သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း အရှိန်မြှင့်လုပ်နေ" - ဒေါက်တာခင်ခင်ကြီး


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်ခန်းမမှာ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၇၊ ၂၀၂၁)
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်ခန်းမမှာ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဇန်နဝါရီ ၂၇၊ ၂၀၂၁)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာန၊ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ရောဂါပိုးနမူနာစစ်ဆေးတဲ့ အခြေအနေ၊ ကူးစက်မှုမြင့်တက်နေတဲ့ အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယကနေ ရောဂါ ပျံ့နှံ့မလာအောင် ဘယ်လို ပြင်ဆင်တားဆီးထားသလဲ စတဲ့ မြန်မာနိုင်ငံက ကိုဗစ်ကပ်ရောဂါအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို အတိုင်းအတာတခုအထိ ထိန်းချုပ်ထားနိုင်ပြီး လက်ရှိမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ကြီးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“လက်ရှိမှာတော့ ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းတွေကိုတော့ အရှိန်အဟုတ်မြှင့်ပြီးတော့ လုပ်ဆောင်နေတယ်ပေါ့နော်။ လက်ရှိမှာတော့ ကာကွယ်ဆေး တစ်ကြိမ်ပဲ ထိုးပြီးတဲ့သူဟာဆိုလို့ရှိရင် ၁၇.၇ သိန်းပေါ့ နှစ်ကြိမ်ထိုးပေးတဲ့ သူက ၁၀ သိန်းကျော်ပါပြီ။ လက်ရှိမှာ ကျမတို့ ဒုတိယအကြိမ်ထိုးပေးဖို့လိုတဲ့သူတွေကို ဆက်ထိုးပေးတယ်။ ဒါ့အပြင် တရုတ်ကလှူဒါန်းတဲ့ ကာကွယ်ဆေးကိုလည်း ရှေ့အပတ်ထဲမှာ ထိုးပေးဖို့အတွက် ဆောင်ရွက် နေပါတယ်။ အိန္ဒိယနိုင်ငံက ရောဂါဖြစ်ပွားမှုတွေ များနေတဲ့ အတွက်ကြောင့်မို့လို့ ဆေးတွေကို လောလောဆယ်တော့ ပြင်ပတင်သွင်းတာ ယာယီပိတ်ပင်ထားပါတယ်။ ဒါကလည်း သူတို့နိုင်ငံ ရောဂါကူးစက်မှု အခြေအနေ အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ ပြည်ပကိုပို့ဖို့ သူတို့မှာ အစီအစဉ်ရှိပါတယ်။ ပို့တဲ့အခါမှာလည်း မြန်မာနိုင်ငံ ဦးစားပေးနိုင်ငံတွေ ထဲပါပါတယ်။ ကျမတို့ဝယ်ထားတဲ့ ကာကွယ်ဆေးက နှစ်သန်းပဲ ရသေးတယ်။ ၂၈ သန်းကို သူ့ဟာနဲ့သူ အသုတ်လိုက် အသုတ်လိုက် ရရှိမှာဖြစ်ပါတယ်။ ရရှိမှုပေါ် မူတည်ပြီးတော့ ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ၂၀၂၁ အတွင်းမှာ ဘယ်လောက် ရာခိုင်နှူန်း ထိုးပေးနိုင်မလဲဆို တာကတော့ ပြောလို့မရပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ တချို့ဟာတွေက ကိုယ်ရဲ့ စွမ်းဆောင်နိုင်ရည်ထဲမှာမရှိဘူး။ WHO ကလည်း ကာကွယ်ဆေးတွေ ထပ်ဖြန့်ဖို့ရှိတယ်။ ကျမတို့ဝယ်ထားတာလည်း ရမယ်ဆိုရင် ရရင် ရသလောက်ပေါ့ ။ရတဲ့အပေါ် မူတည်ပြီးတော့ အမြန်ဆုံးထိုးပေးမှာဖြစ်ပါတယ်။”

လက်ရှိမှာ ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေကို ဦးစားပေးထိုးပေးနေသလဲဆိုတာတော့ သူက မပြောပေမဲ့ ပြည်သူအားလုံးကို ဆေးရတဲ့အပေါ် မူတည်ပြီး အသုတ်လိုက် ထိုးပေးသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ တော်တော်များများ ရုံးမတက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ကိုဗစ်ရှိ၊ မရှိ စစ်ဆေးပေးတဲ့ ဆေးသုတေသနဦးစီးဌာနနဲ့ ဆေးရုံတွေကလည်း ပါဝင်ကြပါတယ်။

အခုဆို ကိုဗစ်ဓါတ်ခွဲနမူနာ စစ်ဆေးတဲ့ပမာဏ သိသိသာသာ လျော့နည်းသွားခဲ့တာမှာ အာဏာမသိမ်းခင်က တနေ့ကို သောင်းဂဏန်းရှိခဲ့တာကနေ အခုဆို နေ့စဉ် စစ်ဆေးတဲ့ ဓါတ်ခွဲနမူနာက ထောင်ဂဏန်းပဲရှိပါတော့တယ်။ ဒေါ်ခင်ခင်ကြီးကတော့ ကိုဗစ်စစ်ဆေးတဲ့ပုံစံကို ပြောင်းလိုက်တာကြောင့်လို့ ပြောပါတယ်။

“လက်ရှိမှာ ကျမတို့က test က ၂,၀၀၀ ကျော်ပဲ လုပ်နိုင်တယ်ဆိုတာက အရင်တုန်းက တစ်သောင်းကျော်လုပ်နိုင်တယ်။ အခု ၂,၀၀၀ ကျော်ပဲ လုပ်နိုင်တာက ကျမတို့ရဲ့ testing ပေါ်လစီက ပြောင်းသွားလို့ ဖြစ်ပါတယ်။ အခုလက်ရှိမှာ ကားတွေ ကုန်ကားတွေ ကားသမားတွေ စပယ်ယာတွေ ဒါမျိုးတွေ စစ်ဆေးတာတွေမရှိတော့ဘူး။ ပြီးတော့ ပြည်တွင်း လေယာဉ်နဲ့ ခရီးသွားတွေကို စစ်တာမရှိတော့ဘူး။ စစ်တဲ့နည်းစနစ်ပြောင်းလိုက်တာကြောင့် test လုပ်တဲ့ပမာဏက နည်းတယ်လို့ ပြောလို့ရပါတယ်။ နဂိုကတည်းကလည်း အာတီကေနဲ့ စစ်တယ်။ ခရီးသွားတွေကို စစ်တယ်ဆိုတာကလည်း ကုန်သွယ်ကူးသန်းသွားလာရေး အဆင်ပြေအောင်ဆိုပြီးတော့ စစ်တာဖြစ်တယ်။ ပြီးတော့ ကိုယ့်နိုင်ငံရဲ့ လက်ရှိအနေအထားအရတော့ ရောဂါပိုးကူးစက်မှုဟာ ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမယ့် ကျမတို့ တိုးစစ်ဖို့တော့ ရှိပါတယ်။ စစ်တဲ့သူတွေမှာတော့ သံသယလက္ခဏာရှိတဲ့သူတွေ နောက်တခုကတော့ ပိုးတွေ့သူနဲ့ဆက်စပ်သူတွေ အဲတာတွေကို စစ်တာများပါတယ်။ လက်ရှိတွေ့ရှိတဲ့ ရာခိုင်နှူန်းကတော့ ၁ နဲ့ ၂% လောက်ပဲ ရှိပါတယ်။ test တွေဆိုလို့ရှိရင်လည်း NHL တွေလည်း ပြီးခဲ့တဲ့အပတ်ကစပြီး လုပ်နေပါပြီ လုပ်တဲ့ နှုန်းကတော့ ၃၀၀ ကျော် ၄၀၀ ဝန်းကျင်လောက် လုပ်နိုင်ပါတယ်။ test လုပ်တာလည်း မနေ့ကဆိုရင် ၂,၀၀၀ ကျော်ရှိတာ တွေ့ရမှာပါ။ ဖြည်းဖြည်းချင်းတော့ တိုးပြီးတော့ လုပ်နေပါတယ်။”

ပြောသွားတဲ့ထဲက NHL ကတော့ အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနောက်ဘက်ခြမ်းနဲ့ ထိဆက်နေတဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှုန်းဟာ စိုးရိမ်စရာကောင်းလောက်အောင်ဖြစ်နေသလို အရှေ့တောင်ဘက်နဲ့ ထိဆက်နေတဲ့ ထိုင်းနိုင်ငံမှာလည်း နေ့စဉ်ကိုဗစ်အတည်ပြုလူနာ ထောင်ဂဏန်းရှိနေပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဘက်ကနေ ပျံ့ပွားကူးစက်မှု ရောက်မလာအောင် ဘာတွေ ပြင်ဆင်ထားသလဲဆိုတာနဲ့ ပတ်သက်လို့လည်း ဒေါ်ခင်ခင်ကြီးက ခုလိုပြောပါတယ်။

“လက်ရှိအချိန်မှာတော့ real flight နဲ့ ဝင်ရောက်မှုကတော့ တစ်နေ့ကို ၂၀၀ ဝန်းကျင် ၂၀၀ ကျော် လောက်ရှိပါတယ်။ အဲဒီမှာ ပိုးတွေ့ရှိမှုကတော့ ၁% အောက်ပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ အိန္ဒိယက မပိတ်ခင်ကတော့ အိန္ဒိယလေယာဉ်နဲ့လာတဲ့သူ လေယာဉ်ပေါ်မှာ ၈၂ ယောက်မှာတော့ ၁၅ ယောက် positive တွေ့တဲ့အတွက် ၆% လောက် အဲတုန်းက positive တွေ့ပါတယ်။ နောက်ပိုင်းတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ့်တွေက အဝင်တွေကို ပိတ်လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း အဲဒီနိုင်ငံတွေကို သွားခဲ့တဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်လိုက်တော့ သိပ်ထူးထူးဆန်းဆန်း အများကြီးတော့ တွေ့ရတာမျိုးတော့ မရှိပါဘူး။ ထိုင်းကလာတဲ့သူတွေကလည်း လေယာဉ်နဲ့ လာတဲ့သူတွေကလည်း လေယာဉ်နဲ့လာတဲ့ အစီအစဉ်အတိုင်းပါပဲနော်။ မြေပြင်ကလာတဲ့သူတွေကလည်း အခုမြဝတီဘက်ကဝင်နေတယ်။ အရင်တုန်းကဆိုရင် တစ်နေ့ကို ၅၀၀ ကျော် ၆၀၀ ဝင်တယ်။ အခုနောက်ပိုင်း တနေ့ကို ၂၀၀ ပဲ ကန့်သတ်ပြီးတော့ လက်ခံတယ်။ စနစ်တကျလက်ခံပြီးတော့ test စစ်တယ်။ စစ်ပြီးတော့ တကယ်လို့သာ negative ဆိုလို့ရှိရင်တော့ သူတို့နေထိုင်တဲ့ ပြည်နယ်တိုင်းတွေကို သူတို့နေရာ အထူးသဖြင့် ပဲခူးတို့ မွန်တို့ ကရင်ပြည်နယ်များတယ်။ သူတို့ကို အုပ်ချုပ်ရေးလိုင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကားတွေနဲ့ ပို့ဆောင်တာရှိတယ်။ တကယ်လို့သာ positive ဖြစ်တယ် ရောဂါက သိပ်မဆိုးဘူးဆိုလို့ရှိရင် သူတို့ကို သေချာကုသမှုပေးတဲ့ နေရာရှိပါတယ်။ အဲဒီမှာထားတယ်။ တကယ်လို့ သိပ်ရောဂါပြင်းထန်တယ် ဆိုလို့ရှိရင်တော့ မြဝတီဆေးရုံ လိုအပ်ရင် ဘားအံဆေးရုံပေါ့နော်။ လိုအပ်ရင် ဝေဘာဂီအထိပို့မယ်ဆိုပြီးတော့ ဒါမျိုး အစီအစဉ်ရှိပါတယ်။ လက်ရှိအနေအထားအရ အဲလို ပို့ရတဲ့သူမရှိပါဘူး။ရောဂါပြင်းထန်တဲ့သူ တယောက်မှ မရှိပါဘူး။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေလ ၁၃ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ တနိုင်ငံလုံး ဓါတ်ခွဲနမူနာ၂,၀၁၉ ကို စစ်ဆေးတဲ့ထဲက ကိုဗစ်အတည်ပြုလူနာ အယောက် ၃၀ ရှိပါတယ်။ မြန်မာနိုင်ငံမှာ စုစုပေါင်း အတည်ပြုလူနာက ၁၄၃,၀၀၄ ယောက်ရှိပြီး သေဆုံးသူ ၃,၂၁၂ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနစာရင်းမှာ ဖော်ပြထားပါတယ်။

..............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}












XS
SM
MD
LG