သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ရေး ကိုယ်တိုင်လိုက်နာလုပ်ဆောင်ဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်း


ရန်ကုန်မြို့ရှိ လမ်းဘေးဈေးဆိုင်တခုတွင် နှာခေါင်းစည်းရောင်းနေသူတဦး။ (စက်တင်ဘာ ၁၀၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လမ်းဘေးဈေးဆိုင်တခုတွင် နှာခေါင်းစည်းရောင်းနေသူတဦး။ (စက်တင်ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံတဝန်း ကိုဗစ်ကူးစက်မှုတွေ နေ့တိုင်းနဲ့အမျှပြင်းထန်လာနေပြီဖြစ်လို့ မိမိတို့်မှာလည်း ပိုးမဝင်အောင် ကိုယ်တိုင်တားဆီးရမယ်လို့ ဆရာဝန်တွေက တိုက်တွန်းလိုက်တဲ့အကြောင်း ပြောပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ် ဆင့်ပွားကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။ ကိုဗစ်ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၁၀ ယောက်မှာ ၈ ယောက်အထိ ကူးစက်မှုနှုန်း မြင့်တက်နေတယ်လို့ ရန်ကုန် community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ ဒါကြောင့် အများပြည်သူအနေနဲ့ အပြင်မထွက်ခင် မိမိကိုယ်ကို ရောဂါပိုးမကူးစက်စေဖို့ နှာခေါင်းကို သေချာအုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ကိုဗစ်တွေက အရမ်းကူးစက်မှုတွေ မြင့်တက်နေပြီး တော်တော်များများ စစ်လိုက်ရင် ၁၀ ယောက်မှာ ၈ ယောက်က positive တွေ ထွက်လာပြီ။ တစ်ရက်၊ တစ်ရက်ကို positive rate က ဒီနေ့ဆို မနက်က ၁၂၀ ဖြစ်လာပေါ့နော်။ ကူးစက်မှုက အရမ်းကြီးပြင်းထန်လာပြီးပေါ့နော်။ အထူးသတိပြုရမယ် ဒီအချိန်မှာ။ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး အိမ်မှာပဲ နေပါ၊ ပြီးတော့ အပြင်သွားရင် မဖြစ်မနေမှ အပြင်သွားပါ။”

လက်ရှိချိန် တနိုင်ငံလုံး အတိုင်းအတာအရ ဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုမိုဆိုးလာနေပြီး ရပ်ကွက် ကျေးရွာတွေမှာလည်း ရောဂါပိုး ဒီ့ထက် မပျံ့နှံ့အောင် ဝိုင်းဝန်ကူညီဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ကိုဗစ်ကူးစက်ခံရသူ ပိုများလာနေပြီး ခရီးသွား ရာဇဝင်လည်းမရှိ၊ ကိုဗစ်ကူးစက်ထားတဲ့ လူနာနဲ့လည်း ထိတွေ့ခဲ့ဲခြင်း မရှိတဲ့ ကူးစက်မှုအသစ်တွေ တိုးလာနေတာပါ။ ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ၂၁ မြို့နယ်ကို နေအိမ်မှာပဲနေကြဖို့ဆိုတဲ့ Stay at Home အမိန့်ကို ကျန်းမာရေးနဲ့ အားကစားရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပြီး ဒီနေ့မနက်ပိုင်းမှာ စတင်သက်ရောက်ပါတယ်။

ရောဂါပိုး ပါ၊ မပါ မသိနိုင်တာကြောင့် တပ်ဆင်ပြီးသား Mask ကို စနစ်တကျဖြုတ်ဖို့ လိုအပ်တယ်လို့ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က တိုက်တွန်းထားပါတယ်။

“တချို့ဆို Mask ကို ဖြုတ်လိုက်ပြီးတော့ ခေါက်လိုက်ပြီးတော့ သိမ်းတယ်၊ အိတ်ထဲထည့်တယ်၊ ပြီးရင် ပြန်ထုတ်ပြီးတပ်တယ်ဆိုရင် အဲ့မှာကတည်းက ကိုယ့်ပိုက်ဆံအိတ်ထဲကို အကယ်လို့များ Mask ရဲ့အပြင်မှာ ပိုးရှိနေရင် ပိုက်ဆံအိတ်ထဲရောက်သွားမှာလေး ပြီးရင် ပြန်ထုတ်လိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ နှာခေါင်းဘက်ကို ရောက်တဲ့အခြမ်းမှာ ဗိုင်းရပ်စ်ပိုးကပ်ပြီးဆိုရင် အဲ့ဒီ Mask ကို မျက်နှာအနားကပ်လိုက်တာနဲ့ ကိုယ်က ရှုမိပြီးသားပဲနော်။ အဲ့တော့ ပိုးဝင်တဲ့အချိန်က ကိုယ့်ရဲ့ နှာခေါင်း၊ ပါးစပ် အကာအကွယ်လွတ်တဲ့ အချိန်မှာ သူက ဝင်မှာ၊ အဲ့ဒါကို ကိုယ်က အာရုံဂရုစိုက်ပြီးတော့ ရှောင်ရှားနိုင်ရင် ဆရာအနေနဲ့ ဒီပိုးကြောင့် ပျံ့နှံ့မှုကို ကာကွယ်နိုင်မယ်လို့ ထင်တယ်။”

လက်ရှိ ရောဂါပိုးကူးစက်မှုနှုန်း တန့်သွားဖို့ဆိုရင် လူထုရဲ့ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်မှု အဓိက အရေးကြီးတယ်လို့ တာဝန်ရှိသူတွေကရော ကျန်းမာရေးပညာရှင်တွေကပါ တိုက်တွန်း နှိုးဆော်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG