သုံးရလွယ်ကူစေသည့် Link များ

ထိုင်းကပြန်လာတဲ့ မြန်မာအလုပ်သမားတွေ လူမှုဖူလုံရေးရန်ပုံငွေ ပြန်ရဖို့ အခက်အခဲကြုံနေရ


ထိုင်းကပြန်လာတဲ့ မြန်မာအလုပ်သမားများ
ထိုင်းကပြန်လာတဲ့ မြန်မာအလုပ်သမားများ

(Zawgyi/Unicode)

ထိုင်းကနေပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သူတို့ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေးရန်ပုံငွေ ပြန်ရဖို့အတွက် အခက်အခဲတွေရှိနေတဲ့ သတင်းကို မစုစု တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံတွင်း ကိုဗစ်ရောဂါ ကူးစက်နှုန်းတိုးလာတဲ့ အခြေအနေတွေကြောင့် ဧပြီလပိုင်းလောက်ကစပြီး ပိတ်သိမ်းထားခဲ့တဲ့ အလုပ်ရုံတွေမှာရှိနေတဲ့ မြန်မာလုပ်သားတွေဟာ သူတို့ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေးရန်ပုံငွေကြေးကို စောင့်ဆိုင်းခဲ့ကြတာပါ။

အလုပ်ရှင်တချို့က အခုလ ၁၅ရက်နေ့လောက်မှာ လူမှုဖူလုံရေးကြေး ၆၂ရာခိုင်နှုန်းပြန်ပေးမယ်လို့ ဆိုပေမယ့် ၊ တချို့က အလုပ်လက်မဲ့အခြေအနေနဲ့ နေမရတာကြောင့် ဒီငွေကြေးကိုမထုတ်နိုင်ခဲ့ပဲ မြန်မာပြည် ပြန်လာရသူတွေရှိပါတယ်။

မြန်မာနိုင်ငံကိုရောက်မှ ထည့်ဝင်ခဲ့တဲ့ လူမှုဖူလုံရေးကြေးကို ပြန်ထုတ်မယ်လို့ ရည်ရွယ်ထားပေမယ့် ထုတ်လို့ရ မရဆိုတာကိုတော့ အတိအကျမသိသေးဘူးလို့ ရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်တဲ့ ကိုနေဝင်းမြင့်က VOA ကိုပြောပါတယ်။

“ကျနော်တို့ ကိုယ့်စရိတ် ကိုယ်စားပြီးစောင့်နေရတာ မခံနိုင်တော့ဘူးလေ။ မိသားစုအဆင်မပြေလို့ သူများနိုင်ငံ ထွက်လုပ်ပါတယ်ဆို ကျနော်ကပြန်မှာနေရတော့ မိသားစုမှာလည်း မရှိဘူးလေ။ အားမသန်လို့ မာန်လျှော့ပြီးပြန်လာရပေမယ့်လည်း ထည့်ဝင်ထားတဲ့ အဲဒီလူမှုဖူလုံရေး ရန်ပုံငွေလေးတော့ ပြန်ရချင်တာပေါ့ဗျာ။ ကျနော်တို့ မနေ့ကပြန်လာတဲ့ အယောက် ၄၀မှာ တယောက်မှ လူမှုဖူလုံရေးငွေမရဘဲနဲ့ ဒီရောက်မှထုတ်မယ်ဆိုပြီး ပြန်လာကြတဲ့သူချည်းပဲ။”

ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်အရဆို မေလ ၂၂ရက်ကနေ ဇွန်လ ၂ရက်နေ့အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄,၅၀၀ ကျော်ကို ဘန်ကောက်မြို့ အဝေးပြေးကားဂိတ်ကနေ မဲဆောက်-မြဝတီနယ်စပ်ဂိတ်အထိ ပို့ဆောင်ပေးထားပါတယ်။

လူမှုဖူလုံရေးကြေးကို အလုပ်လက်မဲ့ဖြစ်နေချိန်မှာ အလုပ်ရှင်ရဲ့ထောက်ခံစာနဲ့ ရုံးမှာလျှောက်ထားရပြီး လစာရဲ့ ၆၂ရာခိုင်နှုန်းကို ပြန်ပေးတယ်လို့ ရနောင်းမြို့ အလုပ်သမားသံအရာရှိ ဦးကျော်စိုးဝေက ပြောပါတယ်။

“ပြန်ထုတ်ဖို့ဆိုရင်တော့ ဒီထိုင်းကိုပြန်တက်လာရမယ်။ ပြန်တက်လာတဲ့အချိန်မှာ အလုပ်ရှိနေပြီ ဆိုရင်တော့ ဒီအလုပ်လက်မဲ့အကျိုးခံစားခွင့်က မရတော့ဘူး။ တကယ်လို့သူပြန်တက်လာတဲ့အချိန်ထိ သူ့အလုပ်ရှင်က အလုပ်မပေးနိုင်သေးဘူး၊ အလုပ်လက်မဲ့ဖြစ်နေသေးတယ်ဆိုရင် သူက ဒီခံစားခွင့်ကိုရမယ်။ မြန်မာနိုင်ငံပြန်သွားတဲ့သူတွေကတော့ သူတို့မသွားခင်လျှောက်ထားခဲ့ရင် လျှောက်ထားခဲ့တဲ့ကာလမှာ ရလိမ့်မယ်။ တကယ်လို့ ပြန်သွားတယ်ဆိုရင်တော့ အဲဒီအကျိုးခံစားခွင့်က ဥပဒေနဲ့ အကျုံးမဝင်တော့ဘူးပေါ့။”

အလုပ်သမားတွေအနေနဲ့ ရသင့်ရထိုက်တဲ့ လူမှုဖူလုံရေးကြေးကို ပြန်ရနိုင်ဖို့အတွက် သံရုံးနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သွားဖို့ကို ထိုင်းရောက်မြန်မာ့အရေးကူညီနေသူ ကိုထူးချစ်က အကြံပေးထားပါတယ်။

“သူတို့ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေးရန်ပုံငွေပေါ့။ Social Security ကိုလည်း သက်ဆိုင်ရာနီးစပ်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ တောင်းသင့်တယ်ပေါ့။ တချို့ဟာတွေက ထိုင်းသံရုံးကနေ တဆင့် တောင်းလို့ရနိုင်တဲ့အနေအထားရှိတယ်။ ကျနော်တို့မြင်ရတာက အလုပ်သမားတွေက လူမှုဖူလုံရေးရန်ပုံငွေ မရဘဲနဲ့ ပြန်သွားတယ်။ ဒါကြောင့်မို့လို့ မြန်မာပြည် ပြန်ရောက်ရင်တောင် ထိုင်းသံရုံးမှာ ဆက်သွယ်ပြီးတော့ အဲဒီအခွင့်အရေးတွေကို ဘယ်လိုဆောင်ရွက်သင့်လဲဆိုတာ မေးပြီးတော့ ဒီအလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အကူအညီနဲ့ ဆက်သွယ်သင့်တယ်လို့ ကျနော့်အနေနဲ့အကြံပေးချင်တယ်ဗျ။”

လက်ရှိကာလအထိဆိုရင် ထိုင်းနိုင်ငံမှာရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာသံရုံးနဲ့ ထိုင်းတာဝန်ရှိသူတွေ ပူးပေါင်းပြီး အထူးဘတ်စ်ကားတွေနဲ့ နယ်စပ်ဂိတ်တွေအထိ ပို့ဆောင်ပေးနေပါတယ်။သံရုံးကနေဆောင်ရွက်ပေးတဲ့ အထူးဘတ်စ်ကားအစီအစဉ်နဲ့ နေရပ်ပြန်နိုင်ဖို့ဆိုရင် တဦးကို ၆၆၆ ဘတ်ငွေကျခံရမှာ ဖြစ်ပါတယ်။ နေရပ်ကိုအဆင်ပြေပြေ ပြန်နိုင်ခဲ့ပေမယ့်လည်း ဥပဒေနဲ့အညီရထိုက်တဲ့ လူမှုဖူလုံရေးရန်ပုံငွေ ပြန်မရမှာကို ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ စိုးရိမ်ပူပင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


................

(Unicode)












XS
SM
MD
LG