သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဆန္ဒပြမှု ကားနဲ့တိုက် ပစ်ခတ်လူစုခွဲလို့ ထိခိုက်ဒဏ်ရာရသူ များပြား


စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်လူထု သပိတ်စစ်ကြောင်း။ (ဒီဇင်ဘာ ၅၊ ၂၀၂၁)
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်လူထု သပိတ်စစ်ကြောင်း။ (ဒီဇင်ဘာ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ထဲကို စစ်တပ်က ကားနဲ့ အနောက်ကနေ ဝင်တိုက်ပြီး သေနတ်နဲ့ပစ်ခတ် အကြမ်းဖက် ဖြိုခွင်းလိုက်တာကြောင့် ၅ ဦးထက်မနည်း သေဆုံး၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ ထိခိုက်ဒဏ်ရာရသူကိုပဲ ဖော်ပြပြီး သေဆုံးတယ်ဆိုတာ မပါဝင်ပါဘူး။ ဆန္ဒပြပွဲ သတင်းလိုက်ယူတဲ့ သတင်းထောက်တဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နောက်သတင်းထောက်တဦးလည်း ဖမ်းဆီးခံရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဒီဇင်ဘာ ၅ ရက် မနက်ပိုင်း ကြည့်မြင်တိုင်မြို့နယ်ထဲက ပန်းပင်ကြီးလမ်းမပေါ်မှာ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေတဲ့ ရန်ကုန်လူထု သပိတ်စစ်ကြောင်းကို စစ်တပ်က ကားအရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ပြီး ဖြိုခွင်း ဖမ်းဆီးခဲ့တာလို့ ဆန္ဒပြအင်အားစုက ပြောပါတယ်။

ဆန္ဒပြလူအုပ်ထဲကို နောက်ကနေ စစ်ကားနဲ့ ဝင်တိုက်တာကြောင့် ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ ဆန္ဒပြပါဝင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“စစ်ကြောင်းစထွက်ပြီးတော့ တမိနစ်လောက် အကြာမှာပဲ ဒီအနောက်ကနေ Double Cap တစီး ဝင်ချလာပြီးတော့ ဒီလူအုပ်ကြားထဲ ဖြတ်တိုက်တာပေါ့နော်။ အရှိန်အကုန်တင်ပြီးတော့ ကျနော်တို့ လူအုပ်ကြားထဲကို သူတို့ မောင်းဝင်ချလာပြီးတော့ တိုက်သွားတာ၊ တော်တော်များတယ်ဗျ၊ လွင့်စင်သွားတာ၊ ကားအောက်ညပ်တဲ့လူလည်း ရှိတယ်၊ အဖမ်းခံထားရတာ ၁၀ ယောက်လောက်တော့ ရှိမယ်လို့ ထင်တယ်ဗျ။ အထဲမှာ ကျနော့်ရဲဘော်တွေလည်း ပါသွားတာရှိတယ်။ နောက် ကျနော်လည်း မသိတဲ့ တခြားရဲဘော်လည်း ပါသွားတာလည်း ရှိတယ်ပေါ့နော်။ ဟို… အတိအကျတော့ ကျနော်လည်း ပြောလို့တော့ မတတ်ဘူးဗျ။ အနည်းဆုံး သေတယ်ဆိုရင်တော့ အနည်းဆုံး ၄ ယောက်၊ ၅ ယောက်ပေါ့လေ၊ ကားနဲ့အတိုက်ခံထားရပြီး မလှုပ်တဲ့လူတွေတော့ တွေ့တယ်ဗျ။”

စစ်တပ်သုံး Double Cap ကားတစီးနဲ့ ဆန္ဒပြလူအုပ်ထဲကို အရှိန်ပြင်းပြင်း တိုက်ဝင်သွားပြီး လူတချို့ ကားတိုက်လို့ လွှင့်စင်သွားတဲ့ ဗွီဒီယိုနဲ့ လမ်းမပေါ်မှာ သေဆုံး ဒဏ်ရာရသူတချို့ လဲနေတဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဆန္ဒပြသူတွေ သေဆုံးတယ်လို့ မျက်မြင်တွေ ပြောဆိုထားပေမယ့် သေဆုံးမှုတွေကို ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ခွင့်ပြုချက်မဲ့ ဆန္ဒပြသူတွေကို လူစုခွဲ ဖမ်းဆီးရာမှာ ၁၁ ဦး ဖမ်းဆီးမိပြီး အမျိုးသမီးတဦးမှာပဲ စိုးရိမ်ဒဏ်ရာ ရရှိထားတယ်လို့ ရေးပါတယ်။

ထိခိုက်ဒဏ်ရာရပြီး လဲကျသူတွေကို ကားပေါ် ခေါ်တင်သွားတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။

“ဆန္ဒပြလူငယ်တွေက ကမ်းနားလမ်းကနေပြီးတော့ ပန်းပင်ကြီးလမ်းထိပ်ကနေ ထွက်လာကြတာပေါ့နော်။ ထွက်လာကြတဲ့အချိန်မှာ ဟို ၂ မိနစ်လောက်ပဲ ရှိသေးတယ်ပေါ့နော်။ လမ်းလျှောက်လာတယ်၊ အော်ပြီးတော့ လမ်းလျှောက်လာတယ်ပေါ့နော်။ အနောက်ကနေပြီးတော့ ဟိုကား ချက်ချင်းရောက်လာတယ်ဗျ၊ စစ်ကားလေ၊ စစ်ကားရောက်လာခါကျရင် ရုတ်တရက် ဝင်တိုက်တာပေ့ါနော်၊ ဒီဆန္ဒပြလူငယ်တွေကို၊ ဆန္ဒပြလူငယ်တွေက ပြေးရင်း လွှားရင်းနဲ့ ဗွီဒီယိုဖိုင်ထဲကလိုပဲ အဲ့လို တိုက်မိသွားတာဗျ။ မိတဲ့ကလေးတွေကို ဖမ်းသွားတယ်ပေါ့နော်။ တိုက်တဲ့အခါကျ လဲတဲ့ကလေးတွေကိုပါ ကားပေါ်တင်သွားတာပေါ့ အဲ့လိုမျိုး။ သေနတ်တွေ ဘာတွေ ဖောက်ပြီးတော့ ဒီရပ်ကွက်ကို ထွက်ကြည့်တဲ့လူကို ပစ်မယ်ဆိုပြီးတော့ အဲ့လို ကြိမ်းမောင်းသွားတယ်။ ဆဲတာတွေ လုပ်သွားတယ်။”

မြေပြင်ကယ်ဆယ်ရေးအဖွဲ့ တခုကတော့ သေဆုံးမှုမရှိဘူးလို့ ပြောဆိုထားပါတယ်။ ဆန္ဒပြ ပါဝင်သူတွေနဲ့ မျက်မြင်တွေက သေဆုံးသူ ၅ ဦးရှိတယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသခွင့်မပေးဘဲ စစ်ကြောရေးစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဗွီအိုအေက စုံစမ်းသိရသလောက် ဒဏ်ရာရသူတွေကို စစ်ဆေးရုံအမှတ် ၂ မှာ ကုသပေးနေတယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲ သတင်းလိုက်ယူတဲ့ သတင်းထောက်တဦးကတော့ စစ်ကားနဲ့ အနောက်ကနေ ဝင်တိုက်လို့ လက်သန်းနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း အဖမ်းခံရတယ်လို့ ဒဏ်ရာရရှိတဲ့ သတင်းထောက်က ဗွီအိုအေကို ပြောပါတယ်။ အခုလို ဖြစ်သွားပေမယ့် ဆန္ဒပြလှုပ်ရှားမှုတွေကို ရပ်တန့်ပစ်မှာ မဟုတ်ဘူးလို့လည်း ရန်ကုန်လူထု သပိတ်ဦးဆောင်ပါဝင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီဆန္ဒပြပွဲတွေက အခုလိုလုပ်လိုက်လို့ ရပ်သွားမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒီနိုင်ငံရေးအရ အခန်းကဏ္ဍမှာ ကျနော်တို့ လူထုတိုက်ပွဲ အနေနဲ့က ရှိနေဦးမှာပဲ။ ကျနော်တို့လိုချင်တဲ့ အရာကို ကျနော်တို့က ဆက်ပြီးတော့ တောင်းဆိုနေအုံးမှာပဲ။ သူတို့ဘက်က ကျနော်တို့ကို ဒီလိုမျိုး ဖိနှိပ်လာရင် ကျနော်တို့က ပိုပြီးတော့ သတိအားကောင်းကောင်း ပိုလုပ်လာရမယ်ပေါ့ဗျာ။ ကျနော်တို့ရဲ့ လုံခြုံရေး ကျနော်တို့ ပိုသတိထားပြီးတော့ ပိုပြီးကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ကျနော်တို့ ဆက်ပြီးတော့ သွားမယ်။ ဒီကနေ့ လုပ်ရပ်ကိုလည်း ကျနော်တို့ နိုင်ငံတကာကို ရောက်အောင်အထိ ကျနော်တို့ ကြိုးစားနေတယ်။ ကျနော်တို့ လူ့အခွင့်အရေးနဲ့အညီ ကျနော်တို့ ဒီမှာ လူသားမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံနေတာလည်း သိအောင် ကျနော်တို့ ကြိုးစားသွားမှာပါ။”

စစ်တပ်က အာဏာသိမ်းပြီး ၁၀ လကျော်ကြာလာပြီး အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြမှုတွေ အရှိန်လျော့လာတယ် ဆိုပေမယ့် လျှပ်တပြက် ဆန္ဒပြမှုတွေကတော့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဆက်ရှိနေဆဲပါ။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)













XS
SM
MD
LG