သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် ဘာတွေလုပ်ပေးနေလဲ


ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေကြတဲ့ အလုပ်သမားများ။ (မေ ၀၈၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေကြတဲ့ အလုပ်သမားများ။ (မေ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကာလမှာ ပြည်တွင်းအလုပ်လက်မဲ့ ဖြစ်သွားသူ စက်ရုံလုပ်သား ၂၀၀,၀၀၀ ဝန်းကျင်နဲ့ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား ၁၀၀,၀၀၀ ကျော်တို့အတွက် အလုပ်သမားရေးရာဌာနက ဘာတွေဆောင်ရွက်ပေးနေလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ မလေးရှားမှာ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားအများစုဟာ သူတို့ရဲ့လုပ်ငန်းခွင် ပိတ်သိမ်းမှုတွေကြောင့် ပြည်တွင်းကို အလုံးအရင်းနဲ့ ပြန်ဝင်လာကြတာ ၁၀၀,၀၀၀ ကျော် ရှိထားပါပြီ။

ပြန်ဝင်လာသူတွေထဲမှာ တဘက်နိုင်ငံမှာရှိတဲ့ သူတို့ရဲ့လုပ်ငန်းခွင်ကို ပြန်သွားကြမယ့်သူတွေရှိသလို၊ အလုပ်လက်မဲ့ဖြစ်သွားလို့ အပြီးပြန်ဝင်လာကြသူတွေလည်း ရှိနေပါတယ်။

အခုလို နေရပ်ကိုပြန်လာသူ ၁၀၀,၀၀၀ ကျော်အတွက် ပြည်တွင်းအလုပ်အကိုင်တွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက စာရင်းပြုစုဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ကြိုးစားနေတဲ့အပိုင်းတွေ ရှိတာပေါ့နော်။ ဒါပေမဲ့လည်း ဒီကာလမှာတော့ အများကြီးပေါင်းစပ်လုပ်ရမှာပေါ့။ ဘာကြိုးစားလည်းဆိုတော့ အခုပြည်ပကပြန်လာတဲ့ အလုပ်သမားတွေနဲ့ပတ်သက်လို့ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို ပြည်နယ်နဲ့တိုင်းအလိုက် စာရင်းဇယားတွေလုပ်နေတာပေါ့။ သက်ဆိုင်ရာဝန်ကြီးဌာနတွေပဲဖြစ်ဖြစ်၊ နိုင်ငံတော်အဆင့်ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲဖြစ်ဖြစ် အလုပ်အကိုင်တွေဖော်လာလို့ရှိရင် ချိတ်ဆက်ပေးနိုင်အောင် ကြိုးစားပြီး စာရင်းပြုစုနေတာပေါ့နော်။ ဒီပြည်တွင်းမှာလည်း အခုဆိုရင် ၉၆ ရုံလောက်ရှိတာပေါ့။ သူတို့အလုပ်အကိုင်ပြန်ဖွင့်ပြီး လူ ၁၄,၀၀၀ လောက် အလုပ်ပြန်ခန့်ပေးနေတာပေါ့နော်။”

ဒါကတော့ အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ပြောသွားတာပါ။ အလုပ်ရှင်အလုပ်သမားကြား အလုပ်အကိုင်ရရှိရေးကို ချိတ်ဆက်ပေးနေတယ်လို့ သူကဆိုပါတယ်။

အလုပ်ရုံတွေ ပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်သွားသူတွေနဲ့ ယာယီလုပ်ငန်းခွင်ရပ်နားထားလို့ အထောက်အပံ့မဲ့နေသူတွေလည်း ရှိလို့နေပါတယ်။ ကိုဗစ်ကြောင့် ပြည်တွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသူဦးရေကတော့ ၂၀၀,၀၀၀ ဝန်းကျင်အထိရှိနေတာပါ။

ကိုဗစ်ကြောင့်အလုပ်လက်မဲ့ ဖြစ်သွားသူတွေထဲက အထည်ချုပ်အလုပ်သမားတွေအတွက် ဥရောပသမဂ္ဂကနေ မြန်မာကျပ်ငွေ ၈ ဘီလီယံ နီးပါးညီမျှတဲ့ ယူရိုငွေ ၅,၀၀၀,၀၀၀ လျာထား ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အစိုးရဘက်ပိုင်းမှာတော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေကို ထောက်ပံ့ပေးနေတာမျိုး မရှိဘဲ အခုထုတ်ပေးနေတဲ့ လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်းဟာလည်း ကန့်သတ်ချက်တွေရှိနေတယ်လို့ စက်မှုလက်မှု အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဦးသက်နှင်းအောင်က ပြောပါတယ်။

“အလုပ်သမားတွေသည် ဒီကာလအတွင်းမှာ အလုပ်သစ်ရှာဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ကာလ ဖြစ်တယ်ပေါ့နော်။ အဲဒီလိုကာလအတွင်းမှာ အစိုးရကနေထောက်ပံ့တဲ့ ထောက်ပံ့ကြေးဟာလည်း တကယ်တော့အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေအတွက် ထောက်ပံ့တာမရှိဘဲနဲ့ ဝင်ရောက်စစ်ဆေးခံဖို့အတွက် ဖူလုံရေးထဲကနေပြီးမှ လစာရဲ့ ၄၀ရာခိုင်နှုန်းပေါ့။ အဲတော့ တွက်ကြည့်လိုက်တဲ့အခါမှာလည်း ကျနော်တို့ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ၅၀,၀၀၀ တောင်မပြည့်တဲ့ ငွေကြေးဖြစ်ပါတယ်။ ဒီဟာကလည်း လုံလောက်တယ်လို့ပြောဖို့ နေနေသာသာ အထောက်အပံ့ဖြစ်တယ်လို့ ပြောရမယ့်အနေအထားကိုတောင်မှ မရောက်တာကို ကျနော်တို့က သွားတွေ့ရတယ်ခင်ဗျ။”

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အနေနဲ့ လူမှုဖူလုံရေး အကျုံးဝင်သူတိုင်းကို ထုတ်ပေးနေတယ်လို့ အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အခုလိုပြောပါတယ်။

“ပြည်တွင်းမှာတော့ လူမှုဖူလုံရေးအကျုံးဝင်သူတွေကို အမျိုးအစား နှစ်မျိုးနဲ့ ဆောင်ရွက်ပေးနေတယ်။ လူမှုဖူလုံရေး အကျုံးဝင်ပြီးတော့ အလုပ်ရပ်နားခံရတာတို့၊ အလုပ်ပိတ်တဲ့ကာလမှာ ခံစားခွင့်မရသူတွေကိုကျတော့ လူမှုထောက်ပံ့ရေး လုပ်ခလစာ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့နေတာပေါ့။ တို့တွေလုပ်ပေးနိုင်တာကတော့ လူမှုဖူလုံရေး ဆောင်ရွက်ပေးခဲ့ပြီးပြီ။ အခုလည်းဆောင်ရွက်ဆဲပဲ။ တောင်းနေတာတွေ ပေးနေတုန်းပဲလေနော်။”

အစိုးရကဆောင်ရွက်နေတဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေဟာ ထုတ်ယူနိုင်ဖို့ ကန့်သတ်ချက်တွေရှိနေပြီး အလုပ်လက်မဲ့ဖြစ်သူတိုင်းအတွက် အကျိုးခံစားခွင့် မရှိတာကြောင့် ဒါတွေကိုဖြေရှင်းဆောင်ရွက်ပေးဖို့ အလုပ်သမားရေးကူညီနေသူတွေက ထောက်ပြပြောဆိုနေတာပါ။

တဆက်တည်းမှာပဲ ကိုဗစ်ကာလအတွင်း အလုပ်ရှင်တွေရဲ့ အခက်အခဲကိုနားလည် သဘောပေါက်ပေမယ့် ဒီကာလကိုအကြောင်းပြပြီး စက်ရုံ၊ အလုပ်ရုံတွေ ပိတ်တာကို အစိုးရအနေနဲ့ အလွယ်တကူခွင့် မပြုသင့်ဘဲ သေချာစိစစ်ပေးဖို့ကို တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ကိုဗဈကာလ အလုပျလကျမဲ့ဖွဈသှားသူတှအေတှကျ ဘာတှလေုပျပေးနလေဲ














XS
SM
MD
LG