကြတာမှာ တချို့နေရာတွေမှာ စစ်တပ်ရောက်လာပြီး ဆဲဆိုအော်ဟစ်ပြီး ဆိုင်ပြန်ပိတ်ခိုင်းတာမျိုး၊ ဆိုင်တွေကို ဖျက်ဆီးတာမျိုး စသည်ဖြင့် လုပ်ဆောင်ခဲ့တယ်လို့ ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေက ပြောကြပါတယ်။
---------------------
(Unicode)