သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းတွင်း မြို့ကျော်မသွားရကန့်သတ်ချက် ပိုပြီးကြပ်မတ်ဖို့ ညွှန်ကြား


ရန်ကုန်မြို့ရှိ လမ်းတခုရဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၆၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လမ်းတခုရဲ့ မြင်ကွင်း။ (စက်တင်ဘာ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ အများဆုံး ကြုံနေရတာကြောင့် အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းအတွင်း ခရီးသွားလာမှုကို ပိုမိုကြပ်မတ်စစ်ဆေးဖို့ ညွှန်ကြားလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

သေဆုံးသူတွေအပါအဝင် နေ့စဉ်လိုလို ကိုဗစ်ရောဂါ ကူးစက်မှုတွေ ရာနဲ့ချီ ရှိနေတဲ့ အခြေအနေကို လျှော့ချနိုင်အောင် အသွားအလာတွေကို ပိုမိုစိစစ်ဖို့ ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားချက် ထုတ်လိုက်တာပါ။ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားချိန် ရန်ကုန်တိုင်းအတွင်း မြို့နယ်တခုကနေ တခုကို ခွင့်ပြုချက်မပါဘဲ သွားလာတာတွေ မလုပ်အောင် တိုးမြှင့်စစ်ဆေးဖို့ ဒီနေ့ပဲ ညွှန်ကြားစာရောက်လာကြောင်း မင်္ဂလာတောင်ညွန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရာဇာ(ခေါ်) ဦးတင်ဝင်းက ပြောပါတယ်။

“မူလကတော့ ကျနော်တို့ ပထမလုပ်နေတာလေးတွေ ရှိပါတယ်၊ နေ့စဉ် တစ်ကြိမ်ပေါ့။ အခုကတော့ ကျနော်တို့ ထွေအုပ်ကနေ ဒီနေ့မှ ဝင်လာတဲ့စာလေးနဲ့ ကျနော်တို့ အုပ်ချုပ်ရေးမှူးအားလုံးကို အထူးကြပ်မတ်ဖို့အတွက်ကို ကျနော်တို့ကို ညွှန်ကြားလာပါတယ်ခင်ဗျာ။ အဲ့လိုပေါ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ နေ့စဉ် သုံးကြိမ်လုပ်ဖို့ ကျနော်တို့ ထွေအုပ်ကနေ ညွှန်ကြားထားပါတယ်ခင်ဗျ။”

ရန်ကုန်တိုင်းအတွင်း မြို့နယ်တခုကနေ တခုကို သွားလာမှုတွေကိုတော့ ဒေသခံအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒီတပတ်ထဲမှာပဲ စတင်စစ်ဆေးနေတာပါ။ နေ့စဉ် ပုံမှန် ၁ ကြိမ်သာ စစ်ဆေးနေရာက ၃ ကြိမ်အထိ တိုးမြှင့်ဖို့ ညွှန်ကြားထားကြောင်းလည်း မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပေမဲ့ လိုက်နာမှုတွေ အားနည်းတာကြောင့် အခုလို တင်းကြပ်ဖို့ စီစဉ်ရတာလို့လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကလေး (အနောက်ပိုင်း) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ခင်စန်းတင့်က ပြောပါတယ်။

“ဘာကြောင့်လည်းဆိုတော့ လူတွေကလည်း ပြောရမယ်ဆိုလို့ရှိရင် စည်းကမ်းလိုက်နာမှု
အင်အားလေးက နည်းနည်းတယ်ပေါ့နော်၊ ဘာပဲပြောပြော Mask တပ်ဖို့ဘာဖို့ဆိုတာလည်း ဟိုဟာ မေးချိတ်ထားတာတို့ ဘာတို့ အဲ့ဒါတွေကျတော့ သူတို့ကို ရောဂါသယ်ယူတယ်ဆိုတဲ့ ဥစ္စာသိရအောင်ပေါ့နော် အဲ့ဒါလေးတွေ၊ များသောအားဖြင့်က မေးချိတ်တာ ကျမပြောတယ် ဖြုတ်ရင် ဖြုတ်ထားလိုက်၊မေးမချိတ်နဲ့ ပြီးတော့မှ ပြန်တပ် ဟုတ်တယ်မလား အဲ့လိုမျိုးကျတော့ တချို့က နားမလည်ဘူး၊ အဲ့ဒါလေးတော့ ပညာပေးလေးတွေ လုပ်ပေးရတာပေါ့နော်၊ သူတို့ ပြတဲ့အပေါ်မူတည်ပြီးတော့ သူတို့ရဲ့ စာရွက်စာတမ်းပြည့်စုံမှု မူတည်ပြီးတော့ ကျမတို့ကတော့ ပညာပေးလေးတွေပဲ ပြောပြီးတော့ လွှတ်ပေးလိုက်ပါတယ်။”

လူသွားလူလာများတဲ့ နေရာတွေမှာ အဓိက စစ်ဆေးနေပြီး၊ စည်းကမ်းချက်တွေအတိုင်း တိတိကျကျ လိုက်နာမယ်ဆိုရင် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ရလဒ်ကောင်းတွေ တွေ့ရလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က ပြောပါတယ်။

“ကျမကတော့ အခုလို လုပ်ထားတာတော့ အခုအခုထုတ်ထားတဲ့ အမိန့်ပေါ့နော်။ ဘာပဲပြောပြောပေါ့ အခုလို တစ်မြို့နယ်နဲ့ တစ်မြို့နယ် နယ်မြေခြင်းခြားပြီးတော့ သွားလာတဲ့ဟာတွေကို ရပ်တန့်ခြင်းအားဖြင့် ကျမတို့ ရန်ကုန်တိုင်းမှာဖြစ်နေတဲ့ ကိုဗစ်ပေါ့နော်၊ ဒါကိုဗစ်ရောဂါ တဖြည်းဖြည်းနဲ့ လျော့သွားမယ်လို့ ကျမအနေနဲ့ထင်ပါတယ်။”

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက ရန်ကုန်တိုင်း တခုလုံးနီးပါး အိမ်ပြင်မထွက်ဖို့ ပြီးခဲ့တဲ့လထဲမှာပဲ အမိန့်ထုတ်ခဲ့ပေမဲ့ အခြေခံလိုအပ်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေနဲ့ အရေးပေါ် အခြေအနေကြုံရသူတွေကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ ခွင့်ပြုချက်နဲ့ အပြင်ထွက်ခွင့် ပေးထားပါတယ်။ စည်းကမ်းချိုးဖောက်သူတွေကိုတော အာဏာပိုင်တွေ သတိပေးတာတွေ ရှိခဲ့သလို အရေးယူဖို့ သတိပေးတာတွေလည်း ရှိပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့အစောပိုင်းအထိ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃၀၀ ကျော်နဲ့ ရောဂါကူးစက်သူ အရေအတွက်တော့ ၁၃,၀၀၀ ကျော် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG